
 

မြဝတီ အောက်တိုဘာ

ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) မှတဆင့် မြဝတီမြို့ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ဝါကျွတ်ပွဲတော် သီတင်းကျွတ်ကာလအတွင်း ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှုမှာ ပုံမှန်မပျက် နေ့စဉ် ဝင်ရောက်မှု ရှိခဲ့သည်။

အစိုးရရုံးပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၂၃ ၊ ၂၄၊ ၂၅ ရက်များတွင် ဌာနေပြန် ရွှေ့ပြောင်းလုပ်သား သုံးရက်တာ ပြန်လည်ဝင်ရောက်မှုမှာ အမျိုးသား ၃၉၀၊ အမျိုးသမီး ၁၂၁ ဦး၊ ပေါင်း ၅၁၁ ဦးရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါဝင်ပေါက်မှတဆင့်သာမက ထိုင်းနိုင်ငံ ကျယ်ဒီဆန်အုန်းကျေးရွာဘက်မှ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ (၁)ရပ်ကွက်ရှိ သွပ်ပြား ပေါက်(ဒေသအခေါ်)သို့လည်း ဝင်ရောက်မှုမှာ ကျား ၈ ဦး မ ၈ ဦး ရှိခဲ့သည်။

ထိုင်းအစိုးရ၏ တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးရေးစီမံချက်မှာ ပြီးခဲ့သည့် ဇူလိုင် ၁ရက်နေ့ ကစတင် ခဲ့ခြင်းဖြစ်ပြီး ထိုင်း နိုင်ငံရောက် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအနက် အထောက်ထားမဲ့ ၊ တရားမဝင် နှင့် အထောက်အထား မစုံလင်သူများကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့က ကြေညာထားခဲ့သည်။

ထိုင်းနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိခြင်းဖြစ်သည်။

ယင်း ဌာနေပြန် လုပ်သားများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း၊ အစွန်းရောက် အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ရှာဖွေလျက် ရှိသည်။

အဆိုပါပူးပေါင်းစိစစ်ရေးအဖွဲ့တွင် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းထားသည်။ ပြန်လည်ဝင်ရောက်လာသူများကို စားစရာ၊ ရေနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ နေ့စဉ်နှင့်အမျှ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း အဆိုပါထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

စောအယ်လ်ဒီး

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

Leave a Reply