ပြည်သူလူထုက အားကိုးရှာနေသည်။

ဒေသတွင်း ပဋိပက္ခများ၊ ပြဿနာများ ဖြစ်ပွားလာပါက ပြည်သူလူထုသည် တိုင်း နှင့် ပြည်နယ်ဝန်ကြီး ချုပ်များ နှင့် အစိုးရအဖွဲ့ဝင်များကို အားကိုးရမည်လော။ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သြဇာသက်ရောက်သော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲဌာနများအပါအဝင် သက်ဆိုင်ရာ ဌာန ဆိုင်ရာများကို အားကိုးရမည်လော။ ပြည်သူတို့၏ စိတ်ဆန္ဒထဲတွင် ဝေခွဲမရသည့် မေးခွန်းများရှိသည်။

999-copy

ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနအုပ်ချုပ်မှုအောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(သတင်းရဲတပ်ဖွဲ့ နှင့် ရဲလုံခြုံရေးကွပ်ကဲမှုအဖွဲ့ များမပါ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးဌာနများ အောက်သို့ သင့်တော်သလို ထည့်သွင်းဖွဲ့စည်း၍ တာဝန်ပေးဆောင်ရွက်ရန် ဖြစ်ကြောင်း စက်တင်ဘာ ၂၂ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရများသို့ အကြောင်းကြားခဲ့ကြောင်း သတင်းမီဒီ ယာများကဖော်ပြခဲ့သည်။

            ယင်းကား အစိုးရ၏ အုပ်ချုပ်ရေးယန္တရားတွင် အောက်ခြေ လူထုနှင့် တိုက်ရိုက်ထိ တွေ့ဆက်ဆံရ သည့် ဌာန အဖွဲ့အစည်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တိုက်ရိုက် ကိုင်တွယ်ခွင့်ရရှိ လိုက်ခြင်းဖြစ်သည်။ 

ယင်းကြောင့် ဗဟိုအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပိုမို သွက်လက်လာမည်လည်းဖြစ်သောကြောင့် ပညာရှင်အသိုင်းအဝိုင်းက ကြိုဆိုကြသည်။ အစိုးရကို အားပေးထောက်ခံသူများက လက်ခုပ်သြဘာပေးကြသည်။

             သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်မှာ ကြာရှည်မခံ မူလ ညွှန်ကြားချက်ကို ပြင်ဆင်လိုက်သည်။ 

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာန ငါးခုကို ဝန်ကြီးချုပ်များက သင့်တော်သလို ထည့်သွင်းဖွဲ့စည်း၍ တာဝန်ပေးဆောင်ရန်ဟူသော စာသားကိုပယ် ဖျက်၍ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ နှင့် ၂၆၀ အရလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဥပဒေပုဒ်မ ၃၀ အရလည်းကောင်း ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိုနှိုင်း ပေးခြင်းပြုနိုင်သည်ဟု ပြင်ဆင်လိုက်ကြောင်း သတင်းမီဒီယာများကထပ်မံ ဖော်ပြကြသည်။

      ယင်းသို့ ဒုတိယအကြိမ် ပြင်ဆင်လိုက်သည့် ညွှန်ကြားစာအရ ဌာနငါးခုကို ဝန်ကြီးချုပ်က ကိုင်တွယ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသာ ဆောင်ရွက်ခွင့်ပြုမည့်သဘောဖြစ်သည်။
       မူလ က ရရှိထားသော ဝန်ကြီးချုပ်များ၏ အခွင့်အရေးကို ဥပဒေနှင့် ပြန်လည် ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ အပြောင်းအလဲမြန်သော ဗျူရိုကရေစီ(အုပ်ချုပ်ရေး) ယန္တရားများကြောင့် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ အတွက် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံလိုက်ရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးတင်မောင်ဦးကမူ “ခုစာကလေးကြော် ခုဆီထမင်းလုပ်တာကတော့ အားလုံးရဲ့အမြင်မှာမကောင်းတာတော့အမှန်ပဲ။ သို့သော်လည်း မပေးခင်ကတည်းက ဒါတွေကိုထည့်စဉ်းစားသင့်တဲ့အရာတွေလို့မြင်တယ်။ ပြည်ထဲရေးအပေါ်မှာ အမြင်မှားစရာတွေဖြစ်လာတယ်လို့မြင်တယ်လေ” ဟု မှတ်ချက်ပြုသည်။

အဆိုပါစာသားအားပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မီဒီယာများကိုဖြေကြား ထားသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၅၆)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည်-(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ နှင့် ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်၊ (ခ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေ နှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

       ထို့ပြင်အခြေခံဥပဒေပုဒ်မ(၂၆၀)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည်ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းပြဋ္ဌာန်းချက်များကြောင့် ဝန်ကြီးချုပ်များအနေဖြင့် ထွေ/အုပ်များ၊ အကျဉ်းဦးစီးဌာနများ၊ မီးသတ် တပ်ဖွဲ့များအပေါ် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် မရှိဟုသက်ရောက်ကြောင်း ဆိုလာသူမှာ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေက အရပ်သားအစိုးရကို အမိန့်ပေးလို့မရအောင် တစ်ပတ်ရိုက်ထားတဲ့သဘောပဲ” ဟု ၎င်းကဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံ၏ပြဋ္ဌာန်းထားမှုကြောင့် တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူတို့၏ အသက်အိုး အိမ်စည်းစိမ်လုံခြုံရေးဆောင်ရွက်ရသည့် ဌာနဆိုင်ရာများသည် သက်ဆိုင်ရာတိုင်း နှင့် ပြည်နယ် ဝန်ကြီးချုပ်များ ၏ အုပ်ချုပ်မှုလက်အောက်တွင်မရှိ။ တိုက်ရိုက်အုပ်ချုပ်ခွင့်လည်းမရ။ ထို့ကြောင့် ဒေသတွင်း ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ချက်ချင်းထိန်းချုပ်ရာတွင် အခက်အခဲအချို့ရှိနေဆဲဖြစ်သည်။

အငြိမ်းစား သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်၊ မိတ္ထီလာ၊ မန္တလေးတို့တွင် လူ့အဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ့အသက်များ၊ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။ သို့သော် ပြဿနာရပ်တိုင်းတွင် ပိုမိုကျယ်ပြန့်မလာစေရန် အချိန်မီ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။
ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရသည်မှာ သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများပင်ဖြစ်သည်။ အဆင့်ဆင့်သော ညွှန်ကြားချက်များကို စောင့်ဆိုင်းရသည်က ပြဿနာကို ဖြေရှင်းရန် အချိန်ကြန့်ကြာခြင်း ရင်းမြစ်ဖြစ်သည်။

“မိတ္ထီလာပဋိပက္ခဖြစ်ပြီး နောက်နေ့မှာ ကျွန်တော်တို့သတင်းယူဖို့ရောက်သွားတယ်။ လမ်းမပေါ်မှာတွေ့တဲ့သူတိုင်းက တုတ်တွေ ဓားတွေကိုင်ထားကြတယ်။ ရဲတစ်ယောက်မှမတွေ့ရဘူး။ ပြီးတော့ ကျွန်တော်တို့ကို တုတ် ဓား ကိုင်ထားတဲ့ တချို့ကပြဿနာရှာတယ်။ ကင်မရာတွေတောင်းတယ်။ နောက်ဆုံးဘုန်းကြီးတစ်ပါးကသွားတော့ပြောတော့မှ ကျွန်တော်တို့ကားမောင်းထွက်လာနိုင်ခဲ့တယ်။ နောက်တော့ ကျွန်တော်တို့သမ္မတရုံးနဲ့ နယ်လုံဝန်ကြီးတို့ကို အကြောင်းကြားတာ လေးဆယ့်ငါးမိနစ်လောက်ကြာမှ ရဲတွေရောက်လာတယ်” ဟု မိတ္ထီလာပဋိပက္ခ ဖြစ်စဉ် အတွင်း သွားရောက်သတင်းရယူခဲ့သည့် သတင်းသမားတစ်ဦးကပြောသည်။

သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းများသည် ပြဿနာဖြစ်ပွားလာပါက ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

အထက်အမိန့်မလာသဖြင့်လည်းအချို့သောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည်။

“ကိုယ့်တပ်ဖွဲ့ဝင်တွေ ကိုယ့်ရဲဘော်တွေ ရင်းနှီးရမယ် ဆုံးရှုံးရမယ်ဆိုရင် အဲ့ဒီအချိန်မှာအပေါ် အမိန့်ခံနေရင်သေပြီပေါ့။ ” ဟု ရဲအရာရှိတစ်ဦးကလည်းဆိုသည်။
 လက်ရှိအရပ်သားအစိုးရစစ်စစ်သည် နှစ်ပေါင်းများစွာ စစ်အစိုးရကို တွန်းလှန်ခဲ့သူများလည်းဖြစ်ကြသည်။ တပ်မတော် နှင့် လက်ရှိအစိုးရတို့ နိ်ုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟုပြောဆိုထားသော်လည်း အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်း ရရှိလာစေရန် အတွက် မြေစမ်းခရမ်းပျိုးနေရသည့် အချိန်။

ထို့ပြင် ယခင်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ၊ပြဿနာများအနက်အချို့မှာမပြီးပြတ်သေးသည့် အတွက် ယခုအစိုးရလက်ထက် ဆက်လက်ကိုင်တွယ်ရာတွင် ပြည်သူလူထုအထင်အမြင်လွဲမှားနိုင်သည့်ကိစ္စရပ်များလည်းရှိသေးသည်။

ဥပမာဆိုပါက စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သော်လည်း လက်ရှိသမ္မတဦးထင်ကျော်လက်ထက်တွင် တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။ ယင်းတရားစွဲဆိုမှုများသည် ပြည်ထဲရေးဝန်ကြီးဌာန နှင့် တိုက်ရိုက်ဆက်နွှယ်ပြီးဝန်ကြီးချုပ်မှ အဆိုပါအမှုများကို ကိုင်တွယ်ခွင့်မရှိ။ 

ထို့အပြင် အကြောင်းအရင်းက သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်မှုများအရ ပြည်ထဲရေးဝန်ကြီးဌာနကို ကျော်လွန်လုပ်ဆောင်နိုင်ခွင့်မရှိ။ ယင်းကြောင့် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ချမ်းအေးချမ်းရေးတွင် ဝန်ကြီးချုပ်များက အာဏာ မတည်။ ပြည်ထဲရေးဝန်ကြီးဌာနသာ အာဏာတည်၏။
မည်သို့ပင်ဆိုစေကာမူ ဒေသတွင်း မတည်ငြိမ်မှုများ၊ ပဋိပက္ခများ အတွက် အားကိုးရာရှာနေသည့် ပြည်သူလူထု အတွက်မှု တိကျသည့် အဖြေက ထွက်မလာသေးပေ။

“တစ်ဖက်ကလည်းဒီကိစ္စက နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်နိုင်တယ်။ ဒါပေမယ့် အရပ်သား အစိုးရလက်အောက်ကို ရောက်လာနိုင်ရင် တရားဥပဒေစိုးမိုးရေးက ပိုရှိလာနိုင်တယ်လို့ထင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကထောက်ပြပြောဆိုသည်။
သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနငါးခုကို တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့ ကိုင်တွယ်ခွင့်ရရေးမှာ လက်ရှိ အစိုးရသစ်၏ ရွေးကောက်ပွဲကာလ ကြွေးကြော်သံ ဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးပင်ဖြစ်သည်။

     ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီကမူ ပြည်ထဲရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး  “ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်လို့စိတ်ပိုင်းဖြတ်ထားပြီဆိုရင် အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့်တွေကိုတော့ လေးစားရလိမ့်မယ်” ဟု ဆိုလေသည်။

Leave a Reply