Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်အတွင်း၌ ဝက်နားရွက် ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဇီဝလုံခြုံရေး တိုးမြှင့်ကြရန် ဝက်မွေးမြူရေးခြံများကို ညွှန်ကြားထားကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သန်းဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ဝက်မွေးမြူးရေးသမားများသည် တစ်နိုင်တစ်ပိုင်သာ မွေးမြူကြသည့်အတွက် ကာကွယ်မှု အပိုင်း၌ အားနည်းချက်ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

 “မွန်ပြည်နယ်မှာက မွေးမြူရေးကိုဇုန်နဲ့ မွေးတာမဟုတ်ဘူးလေ၊ တစ်နိုင်တစ်ပိုင်ပဲ မွေးတာဆိုတော့ အတန်အသင့်လောက်ပဲ လိုက်နာကြတယ်၊ ဝက်တစ်ကောင်လောက် သေပြီဆိုမှ အသည်းအသန် ကာကွယ်ကြတာပေါ့”ဟု ဒေါက်တာ အောင်မြင့်သန်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်၌ ရောဂါဖြစ်ပွားမှုမရှိသေးသော်လည်း ကူးစက်ခြင်း၊ သေဆုံးခြင်းများဖြစ်လာပါက ချက်ချင်းအကြောင်းကြားရန် သတိပေးထားပြီး ဇီဝလုံခြုံရေးအတွက် ခြံအတွင်း စနစ်တကျ ပိုးသတ် ဆေးဖြန်းခြင်းနှင့် သန့်ရှင်းမှုရှိစေရန် နေ့စဉ်ပြုလုပ်သင့်ကြောင်း ဆက်လက်ပြောသည်။

ဝက်နားရွက်ပြာရောဂါသည် အသက်ရှုလမ်းကြောင်းနှင့် မျိုးပွားလမ်းကြောင်းပေါ်တွင် တွေ့ရတတ်သော ဗိုင်းရပ်တစ်မျိုးဖြစ်ပြီး ကူးစက်ခံရပါက နားရွက်ပြာလာခြင်း၊ ဝမ်းဗိုက်တွင် အနီစက်များပေါ်လာခြင်း၊ အသက်ရှုကြပ်လာခြင်းနှင့် သားလျှောခြင်းများ ဖြစ်ပွားတတ်ကြောင်း ၎င်းက ပြောသည်။

မွေးမြူရေးသမားများအနေဖြင့် မိမိခြံအတွင််း ကူးစက်ခံရပြီဟု သံသယရှိလာပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြား၍ သွေးစစ်ခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြု ပြောကြားသည်။

မွေးမြူရေးသမားများ သိသင့်သည့် ဗဟုသုတများနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောပြ ပေးကြောင်း မွန်ပြည်နယ်၊ မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးညိုမင်းက ပြောကြားသည်။

“ခြံတွေကို လိုက်လံစစ်ဆေးတဲ့အခါမှာ သူတို့ကို ရောဂါကူးစက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေ၊ ဗဟုသုတွေကို ပြောပြပေးတယ်၊ တစ်ချို့မွေးမြူရေးသမားတွေက ဗဟုသုတနည်းတယ်”ဟု ၎င်းက ပြောသည်။

ဝက်နားရွက်ပြာရောဂါသည် ၂ဝ၁၂ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ အများဆုံး ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးပျက်စီးမှု နှင့် သေဆုံးမှုလည်း များပြားခဲ့ကြောင်း မွန်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply