ဝဥ အရောင်းအဝယ်ဖြစ်နေ

ချောင်းဆုံ  စက်တင်ဘာ

မော်လမြိုင်ဈေးကွက်တွင် ယခုလအတွင်း ဝဥ ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ ထိ နေ့စဉ် ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 “မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ တနသာၤရီတိုင်းတို့မှာစိုက်ပျိုးကြတဲ့ဝဥကိုမော်လမြိုင်ဈေးကွက်မှာတင်ပို့ရောင်း ချနေတဲ့အတွက် နေ့စဉ်ပုံမှန် ၁၂ ဘီးကားတစ်စီးစာအရောင်းအဝယ်ဖြစ်တယ် ။ ဝဥက စိုက်ပျိုးရတာလွယ်ကူတယ် ။ ရေမလောင်း မြေသြဇာမကျွေးရဘဲနဲ့ ဝင်ငွေရရှိနိုင်တဲ့အပင်မျိုးလည်းဖြစ်တယ် ။ အရိပ်မကြောက်တဲ့အတွက် ရော်ဘာခြံ ၊ ဥယျာဉ်ခြံတွေမှာလည်းစိုက်ပျိုးနိုင်တယ်”ဟု မွန်ပြည်နယ်ပဲနှမ်းကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ဆိုသည်။

ယခင်နှစ်က ဈေးနှုန်းမှာ တစ်ပိဿာ ၈၀၀ ကျပ်မှ အမြင့်ဆုံး ၈၅၀ ကျပ်ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် ၁၃၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်နေကြသည်။

ပြည်ပဝယ်လိုအားရှိခြင်းကြောင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရှာဖွေရရှိနိုင်သည့်စိုက်ပျိုးသီးနံှတစ်မျိုးဖြစ် ကြောင်း၊မြန်မာထွက် ဝဥကို တရုတ်၊ ဂျပန်၊ ထိုင်းနိုင်ငံများက ဝယ်ယူနေကြောင်း ဦးကျော်ခိုင်မြင့်က ဆိုသည်။

စိုက်ပျိုးရာတွင် ၃၀ သားခန့်ရှိသော ဝဥ ကို ဥတိုက်ရိုက်ချ၍ လည်းကောင်း၊  ဥပန်းခိုင်မှမျိုးစေ့ငယ်များရယူ၍ လည်းကောင်း၊ နည်းလမ်းနှစ်မျိုး အသုံးပြုနိုင်ကြောင်း ကျိုက္မရောမြို့နယ်တွင် ဝဥစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်အေးက ရှင်းပြသည်။

ဝဥ၏ မူရင်းဒေသမှာ အရှေ့တောင် အာရှဒေသဖြစ်ပြီး အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသများတွင်လည်း  သဘာဝ အလျောက်ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသများနှင့် ရန်ကုန်-ပြည် တစ်ကြော၊ ရန်ကုန်-မန္တလေးကြား၊ ကချင်၊ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနသာၤရီတိုင်းဒေသကြီးတွေမှာ သဘာဝ အလျောက်ပေါက်ရောက်ကြသည်။ ကမ္ဘာတွင် မျိုးပေါင်း ၁၃၀ ခန့်ရှိပြီး၁၂မျိုးခန့်ကိုသာဖော်ထုတ် သုံးစွဲလျက်ရှိသည်။

နိုင်ငံတကာ၌  ဝဥကိုခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများအဖြစ် ပုံစံ အမျိုးမျိုးနှင့် စားသောက်ကြသလို အလှကုန်ပစ္စည်းအနေဖြင့်လည်းကောင်း၊ စက်မှု ကုန်ကြမ်းအနေဖြင့်လည်းကောင်း၊ ကျန်းမာရေးအတွက် တိုင်းရင်းဆေးအနေဖြင့်ရောခေတ်မီဆေးဝါး အနေဖြင့်ပါ လည်းကောင်း အသုံးတွင်ကျယ်သဖြင့် နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားကောင်း၊ စီးပွားရေးအရ တွက်ခြေ ကိုက်နေသည်။

 လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.