မော်လမြိုင်၊ ဇွန်

သထုံမြို့နယ်ရှိဝါးပါးဆည်ရေအရည်အသွေးအား တစ်နှစ်သုံးကြိမ်တိုင်းတာစစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကို ပြည်သူလူထုထံချပြပေးသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“ဆည်ရေရဲ့ အရည်အသွေးကို နှစ်စဉ် သုံးကြိမ် တိုင်းတာစစ်ဆေးပြီးတော့ ဓာတ်မြေသြဇာ ကြွင်းကျန် အဆိပ်အတောက်တွေ စိမ့်ဝင်မှု ရှိမရှိနဲ့ အခြားပျော်ဝင်အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေကိုလည်း တိုင်းတာ စစ်ဆေးပြီးတော့ လူထုကိုချပြပေးသွားမယ်”ဟု ဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်အတွင်း ဆည်များ၏ ရေအရည်အသွေးနှင့် ပတ်သတ်ပြီး ယခုနှစ်မှစ၍ တစ်နှစ်လျှင်(၃) ကြိမ်တိုင်းတာစစ်ဆေးရန် ဆည်/မြောင်းဦးစီးဌာနအောက်ရှိ စူးစမ်းလေ့လာရေးဌာနခွဲမှ ဆောင်ရွက်လျှက်ရှိပြီး ဝါးပါးဆည်၏ ရေဆင်းရာဧရိယာများ ပြောင်းလဲမှုများကြောင့် ရေအရည်အသွေးအား အဆက်မပြတ်လေ့လာစစ်ဆေးလျက်ရှိကြောင်း၎င်းကဆိုသည်။

လက်ရှိအနေအထားအရ ဝါးပါးဆည်ရေအား ကျောက်ချဉ်ထည့်၍ အနည်ထိုင်ခြင်း၊ သဲနှင့် ကျောက်စရစ် ရေစစ်လွှာများစစ်ယူခြင်းအားဖြင့်သုံးရေ/သောက်ရေအဖြစ် အသုံးပြုနိုင်ပြီးအနည်အမှုန်ပါဝင်မှုနှင့် သံဓာတ်ပါဝင်မှု လျော့ပါးစေမည့်နည်းလမ်းများဖြင့် ပြုပြင်ဖန်တီးပြီးမှသာ သောက်သုံးရေအရည်အသွေး တိုးတက်လာမည်ဖြစ်ကာ တိုင်းတာစစ်ဆေးမှုများကိုလည်း အစဉ်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထွန်းဌေးက ထပ်လောင်းပြောကြားသည်။

အဆိုပါ ဝါးပါးဆည်သည် သထုံမြို့တစ်မြို့လုံး၏ အဓိကရေအရင်းအမြစ်တစ်ခုဖြစ်ကာ ဆည်၏ အနီးတစ်ဝိုက်တွင်ရော်ဘာခြံများနှင့်အခြားစိုက်ပျိုးခြံများရှိနေပြီး အဆိုပါခြံများမှ ဓာတ်မြေသြဇာသုံးစွဲမှု ရှိနေသောကြောင့်  ဝါးပါးဆည်ရေ၏ ရေအရည်အသွေးအပေါ်တွင်  စိုးရိမ်မှုများရှိနေကြောင်း သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

“ဒီလိုဓာတ်မြေသြဇာသုံးစွဲနေတာကြောင့်မြို့နေပြည်သူတွေက  ဒီဆည်ရေပေါ်မှာ ယုံကြည်မှု အားနည်းလာတယ်။ နောက်ပြီး စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေကြတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

ထို့ပြင်ဝါးပါးဆည်အနီးတစ်ဝိုက်တွင် စိုက်ပျိုးထားသောရော်ဘာခြံများနှင့် ပတ်သက်၍သစ်တောဥပဒေ၊ ဆည်မြောင်းဥပဒေများနှင့်အညီ အရေးယူရန် မည်သို့စီမံဆောင်ရွက်ထားသည်ကိုလည်း သိရှိလိုကြောင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်း
ထုတ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၅ ရက်က ဝါးပါးဆည်ရေကိုစမ်းသပ်စစ်ဆေး တွေ့ရှိချက်အရ PH, Cl, Ca, Mg, SO4ဓာတ်များ ခွင့်ပြုစံနှုန်းအောက်တွင်ရှိခြင်း၊ (Hg, As) စသည့် အဆိပ်အတောက် ဓာတ်များ အနည်းငယ်ပါဝင်ကာ အများဆုံးခွင့်ပြုစံနှုန်းထက် မကျော်ခြင်း၊ (Pb, Cd, Cu) စသည့် အဆိပ်အတောက်များ ပါဝင်မှုမရှိခြင်း၊ အနည်အမှုန်ပါဝင်မှုမှာ  ခွင့်ပြုစံနှုန်းသာမက အများဆုံးခွင့်ပြုစံနှုန်းထက် ကျော်လွန်နေခြင်း၊ သံဓာတ် ပါဝင်မှုမှာသတ်မှတ်စံနှုန်းထက် အနည်းငယ်ကျော်လွန်၍ အများဆုံးခွင့်ပြုစံနှုန်းထက် ကျော်လွန်မှုမရှိခြင်းနှင့်အဏုဇီဝအောက်ဆီဂျင်လိုအပ်ချက် (COD)မှာအများဆုံးခွင့်ပြုစံနှုန်းထက်အနည်းငယ် ကျော်လွန်နေခြင်းတို့ကိုတွေ့ရှိရကြောင်းသိရသည်။

အောင်မြတ်

Leave a Reply