မော်လမြိုင်မြို့ တောင်ရိုးတန်း တောင်ဘက်ခြမ်းတွင် အနီရောင်တာဝါတိုင်နှစ်ခုကို အထင်းသားတွေ့မြင်နိုင် သည်။ ထိုအနီးအနားတွင်ကား အုတ်နှင့် သစ်သားတို့ကို အချိုးကျ ဆောက်လုပ်ထားသော ရှေးဟောင်းအဆောက်အဦတစ်ခုကိုလည်း တွေ့နိုင်သည်။

ထိုအဆောက်အဦသည်ကား ၂၀၁၂ ခုနှစ်တွင် လုံးဝ ကွယ်ပျောက်ခဲ့ပြီး ရှေးဟောင်း အုတ်နှင့် ပျဉ်ချပ်များ နေရာတွင် မှန်လုံခန်းများနှင့် အုတ်အပြည့်ဖြင့် တည်ဆောက်ထားသော အဆောက်အဦများနေရာယူလာသည်။ ထိုနေရာက အင်္ဂလိပ် ကိုလိုနီလက်ထက်က ဗြိတိသျှ အစိုးရအကြီးအကဲနေထိုင်ရာဖြစ်ခဲ့ပြီး နှောင်းပိုင်း ကာလများတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအဖြစ်ပြောင်းလဲအသုံးပြုခဲ့သည်။ ထိုအဆောက်အဦကို ၂၀၁၂ ခုနှစ်တွင် စတင်ဖြိုဖျက်ခဲ့ပြီး အဆောက်အဦသစ်များဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့က အစားထိုးလိုက်သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ထိုရဲမင်းကြီးရုံးဟောင်းကဲ့သို့သို့ နှစ်ပေါင်းများစွာ တည်ရှိလာသောရှေးဟောင်းအဆောက်အအုံကြီးများ ယနေ့ထက်တိုင် ရှိနေသေးသည်။

ထိုသို့ ထင်ရှားသော ကိုလိုနီခေတ်အဆောက်အဦ နောက်ထပ် တစ်ခုမှာ မော်လမြိုင် အထက်လမ်းမကြီးနှင့် ထားဝယ်တံတား လမ်းတောင့်ရှိ ပထမနှစ်ချင်းအသင်းတော် ခရစ်ယာန်ဘုရားကျောင်း ဖြစ်သည်။

ထိုအဆောက်အဦကို မြန်မာ ခရစ်ယာန် သာသနာပြုသမိုင်းတွင် ထင်ရှားသော ဆရာယုဒသန် ကတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပထမနှစ်ချင်းအသင်းတော် ဘုရားကျောင်း သည် နှစ်ပေါင်း ၁၉၀ ကျော် ရှိနေပြီဖြစ်သည်။ ယင်းဘုရားကျောင်းကို ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံ ကမ္ဘာ့ရှေးဟောင်းအဆောက်အဦရန်ပုံငွေအဖွဲ့ (WMF) နှင့် မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များဖြင့် ကန်ဒေါ်လာ ၁၂၅,၀၀၀ သုံးစွဲပြီးပြင်ဆင်ခဲ့ကြလေသည်။

မော်လမြိုင်မြို့၏ နောက်ထပ် ထင်ရှားသော သမိုင်းဝင်အဆောက်အဦတစ်ခုကား မင်းတုန်းမင်း၏ မိဖုရားတစ်ပါးဖြစ်သော စိန်တုံးမိဖုရား နှင့် ဆက်စပ်နေသော ကျိုက်သလ္လံစေတီတော်မြတ်ကြီး အနီးရှိ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိတဲ့ ရတနာဘုံမြင့် ဘုန်းကြီးကျောင်းပင်ဖြစ်သည်။

အဆိုပါ ရှေးဟောင်းဘုန်ကြီးကျောင်းကို ၂၀၁၇ ခုနှစ် ဇွန်လပိုင်းက ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ထိန်းသိမ်းပြုပြင်ရန်စီစဉ်နေကြောင်း မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနက(ယခင်) လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောဆိုထားသည်။

ထို့အပြင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်ကလည်း မွန်ပြည်နယ်လွှတ်တော်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ယင်းကျောင်းတော်ကြီးကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ပြုပြင် ထိန်းသိမ်းရန် အစီစဉ် မရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ဖြေကြားထားသည်။

ယင်းဘုန်းကြီးကျောင်းကို ယနေ့တိုင် ပြုပြင်နိုင်ခြင်း မရှိသေးပေ။ မော်လမြိုင်မြို့တွင် အဆိုပါ အဆောက်အဦများနည်းတူ  အခြား နှစ်ပေါင်းများစွာတည်ရှိလာခဲ့သော သမိုင်းဝင်ရှေးဟောင်းအဆောက်အဦများစွာ ရှိနေသေးသည်။

မွန်ပြည်နယ်နှင့် မော်လမြိုင်မြို့ အတွင်းက အဆိုပါ ရှေးဟောင်း အဆောက်အဦများ ပျောက်ပျက်သွားမည်ကို စိုးရိမ်နေသော အဖွဲဲ့တစ်ဖွဲ့မှာ MEMOIRS MAWLAMYINR အမည်ဖြင့် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။

အဆိုပါအဖွဲ့၏ စာရင်းများအရ ရှေးဟောင်းသမိုင်းဝင်သည့် အဆောက်အဦ အနည်းဆုံး ၁၀၀ ဝန်းကျင်ခန့်ရှိပြီး အတည်မပြုနိုင်သေးသော စာရင်းများ အပါအဝင် ၁၅၀ နှင့် ၂၀၀ နီးပါးခန့်တွင် ရှိသည်ဟု ဆိုသည်။

“မော်လမြိုင်မြို့မှာ အနှစ်နှစ်ရာနီးပါးလောက်ရှိတဲ့ ရှေးဟောင်းအဆောက်အဦတွေ အများကြီး ရှိတယ်။ ဒီလိုအဆောက်အဦတွေ ပြန်ပြီး ထိန်းသိမ်းမယ်ဆိုတာ ကျွန်တော်တို့ တာဝန်တော့မဟုတ်ဘူး။ အဓိကတော့ အစိုးရမှာ တာဝန်ရှိတယ်”ဟု MEMOIRS   MAWLAMYINR အဖွဲ့ခေါင်းဆောင် ဦးကြည်ဇော်လွင်က ပြောသည်။

အဆိုပါ MEMOIRS MAWLAMYINR အဖွဲ့အနေနှင့် ယင်းအဆောက်အဦများကို စာရင်းပြုစုပြီး ထိန်းသိမ်းရန်လုပ်ငန်းများလည်းစီစဉ်နေကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင်မြို့ရှိ ရှေးဟောင်းအမွေအနှစ် သမိုင်းဝင် အဆောက်အဦများကို စာရင်းပြုစု၍ အဖိုးမဖြတ်နိုင်သည့် မှတ်တမ်းများကို အများပြည်သူများ သိရှိနိုင်စေရန်အတွက် MEMOIRS MAWLAMYINR အဖွဲ့ကို အဖွဲ့ဝင် ၅၀  ဖြင့်ဖွဲ့စည်းထားကြောင်းလည်း သူ ကပြောသည်။

“ကျွန်တော်တို့က ဒီရှေးဟောင်းအဦတွေ စာရင်းပြုစုပြီးတော့ ငါ့တို့မြို့မှာ ဒါတွေ ရှိတယ်။ ငါတို့ စုပေါင်းပြီးတော့ ထိန်းသိမ်းဖို့အတွက်နဲ့ ဒီမှတ်တမ်းတွေက အဖိုးမဖြတ်နိုင်တဲ့အရာတွေဆိုတာ သိအောင်လုပ်ကြမယ်ဆိုပြီး အခြေတည်ထားတယ်။ အဓိက သမိုင်းကို အခြေခံထားတော့ အဲဒီအထောက်အထားတွေကတော့လိုအပ်တယ်။ ကျွန်တော်ဆီမှာ ရှိသလောက်တော့ ရှိနေပြီ။ ဒါပေမဲ့ ပိုမိုတိကျတဲ့ စာရင်းဖြစ်ဖို့တော့ ပိုပြီး လိုအပ်နေဦးမယ်။ ဒါကတစ်ပိုင်း၊ ငွေရေးကြေးရေးကတော့ အများကြီး မဟုတ်ဘူး” ဟုအဖွဲ့    ဦးဆောင်သူ ဦးကြည်ဇော်လွင် ကဆိုသည်။

