Advertisements

မော်လမြိုင်၊ မေ

မွန်ပြည်နယ်အတွင်း တရား ဥပဒေ စိုးမိုးရေး ရရှိစေရေးအတွက် ပြည်သူ့ အကျိုးပြုကျောင်းသားများပါတီမှ ဦးဆောင်သည့် ဆန္ဒပြပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ နှုတ်ထွက်ပေးရေး ကြွေကြော်သံ ခွင့်မပြုကြောင်း အဆိုပါ ပါတီ၏ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးထွန်းအေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ဆန္ဒပြပွဲ ခွင့်ပြုမိန့် မထုတ်ပေးမီ ကြွေကြော်သံ ၂၃ ချက် အနက် နှစ် ချက်ကို မြို့နယ် ထွေအုပ်က ခွင့်မပြုကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှ အကြောင်းကြားလာသည်ဟု ၎င်းက ပြောသည်။

“ဝန်ကြီးချုပ်ကို ထိခိုက်မယ့် အချက်နှစ်ချက်ကို ပယ်ပေးဖို့အတွက် အကြောင်းပြန်ကြားလာတယ် မပယ်ပေးရင်ရင် တရားပြန်စွဲမယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့က လိုက်လျောပေးလိုက်တယ်”ဟု ဦးထွန်းအေးက ဆိုသည်။

ယခုလို တောင်းဆိုချက် နှစ် ချက် ခွင့်မပြုမှုကို များစွာ စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ဝန်ကြီးချုပ်အား ထိခိုက်မည့် မည်သည့် ကိစ္စမဆို ပယ်ခိုင်းသည့် သဘောဖြစ်သည်ဟု ၎င်းက ပြောသည်။

ခွင့်မပြုသည့် ကြွေကြော်သံ အချက် နှစ် ချက်တွင် နိုင်ငံတော် သံဃာ့မဟာနာယက ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် မွန်ပြည်နယ် ဝန်ကြီးချုပ်(အမြန်ဆုံးထွက်ပေးရေး) နှင့် မတရားမှုနောက်ကွယ် ပတ်သက်သော ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဟူသော အချက်ပင် ဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲကို မေ ၁၄ ရက်တွင် ကျိုက်ထို ၌ လည်ကောင်း၊ မေ ၁၅ ရက်တွင် မော်လမြိုင်တွင် လည်ကောင်း၊ မေ ၁၆ ရက်တွင် ရေးမြို့၌ လည်ကောင်း နစ်နာသူ ၃၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကို ဟင်္သာမီဒီယာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် မြို့နယ် ရဲတပ်ဖွဲ့ထံ ပြန်မေးရန် ပြောဆိုခဲ့သည်။

ထို့ကြောင့် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေးထံ ဆက်သွယ် မေးမြန်းရာတွင် တချို့ကိစ္စရပ်များသည် အမှုရင်ဆိုင်ပြီးသည့် ကိစ္စများဖြစ်ခြင်းကြောင့် ဦးဆောင်သူ ဦးထွန်းအေးနှင့် ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ အသတ်ခံရခြင်း၊ လူကုန်ကူးခံရခြင်းများကို ကြပ်မတ်ဆောင်ရွက်ပေးရေး၊ ကျိုက်မရောမြို့နယ် တရားသူကြီး ဦးသိန်းထွန်း၏ မမှန်မကန် ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိ၍ ဆန္ဒဖော်ထုတ်ခြင်း ၊ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မတရားသည့် အမှုများကို သက်ဆိုင်ရာမှဖြေရှင်းပေးရန်၊ ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာရှိ မြေယာမတရားသိမ်းဆည်းမှုများကို သက်ဆိုင်ရာမှ မလျော်မကန်ပြုလုပ်ထားခြင်းများကို ဖြေရှင်းပေးရေး၊ ပြည်နယ် သာသနာရေးမှူးကို နှုတ်ထွက်ပေးရေး စသည့် အကြောင်းအရာများဖြင့် နစ်နာသူများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“အန်တီတို့ကတော့ ဖြစ်နေတဲ့ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်အောင် ပြည်နယ်အစိုးရကို တိုက်တွန်းစေချင်တဲ့အတွက် အခုလို ပါဝင်ရတာဖြစ်တယ်”ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် ရေမြို့နယ် ဒေါ်ငွေစိန် ပြောဆိုသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply