ထားဝယ် ၊ ဖေဖော်ဝါရီ ၇

ထားဝယ်မြို့တွင် မြေကွက်ဝယ်ယူလိုသူတို့ဘက်မှ စိတ်ဝင်စားမှု ရေချိန်မြင့်နေသော်လည်း မြေကွက်ကြီးများပိုင်ဆိုင်ထားသူတို့က ယခင်ကထက် ဈေးနှုန်းကို ပိုတိုးမြှင့်ထားခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ အတွင်းရေးမှူးဦးစိုးသိန်းက ပြောသည်။

မူလက ဧကဝက် အကျယ်ရှိသော မြေကွက်ကို သိန်း၅၀၀၀ကျပ် ဈေးခေါ် ထားရာမှ ယခုအချိန်တွင် သိန်း ၈၀၀၀ ကျပ်ထိ ပိုင်ရှင်များက ဈေးတက်ခေါ်လိုက်ခြင်းကြောင့် ဝယ်ယူမည့်သူဘက်မှ ပြန်စဉ်းစားနေရသည်များရှိကြောင်း ၎င်းက ပြောသည်။
“စိတ်ဝင်စားသမား အမှန်တကယ် ရှိတယ်၊ အမှန်တကယ်လည်း လိုက်စုံစမ်းနေတာ ရှိတယ်၊ လိုအပ်ချက်အရ ဝယ်ဖို့ကို စဉ်းစားနေရတာပေါ့”ဟု ဦးစိုးသိန်းက ဆိုသည်။

လက်ရှိအချိန်တွင် မြေယာရှင်းလင်းမှုပြုလုပ်ထားသော ထားဝယ်မြို့၊ကမ်းနားလမ်း(ဆိပ်ကမ်းသာလမ်း)တွင် ဟိုတယ်ဆောက်လုပ်ရန် စိတ်ဝင်စားမှုရှိလာပြီး ယင်းလမ်းတွင် လိုအပ်သော မြေကွက်အနေအထားမရ ဖြစ်နေကြောင်း ၎င်းကပြောသည်။

ကမ်းနားလမ်းရှိ မြေယာရှင်းလင်းပြီးသည့်နေရာ၊ မြေယာရှင်းလင်းရန် ကျန်ရှိနေသော ကမြောကင်းတံတားမှ ကာစတန်(ရန်ကုန်ဆိပ်ကမ်း)အကြား ယင်းလမ်း၏အရှေ့ဖက်ခြမ်း မြေကွက်များအပေါ် ဝယ်လက်များဘက်မှ မျက်စိကျနေကြကြောင်း သိရသည်။

ကမ်းနားလမ်းတွင် ပေ၄၀× ၈၀ မြေကွက်ကို ကျပ်သိန်း ၇၀၀ ၊၈၀၀၀န်းကျင်သာ ယခင်က ရှိရာမှ ယခုအခါ ကျပ်သိန်း ၁၀၀၀ကျော်အထိ ဈေးခေါ်ထားပြီး ဆိပ်ကမ်းသာအနီး၊ဥသာရံကွက်သစ်တွင် သိန်း၉၀၀ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်တည့်ခဲ့သည်လည်း ရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းတွင် ပြောကြသည်။

“မြို့သစ်၇လမ်းနဲ့ယှဉ်ပြီး ဈေးသွားနေတယ်၊ကမ်းနားလမ်းက မြို့နဲ့နီးတယ်ဆိုပြီး ဈေးကောင်းနေတယ်”ဟု အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။

မြို့သစ် ၇လမ်းမကြီး၏ အလယ်ပိုင်းကျသောနေရာတွင် ေ၄၀× ၈၀ မြေကွက်ဆိုလျှင် သိန်း၇၀၀ကျပ်မှ သိန်း၈၀၀ကျပ်ဝန်းကျင်ထိ ပေါက်ဈေးရှိကြောင်း၊ ကမြောကင်းတံတားဝန်းကျင် DPPC ကုမ္ပဏီ အနီးတွင် သိန်း ၁၀၀၀ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေကြောင်း သိရသည်။ မြို့သစ် ၇လမ်းမှာ ကမ်းနားလမ်းနှင့် တဆက်တည်းရှိသော ကမြောကင်းလမ်းတဖက် ထားဝယ်မြစ်ကမ်းနံဘေးရှိ လမ်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ဆက်စပ်၍၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်ထားဝယ်မြေဈေးများ ဈေး နှုန်း မြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင်မူ ယင်းစီမံကိန်းဧရိယာအနီးတဝိုက်၌လည်း မြေအရောင်းအဝယ်ပါးနေသည်ဟု သိရသည်။

Written by တင့်လွင်

Leave a Reply