ထို့အပြင် မွန်ပြည်နယ် အစိုးရ အဖွဲ့ကလည်း ရှေးဟောင်းသမိုင်းဝင် အဆောက်အဦများ၊ စေတီ ပုထိုးများကိုထိန်းသိမ်းရန်အတွက် စာရင်းပြုစုထားမှုများလည်း ရှိသေးသည်။

မွန်ပြည်နယ်၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ စောင့်ရှောက်ထိန်းသိမ်းပြုပြင်သော အဆောက်အဦစာရင်းများအရ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား၊ ကျိုက်ကသာမြို့ ဟောင်းတူးဖော်မှုကုန်းများ၊ ဘီးလင်းမြို့ ဇုတ်သုတ်ရွာရှိ ဆင်တပ်၊ မြင်းတပ်၊ တိုက်ကုလားမြို့ရိုးဟောင်းများ၊ သထုံမြို့နယ်ရှိ သထုံမြို့ရိုးဟောင်း၊ ရွှေစာရံဘုရားဝန်းအတွင်းရှိ ကျောက်စာရုံ၊ မုဒုံမြို့နယ်ကော့ပရံကျေးရွာရှိ ဂဝံစေတီများနှင့် ကျိုက်မရောမြို့ရှိ ခရုံဂူတို့ ဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ရှေးဟောင်း အဆောက်အဦ (နန်းတော်မြို့ရိုး၊ ကျူံး အစရှိသော) ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေများနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေ
သန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ (လက်ရှိ) ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဟန်က ဆိုသည်။

“ငွေကုန်ကြေးကျခံပြီးပြုပြင်မှုမျိုးကျတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့မှ  ရမယ်” ဟု ၎င်းက ပြောသည်။

ရှေးဟောင်း အမွေအနှစ် သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အဦများကို ဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းခြင်း၊ ခေတ်မီနည်းပညာဖြင့် ကာကွယ်ထိန်းသိမ်းခြင်းနှင့် အဓိက အခြေခံအချက်ဖြင့်သော ပြည်သူလူထု၏ အသိပညာရှိရှိ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ၎င်းကပြောသည်။

“နှစ်တစ်ရာနဲ့ အထက် အဆောက်အဦတွေကို ရှေးဟောင်း အဆောက်အဦလို့ သတ်မှတ်တယ်။ ရှေးဟောင်းအဆောက်အဦဆိုတာ မြို့ပေါ်မှာမှ မဟုတ်ဘူး၊ တောကြိုအုံကြား ချုံတွေနဲ့ ဖုံးလွှမ်းနေတဲ့ဟာတွေ တွေ့မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတင်းပို့ရမယ်” ဟု ဦးဇော်ဟန်က ပြောဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၁၄ ရက်အတွင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ သတင်းပို့ပါက ဌာနမှ ကွင်းဆင်းစစ်ဆေးပြီးရှေးဟောင်းအဆောက်အဦ မှန်ကန်မှု ရှိ မရှိ ဆုံးဖြတ်ပေးရကြောင်း ၎င်းက ရှင်းပြသည်။

“ဒါဟာ ရှှေးဟောင်းအဆောက်အဦ ဟုတ်မဟုတ် ပိုင်းဖြတ်ပြီးတော့ ရှေးဟောင်းအဆောက်အဦအဖြစ်သတ်မှတ်ပြီးတော့ တွေ့ရှိသူကပဲ ထိန်းသိမ်းမလား၊ နိုင်ငံတော်ကိုအပ်ပြီး နိုင်ငံတော်ကပဲ ထိန်းသိမ်းမလား ဆိုတာ ဥပဒေနဲ့ဆုံးဖြတ်ပေးရတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကမူ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများ ထိန်းသိမ်းရန် အစိုးရအနေဖြင့် တိုက်ရိုက်ထိန်းသိမ်းရန် မလွယ်ကူကြောင်းအခုလို ပြောလာသည်။

