စာကြည့်တိုက်အရေးလှုပ်ရှားသူများ နှင့် စာပေအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ရန်ကုန်တိုင်းလွှတ်တော်၌ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

စာကြည့်တိုက်တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ရန်ကုန်တိုင်းလွတ်တော်တွင် ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း Save the Library ကွန်ရက်မှ ကိုမောင်မောင်စိုးက ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေရေးရာမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ၊ စာကြည့်တိုက်ပညာရှင်များ၊ စာကြည့်တိုက်လုပ်ဆောင်နေသူများပါဝင်ကာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဥပဒေကြမ်းဆွေးနွေးပွဲကိုသုံးကြိမ်ပြုလုပ်ခဲ့ကြောင်း ၎င်းက Myanmar Now ကို ပြောသည်။

စာပေအသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ဦးစွာ ဆွေးနွေးခြင်းမရှိဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့က ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့သောကြောင့် မကျေနပ်ချက်များ ရှိခဲ့ခြင်းဖြစ်ကြောင်းဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က “စစချင်းတုန်းကတော့တော်တော်များများ မကြိုက်ပါဘူး၊ ကျွန်တော်တို့ ခုက စာပေအသိုင်းအဝိုင်းက လူတွေရယ်စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ပညာရှင်တွေကို ခေါ်တွေ့ပြီးတော့ Public hearing (လူထုကြားနာမှု)တွေ လုပ်ပြီးသွားပြီ၊ ဆွေးနွေးပြီးနောက်ပိုင်းမှာတော့ ပြန်ထွက်လာမယ်ဆိုရင်တော့ပြည်သူလူထုတွေလိုလားတဲ့ ပညာရှင်တွေ ဖြစ်စေချင်တဲ့အတိုင်းဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားမှာပါ”ဟု ပြောသည်။

ပြန်လည်ပြင်ဆင်မည့် ဥပဒေကြမ်းတွင် မှတ်ပုံမတင်ထားသော စာကြည့်တိုက်များကို အရေးယူမည် ဆိုသည့်အချက် မပါတော့ဘဲ စာကြည့်တိုက်များအား နှောင့်ယှက်ဖျက်ဆီးသူများကိုအရေးယူမည့်အချက် ပါဝင်လာမည် ဖြစ်ကြောင်းနှင့် စာကြည့်တိုက်များကို အစိုးရအဖွဲ့ကသီးခြားရန်ပုံငွေအချို့ ထောက်ပံ့ခြင်းတို့ ပါဝင်လာမည်ဟု ကိုမောင်မောင်စိုးက ပြောသည်။

ယခုကဲ့သို့ ပြန်လည်ဆွေးနွေး ပြင်ဆင်ထားသည့်အတိုင်း ဥပဒေဖြစ်လာမည်ဆိုလျှင် အဆင်ပြေနိုင်ကြောင်းနှင့် အဆိုပါမူကြမ်းကို လာမည့် ဇူလိုင်လတွင်ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြန်လည်တင်ပြင် ဆွေးနွေးသွားမည်ဟု သိရကြောင်းလည်း၎င်းက ပြောသည်။

မှတ်ပုံမတင်ထားသည့် စာကြည့်တိုက်နှင့် မှတ်ပုံတင်ထားသည့် စာကြည့်တိုက် မည်သို့ကွာခြားမှုရှိကြောင်းကို ကိုမောင်မောင်စိုးက “Mobile library (ရွေ့လျားစာကြည့်တိုက်) လိုကျတော့ခဏတဖြုတ်ဖွင့်တာဆိုတော့ မှတ်ပုံတင်ရင် အလုပ်ရှုပ်တယ်ဆိုတော့ မတင်လည်းရတယ်။တကယ်သေချာခိုင်မာတဲ့ စာကြည့်တိုက်တွေကတော့ မှတ်ပုံတင်သင့်တယ်။ မှတ်ပုံတင်ရခြင်းက အစိုးရဘတ်ဂျတ်ရန်ပုံငွေတွေ ခွဲဝေတာမှာ ကိုယ့်မြို့နယ်အလိုက် ခွဲဝေတဲ့အခါကျတော့ပိုက်ဆံသုံးလို့ရတဲ့အတွက် စာကြည့်တိုက်အနေနဲ့ ဘတ်ဂျက်တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်တယ်။ အဲဒီလို ကွဲသွားတာပေါ့” ဟု ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေကြမ်းကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းကို စာကြည့်တိုက်အရေး လှုပ်ရှားသူများနှင့် ပြည်သူများက ဝေဖန်မှုများပြုလုပ်အပြီးတွင် ယခုကဲ့သို့ စာကြည့်တိုက်ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းတွင် ပါဝင်ခဲ့သည့် အခန်း (၇) ပါ ပုဒ်မ (၁၆) နှင့် (၁၇) သည် စာကြည့်တိုက်များ မှတ်ပုံမတင်မနေရ ဟူသော သဘောမျိုး သက်ရောက်နေပြီး မှတ်ပုံမတင်ထားသည့်စာကြည့်တိုက်တို့သည် ဒဏ်ငွေ ကျပ်တစ်သိန်းထိ ကျခံနိုင်ကြောင်းနှင့် အခန်း (၈) ပါ ပုဒ်မ(၁၈) ၌ ပါဝင်သည့် တားမြစ်ချက်များကို ကျူးလွန်ချိုးဖောက်ပါက ထောင်ဒဏ် တစ်လဖြစ်စေဒဏ်ငွေ နှစ်သိန်းထိဖြစ်စေ ကျရောက်နိုင်ကြောင်း စသည့် အကြောင်းအရာများသည်စာကြည့်တိုက်ဖွံ့ဖြိုးရေးကို အဟန့်အတား ဖြစ်စေနိုင်သည်ဟူ၍ စာကြည့်တိုက်အရေး လှုပ်ရှားကြိုးပမ်းသူများနှင့် စာပေအသိုင်းအဝိုင်းက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

Leave a Reply