ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ခရီးသွားလာခွင့် ပိတ်ထားသည့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာကျောင်းသား ၆၃ ဦး ကို အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ရန် မြန်မာအစိုးရ၏ တောင်းဆိုမှုကို တရုတ်နိုင်ငံက ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နေ့လည်ပိုင်းတွင် ခွင့်ပြုလိုက်ကြောင်း ပေကျင်းအခြေစိုက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

ကျောင်းသားများကို ခေါ်ဆောင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ Boeing လေယာဉ်အမျိုးအစား B737-800 သည် ဝူဟန်မြို့၊ ထျန်းဟော် (Tianhe) နိုင်ငံတကာလေဆိပ်သို့ ဖေဖော်ဝါရီလ ၁ ရက် ညနက်ပိုင်းတွင် ဆင်းသက်နိုင်ဖွယ်ရှိကြောင်း ဇန်နဝါရီလ ၃၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်ဆင်းသက်မည့်အချိန် အပြောင်းအလဲ ရှိနိုင်သော်လည်း မြန်မာကျောင်းသားများအနေဖြင့် အများဆုံး ၁၀ ကီလိုဂရမ်အထိသာ ရှိသည့် လက်ဆွဲခရီးဆောင်အိတ်ငယ်များ စီစဉ်ထားရှိရန်၊ ၂၀ ကီလိုဂရမ်ရှိ ခရီးဆောင်အိတ်ကြီးများ သယ်ဆောင်နိုင်ခြင်း ရှိ၊ မရှိကို ထပ်မံ အသိပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ တက္ကသိုလ်ကျောင်းအသီးသီးမှ လေဆိပ်သို့ သွားရောက်ရန် သံရုံးက ဘတ်စ်ကား နှစ်စီး စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ကျောင်းသားများလိုက်ပါလာမည့် လေယာဉ်သည် မန္တလေးလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေးမြို့တွင် ကျောင်းသားများကို စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့က ပြင်ဆင် ဆောင်ရွက်ထားကြောင်းလည်း ဆိုသည်။

မြန်မာကျောင်းသားများ မန္တလေးသို့ ဆိုက်ရောက်သည့်အခါ ၁၄ ရက်ကြာ စောင့်ကြည့်နိုင်ရန် ဆေးရုံများ၌ သီးသန့်ခန်းများ ပြင်ဆင်ထားသည်ဟု မန္တလေးမြို့ Surveillance and Response Team (SRT) ၏ ဥက္ကဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဇန်နဝါရီလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မန္တလေးမြို့မှ တရုတ်ခရီးသွား ၇၃ ဦးကို အထူးလေယာဉ်ဖြင့် တရုတ်အစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အဆိုပါ ၇၃ ဦး လည်ပတ်တည်းခိုခဲ့သည့် နေရာများကို စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ရက်အနည်းငယ်သာ နေထိုင်ရသေးပြီး တရုတ်သို့ ပြန်လည်ထွက်ခွာလိုသည့် ခရီးသွားများကိုလည်း ထွက်ခွာခွင့် ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များက ပြောကြားထားသည်။

ပြင်သစ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် ဝူဟန်မြို့တွင် ရောက်ရှိနေ‌သော ၎င်းတို့၏ နိုင်ငံသားများကို အထူးလေယာဉ်များ စေလွှတ်၍ ယခုအပတ်အတွင်း အသီးသီး ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းနှင့် ခွင့်ပြုချက်စောင့်ဆိုင်းနေသော နိုင်ငံအများအပြားလည်း ရှိကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ကွမ်ကျိုးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီလ ၃၁ ရက်၊ မနက် ၁၀ နာရီခွဲ လေယာဉ်နှင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားခရီးသည်တစ်ဦးကို ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ သံသယလူနာအဖြစ် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှုန်း မြင့်မားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်အထိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရသည့် လူနာပေါင်း ကမ္ဘာတစ်ဝှမ်း၌ ၉,၇၀၀ ဦး ရှိသည့်အနက် တရုတ်နိုင်ငံတွင် ၉,၆၀၀ ဦးကျော် ရှိကာ သေဆုံးသူ ၂၁၃ ဦး ရှိနေပြီ ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပတွင် သေဆုံးသူ မရှိသေးချေ။ ထိုင်းနိုင်ငံတွင် ကူးစက်ခံလူနာ ၁၄ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံပြင်ပတွင် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်နေသည်။

ခင်မို့မို့လွင် Myanmar Now

Leave a Reply