“ဒီရှေးဟောင်းအဆာက်အဦနဲ့ ပတ်သက်ပြီး အုပ်ချုပ်တဲ့ ဌာနရှိတယ်။ နောက်အဲဒီအဆောက်အဦကိုပိုင်ဆိုင်ထားတဲ့ သူလည်းရှိမယ်ဆိုတော့ အစိုးရအနေနဲ့ တိုက်ရိုက်ထိန်းသိမ်းဖို့ မလွယ်ဘူး”ဟု ဝန်ကြီးက ဆိုသည်။

ရှေးဟောင်းအဆောက်အဦများကို ပြင်ဆင်သည့် အပိုင်းများမှာ အရမ်းအရေးကြီးပြီး အချို့ရှေးဟောင်း အဆာက်အဦများမှာလည်း ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း၊ အသစ်များ ဖြစ်သွားခဲ့ရကြောင်း ဒေါက်တာမင်းကြည်ဝင်းက မှတ်ချက်ပြု ပြောဆိုသည်။

“ဥပမာ ကျိုက်ထီးရိုးဘုရားဆို ရှေးဟောင်းသမိုင်းဝင်လို့ပြောတယ်။ ဘုရားကို ရွှေချလိုက်တယ်။ တန်းစောင်းတွေ ပတ်ချာလည်ဆောက်လိုက်တယ်။ ဘုရားဖူးတွေ အဆင်ပြေအောင်လို့ လုပ်လိုက်တယ်။ အဲလိုလုပ်လိုက်တော့ သူ့ရဲ့ နဂိုမူလအနေအထား မဟုတ်တော့ဘူး။ တကယ်လည်း အံ့သြဖွယ်ရာ မဖြစ်တော့ဘူး” ဟု ဝန်ကြီး ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရှေးဟောင်းအဆောက်အဦ ပြုပြင်ထိန်းသိမ်းအဖဲဲွ့(Yangon Heritage Trust)၏ အင်ဂျင်နီယာဦးကိုကိုက ၎င်းတို့ ရပ်တည်လုပ်ဆောင်နေသည့် အတွေ့အကြုံနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ရှင်းပြသည်။

“ကျွန်တော်တို့ လက်ရှိလုပ်နေတာ နှစ်မျိုးရှိတယ်။ ပေါ်လစီပိုင်း လုပ်တဲ့ဟာ ရှိတယ်။ ပေါ်လစီပိုင်း လုပ်တာ ရှင်းပြရမယ်ဆိုရင် အစိုးရနဲ့ ပူးပေါင်းပြီးလုပ်တာက တစ်ပိုင်း၊ နောက်တစ်ချက်က ဒီလို ရှေးဟောင်း အဆောက်အဦတွေ ပြုပြင်တဲ့အချိန်မှာ မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ ပြန်ပြင်တဲ့ဟာမျိုးတွေ အဓိကထားပြီး လုပ်တာပေါ့” ဟုဦးကိုကိုက ဆိုသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရှေးဟောင်း အဆောက်အဦများနှင့် ပတ်သက်၍ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာနှင့် အခြားလိုအပ်သည့် အခက်အခဲများ ရှိပါက Yangon Heritage Trust မှ ကူညီပေးရန် အသင့်ရှိနေသည်။

“ကျွန်တော်တို့က NGO တွေဖြစ်တယ်။ နိုင်ငံခြားရတဲ့ အလှူငွေတွေတော့ ရှိတယ်။ အဲဒီအလှူငွေတွေအပေါ်မှာ ရပ်တည်ပြီးတော့ အလုပ်လုပ်တယ်။ ကျွန်တော်အဖွဲ့ဆီကို စာနဲ့အကြောင်းကြား ဆက်သွယ်ပြီး ပြောတဲ့အခါကျရင် ကျွန်တော်အဖွဲ့ကလည်းလုပ်ပေးနိုင်တဲ့ အနေအထားတစ်ခုရှာကို ရှာပြီးတော့ လုပ်ပေးနိုင်တာဆိုရင် လာလုပ်ပေးပါလိမ့်မယ်။ ဒါမှ မဟုတ်နည်းပညာအပိုင်းကို အကြံဉာဏ်တောင်းတာဆိုရင်တော့ပေးနိုင်တဲ့အကြံဉာဏ်တွေ အကုန်ပေးပါ့မယ်” ဟု ၎င်းကပြောသည်။

