ချောင်းဆုံမြို့နယ်စည်ပင်သာယာရေး လက်အောက်ရှိကူးတို့လှေဆိပ်များမှ ဝန်ထမ်းများသွားလာရာတွင်အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးတို့အတွက် ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကူးတို့လှေစီးနင်းခလျော့ယူမည့်ကတ်များထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။

boat

“နှစ်စဉ်ကူးတို့ဆိပ်တွေကို မြို့နယ်စည်ပင်သာယာရေးဌာနကလိုင်စင်ချပေးပါတယ်၊ ကူတို့လှေစီးရင် ဝန်ထမ်းတစ်ဦးကို ကူးတို့လှေစီးခတစ်ရာကျပ်နှုန်း အရပ်သားတစ်ဦးကိုသုံးရာကျပ်နှုန်း သတ်မှတ်ဈေးနှုန်းတွေအတိုင်း ကောက်ခံဖို့တရားဝင်သဘောတူညီချက်တွေနဲ့သတ်မှတ်ချက်အတိုင်း ကူးတို့လှေခပေးဆောင်နိုင်ရေးအတွက် ဝန်ထမ်းကတ်များထုတ်ပေးနေခြင်းဖြစ်တယ်”ဟုချောင်းဆုံမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးကဆိုသည်။

ချောင်းဆုံမြို့နယ်ရှိကူးတို့လှေဆိပ်များတွင် ဝန်ထမ်းများရုံးလုပ်ငန်းအတွက် ခရီးသွားလာရာ၌ ဝန်ထမ်းများအား သတ်မှတ်နှုန်းထားများနှင့် မညီညွတ်သောကောက်ခံမှုများရှိနေကြောင်း၊ ပစ္စည်းများတင်ဆောင်ရာတွင် လည်းဆိပ်ကမ်းများတွင် လုပ်သားခကြီးမြင့်နေကြောင်း ချောင်းဆုံမြို့နယ်မှ မော်လမြိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများထံမှ သိရသည်။

“ဆိပ်ကမ်းတွေမှာဝန်ထမ်းတွေကို ဝန်ထမ်းသတ်မှတ်ချက်နှုန်းထားနဲ့ကောက်ခံဖို့၊ ပစ္စည်းတင်ချစရိတ်ကိုလည်း လုပ်သားခသတ်မှတ်ချက်နှုန်းထားဇယားတွေကို ဆိပ်ကမ်းတိုင်းမှာ အများသိရှိနိုင်ဖို့ဗွီနိုင်းတွေနဲ့စနစ်တကျထားရှိဖို့၊ အခြေအနေကြည့်ပြီးကောက်ခံတာမျိုးမလုပ်သင့်”ဟု ချောင်းဆုံမြို့နယ်မှဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးမိုးသူအောင်ကပြောသည်။

ဝန်ထမ်းများဌာနဆိုင်ရာဝတ်စုံဖြင့်ဝတ်ဆင်သွားလာပါကဝန်ထမ်းဟုအလွယ်တကူသိရှိနိုင်သော်လည်းဝတ်စုံမဝတ်ဆင်သောဝန်ထမ်းများအတွက် ဝန်ထမ်းကတ်ရှိသင့်ကြောင်း၊ ဝန်ထမ်းများကိုလည်းနှုန်းထားသတ်မှတ်ချက်အတိုင်းကောက်ခံသွားမည်ဖြစ်ကြောင်းကော့မုပွန်ကျေးရွာကုလားတန်းကးူတို့ဆိပ်မှ ဂိတ်မှူး ဦးသန်းဝင်းကဆိုသည်။

ရေလမ်းကြောင်းအချိန်ကြန့်ကြာနေမှုကြောင့် ဇက်ရေယာဉ်ဖြင့်ခရီးသွားသူနည်းလာခြင်းဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာ၍ ကူးတို့ဆိပ်များသို့အချိန်တိုအတွင်းရောက်လာနိုင်ခြင်းကြောင့် ကူတို့လှေများဖြင့်သာဒေသခံများပိုမိုသွားလာကြောင်း ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။

Leave a Reply