ထားဝယ်၊ ဧပြီလ
ဌာနဆိုင်ရာ ဝန်ထမ်းများ မပျက်မကွက်တက်ရောက်ရန် ဧပြီ ၁၉ က စာထုတ်ပြန်ထားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကြိုဆိုထောက်ခံပွဲကို ထားဝယ်မြို့တွင် ယနေ့ နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

“အင်နဲ့အားနဲ့ဖြစ်စေဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့မဖြစ်မနေတက်ရောက်ကြဖို့အတွက် ငါတို့ ဒီသမ္မတကို လှိုက်လှိုက်လှဲလှဲထောက်ခံတယ်ဆိုတာ ပြသဖို့အတွက် ဒီလိုစာထုတ်ရခြင်းဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးကောင်းစံဦးက ဆိုသည်။

ယင်းထောက်ခံပွဲသို့ ဝန်ထမ်းများအားလုံး မပျက်မကွက်(မပျက်မကွက်)တက်ရောက်ပါရန်နှင့် အခမ်းအနားသို့တက်ရောက်သည့် အင်အားစာရင်းကို တစ်ပါတည်းယူဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရုံးအဖွဲ့သို့ သတင်းပေးတက်ရောက်ရန် ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးမှ ဧပြီလ၁၉ ရက်နေ့က တိုင်းအဆင့် ဌာနဆိုင်ရာများကို ထုတ်ပြန်ထားသည့်စာမှာ လူမှုကွန်ရက်တွင်ပျံ့နှံ့၍ ဝေဖန်မှုထွက်ပေါ်သည့်အပေါ် ၎င်းက အထက်ပါအတိုင်း ရှင်းပြသည်။

ယင်းပွဲသို့ ဝန်ထမ်းများ အစုံအညီတက်ရောက်ရန်၊ အင်နှင့်အားနှင့် ပါဝင်ရန်နှင့် အစိုးရမှဖွင့်လှစ်ထားသည့် သက်မွေးပညာသင်ကျောင်းများမှ တက်ရောက်နိုင်ရန် တွန်းအားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

အဆိုပါထောက်ခံပွဲသို့တိုင်း/ခရိုင်/မြို့နယ်အဆင့်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံး တက်ရောက်ပေးရန်အပြင် ပညာရေးကောလိပ်နှင့်သူနာပြုသင်တန်းကျောင်းများမှသင်တန်းသူ သင်တန်းသား ၁၀၀ ဦးစီ တက်ရောက်စေရန် အတွင်းရေးမှူးက အထက်ပါစာဖြင့် အကြောင်းကြားခဲ့သည်။

ယင်းသို့ မပျက်မကွက် တက်ရောက်ရန်၊ မည်မျှတက်ရမည်၊ တက်ရောက်စာရင်းပို့ပါဟု ပြောခြင်းသည် အမိန့်ဖြစ်ပြီး အာဏာရှင်အသုံးအနှုန်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဦးတည်ပြီးသွားနေချိန်တွင် ယင်းသို့စာနှင့် လက်မှတ်မျိုးမှာ ယခင်လမ်းဟောင်းကို သွားနေခြင်းမျိုးဖြစ်ကြောင်း ထားဝယ်လူထုအလင်းရောင်ကွန်ရက်မှ ဦးခင်မောင်သိန်းက ဝေဖန်သည်။

ထောက်ခံပွဲပြုလုပ်ခြင်းကို လက်ခံသော်လည်း ထောက်ခံပွဲသို့ မဖြစ်မနေ တက်ခိုင်းခြင်းမှာ မဖြစ်သင့်ဟုမြင်ကြောင်း ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတစ်ခုမှ အရာထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

“လုပ်စေချင်တာကမကြားလိုက်ရသူတွေ နိုင်ငံတော်သမ္မတမိန့်ခွန်းကို ပြန်ရှင်းပြလိုက်တာမျိုးဖြစ်စေချင်တယ်၊ ပြည်သူစိတ်ထဲမှာရှိပြီးသားဟာကို အတင်းအကျပ်ကြီးနဲ့လုပ်တာမျိုးမဖြစ်စေချင်ဘူး” ဟု ၎င်းအရာထမ်းကဆိုသည်။

လူအများကိုဖိတ်ခေါ်ပြီး လုပ်သင့်သည်မှာ နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်သမ္မတပြောကြားသည့်မိန့်ခွန်းမှ အရေးကြီးသောအချက်များကို အသိပေးခြင်း၊ ရုံးများတွင် ကပ်ထားခြင်းပြုလုပ်၍ သိအောင်လိုက်နာအောင်ပြုလုပ်ပြီး ကျန်နေသည့် ၃ နှစ်ကာလအတွင်း အကောင်အထည်ဖော်ရမည်ဆိုသည်မျိုး ဖြစ်သင့်ကြောင်း တိုင်းအစိုးရအဖွဲ့ဆောင်ရွက်မှုများကို စောင်ကြည့်လေ့လာနေသူ ထားဝယ်ဒေသခံ ဦးလေးလွင်က ထောက်ပြသည်။

“ဒီမိုကရေစီခေတ်မှာလေ၊ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းဖြစ်လာမယ့်သူတွေကို အရေအတွက်ဘယ်လောက်တက်ရမယ်တို့က အင်မတန်ပဲရုပ်ဆိုးပါတယ်၊ အခုတက်လာတဲ့ဦးဝင်းမြင့်ကလည်း လိုလားမယ်ဆိုတာ မထင်ဘူး”ဟု ၎င်းင်းက ဆိုသည်။

နိုင်ငံတော်သမ္မတကြိုဆိုထောက်ခံပွဲကို NLD ပါတီမှလည်းပြုလုပ်လျက်ရှိပြီး ပြည်သူ့သမ္မတအောက်တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများကလည်း လှိုက်လှိုက်လှဲလှဲထောက်ခံကြောင်းပြသခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးကောင်းစံဦးက ပြောသည်။

ဝန်ထမ်းများနိုင်ငံတော်သမ္မတကြိုဆိုထောက်ခံပွဲကို မြိတ်မြို့တွင် ဧပြီလ ၁၂ ရက်နေ့ကလည်းကောင်း၊ ထားဝယ်မြို့တွင် ယခု ဧပြီလ ၂၀ က လည်းကောင်း ကျင်းပခဲ့ပြီး ၂၁ ရက်နေ့၌ ကော့သောင်းမြို့တွင် ပြုလုပ်သွားမည်ဟုလည်း ၎င်းထံမှ သိရသည်။

Written by တင့်လွင်

Leave a Reply