မည်သို့ဆိုစေ မွန်ပြည်နယ်နှင့် မော်လမြိုင်မြို့အတွင်း မှရှေးဟောင်းအဆောက်အဦများ၊ စေတီပုထိုးများ နှင့် မြို့ဟောင်းများ ထိန်းသိမ်းစောင့် ရှောက်ရန်တူးဖော်ရန် မှာ အခက်အခဲ တချို့ ကြုံတွေ့နေရသေးသည်။

ယင်းသို့သော အခက်အခဲများကို ကူညီဖြေရှင်းရန် အစိုးရနှင့် အတူအများပြည်သူ ပူးပေါင်းရန်လိုအပ်ကြောင်း ထောက်ပြလာသူမှာ Yangon Heritage Trust အဖွဲ့ မှ ဦးကိုကိုဖြစ်သည်။

“အဓိကတော့ ပြည်သူလူထုက အသိဉာဏ်ရှိရှိနဲ့ ထိန်းသိမ်းဖို့ပဲ။ အသိဉာဏ်ရှိရှိနဲ့ ထိန်းသိမ်းလို့ရှိရင် အဖွဲ့အစည်းတွေဖွဲ့ပြီး ငွေကုန်ကြေးကျခံထိန်းသိမ်းနေစရာတောင် မလိုဘူး။ နိုင်ငံတော် ချမ်းသာလာတဲ့အခါကျတော့လည်း သေသေချာချာ သပ်သပ်ရပ်ရပ် လုပ်နိုင်မှာပေါ့” ဟု ၎င်းကဆို
သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ မင်းကြည်ဝင်းကတော့ ရှေးဟောင်းအဆောက်အဦများထိန်းသိမ်း၊ တူးဖော်ရန် ဘဏ္ဍာငွေမရှိကြောင်း အစိုးရ၏ အခက်အခဲကို ပြောပြသည်။

“ရှေးဟောင်းအဆောက်အဦတွေ ထိန်းသိမ်းတူးဖော်ဖို့လုပ်ငန်းအတွက် သီးခြားဘတ်ဂျက်ချပေးတာမရှိဘူး။ အရင်တုန်းကရှိသေးတယ်။ ဘီးလင်းမြို့ရှေးဟောင်းသုဝဏ္ဏဘူမိပြန်တူးဖော်ရေးဆိုပြီး အခုတော့ အသံတိတ်နေတယ်” ဟု ဆိုလေသည်။

လွန်ခဲ့သောကာလများက ခမ်းနားထည်ဝါရှိခဲ့သော အဆောက်အဦတချို့မှာ မော်လမြိုင် မြို့မှပျောက် ကွယ်ခဲ့ရလေပြီ။

ထိုသို့ ပျောက်ကွယ်မည့်အရေးကို စိုးရိမ်နေသော MEMOIRS MAWLAMYINR အဖွဲ့က ဦးကြည်ဇော်လွင် ကမူအဆိုပါအဆောက်အဦများပျောက်ကွယ်သွားမည့်အရေးနှင့် ပတ်သက်၍ သူ၏ စိုးရိမ်မှုကို အခုလိုပြောလာသည်။

“တချို့အဆောက်အဦတွေဆို လုံံးဝမရှိတော့ဘူး။ လုံးဝအသစ်နီးပါး ပြန်ဖြစ်သွားပြီး။ ဥပမာ DENKO ဆီဆိုင်နေရာဆိုရင် နှစ်တစ်ရာငါးဆယ်ရှိတဲ့ အထိမ်းအမှတ်တစ်ခုဟာ အခုဆိုရင် ဆီဆိုင်ပဲမြင်ရတော့မယ်။ ဒါမျိုးတွေလည်းရှိတယ်။အရင်တုန်းက ရဲမင်းကြီးရုံးအဟောင်း (လက်ရှိ မွန်
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး) အခုဆိုရင် လုံးဝအသစ်ဖြစ်သွားပြီး။ အစအနတောင်မကျန်တော့ဘူး”ဟု ဦးကြည်ဇော်လွင်က ပြောသည်။

ခေတ်မင်း

Leave a Reply