မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ဝါးဒတ်ကွင်းကျူးကျော်တဲအိမ်များကို မီးရှို့ဖျက်ဆီးမှုများနှင့် ပတ်သက်၍ KNU/KNLA (PC) အဖွဲ့မှ ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း ဝါးဒတ်ကွင်းကျေးရွာတွင် စက်တင်ဘာ ၂၁ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ KNU/KNLA(PC) မှ မွန်ပြည်နယ်တာဝန်ခံ ဗိုလ်မှူးစောငွေကြည်က ပြောကြားသည်။

wadatkewin

ဖေဖော်ဝါရီ၂ရက်နေ့ ညက ဝါးဒတ်ကွင်းကွက်သစ် ကျူးကျော်တဲအိမ်များ ဖျက်ဆီးသူအချို့မှာ ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထား၍ တပ်မဟာ ၁ တပ်မဟာ၂ မှ ဟု အော်ဟစ်ဖျက်ဆီးခဲ့ပြီးနောက် ဆိုင်ကယ်များဖြင့် ပြန်ထွက်သွားသည်ဟု ကျိုက်ထိုမြို့နယ်တရားရုံးတွင် မီးရှို့ဖျက်ဆီးခံရသူများက သက်သေထွက်ဆိုခြင်းအပေါ်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အဖွဲ့အစည်းတွေဟာ အထက်အမိန့်မရဘဲ၊ ပြည်သူလူထုကိစ္စရပ်များကို ပါဝင်လို့မရပါဘူး၊ နောက်တစ်ခုက ပြောက်ကျားဝတ်စုံ ဝတ်ချင်တိုင်း ဝတ်လို့မရဘူး၊ မြို့ပေါ်၊ ကျေးရွာအစိုးရအုပ်ချုပ်မှု နယ်မြေမှာ ဝတ်ခွင့်မရှိဘူး။ NCA ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်တဲ့အတွက် အခုလိုကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်လို့မရပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ဝါးဒတ်ကွင်းကျေးရွာရှိ ကျူးကျော်တဲအိမ်များသည် မီးရှို့ဖြတ်ဆီးခံခဲ့ရသဖြင့် နေအိမ်တဲ မီးလောင်ဆုံးရှုံးခဲ့သူ ဒေါ်ဝင်းရီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျေးရွာရာအိမ်မှူး ဦးပဲသီး (ခ) ဦးခင်အေး အပါအဝင် ၁၀ ဦးကို ဦးဆောင်သူဟု သိမ်ဇရပ်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ KNU/KNLA (PC) မှ စောနိုင်လင်း (ခ) ဦးထွန်းဇော်ဦး ပါဝင်နေခြင်းဖြစ်သည်။

“အဲ့ဒီ မီးလောင်တဲ့ညက ကျွန်မယောင်္ကျားက ရဲစခန်းမှာရှိနေတာ အဲ့ဒါကို ကျွန်မယောင်္ကျားပါ မီးရှို့တဲ့အထဲမှာ ပါတယ်ဆိုပြီး ဖမ်းဆီးထားတယ်”ဟု ကျူးကျော်တဲများ မီးရှို့မှုဖြင့် အဖမ်းခံထားရသည့် KNU/KNLA (PC) မှ စောနိုင်လင်း၏ ဇနီးဖြစ်သူဒေါ်စိုးစိုးလွင်က ဆိုသည်။

ဦးပဲသီး အပါအဝင် ရာကျော်သောလူအုပ်စုက နေအိမ်တဲများကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ဝါးဒတ်ကွင်း ကျူးကျော်ကွက်သစ် ၁ လမ်းမှ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူ ဒေါ်ရွှေညာက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဝါးဒတ်ကွင်းကွက်သစ်ရှိ ကျူးကျော်တဲအိမ်များ မီးရှို့မှုနှင့်ပတ်သက်၍ ဦးဆောင်ပါဝင်သူဟု စွပ်စွဲခံထားရသူ ၁၀ ဦးကို ကျိုက်ထိုမြို့နယ် တရားရုံးတွင် စစ်ဆေးမှုပြုလုပ်ရန် ဇူလိုင်လ ၂၁ ရက်နေ့က သိမ်ဇရပ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဝါးဒတ်ကွင်းကွက်သစ်တွင် နေထိုင်သည့်ဒေသခံများထံမှ သိရသည်။

ကျူးကျော်တဲအိမ်များမီးရှို့မှုဖြင့် ဖမ်းဆီးခံရသူများထဲတွင် သုံးခွကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုးလည်း အဖမ်းခံထားရကြောင်း အဖမ်းခံထားရသူ မိသားစုဝင်များထံမှ သိရသည်။

Leave a Reply