မော်လမြိုင် အောက်တိုဘာ

ဝေဖန်မှုများရှိနေသည့် မော်လမြိုင်-သာယာကုန်းတိုးဂိတ် လမ်းပိုင်း နိုင်လွန်ကတ္တရာ ခင်းကျင်းမှုကို ကုမ္ပဏီအား စာချုပ်အတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကြည်သွင်ဦးက ပြောဆိုသည်။

ယင်းလမ်းကို AK ကုမ္ပဏီမှ BOT စနစ်ဖြင့် လုပ်ကိုင်နေသော အရှည် ၃၇ မိုင်ရှိ မော်လမြိုင်-မုဒုံ-သံဖြူဇရပ်လမ်းကို ၂ လမ်းသွား နိုင်လွန်ကတ္တရာ မိုင် ၂၀ ခင်းပြီးနောက် ကျန်ရှိနေသည့် ၁၇ မိုင်အား ၂၀၁၉ ဇွန်လတွင် ဦးစွာ အပြီးသတ်ရမည်ဟု ၎င်းက ပြောသည်။

“ဆောက်လုပ်ရေးအနေနဲ့ သူတို့ကို ညွှန်ကြားပေးမှာပါ။ ဒီ ၃၇ မိုင် ပြည့်သွားတဲ့အချိန်မှာ လာမယ့် ၂၀၁၉-၂၀၂၀ ကျရင် traffic များတဲ့အပိုင်းကို ၄ လမ်းသွားဖြစ်ဖို့အတွက် ညွှန်ကြားပေးဖို့များတယ်” ဟု ၎င်းက ဆိုသည်။

စာချုပ်အရ ပျမ်းမျှယာဉ်စီးရေ ၂၀၀၁ မှ ၅၀၀၀ ကြားရှိလျှင် ၄ လမ်းသွား နိုင်လွန်ကတ္တရာ တည်ဆောက်ပေးရမည်ဟု စာချုပ်တွင်ပါရှိကာ မတ်လက ကောက်ယူထားသောစာရင်းအရ သာယာကုန်းတိုးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသည့် ပျမ်းမျှယာဉ်စီးရေ ၄၀၀၀ ရှိသည်ဟု ၎င်းက ပြောသည်။

ယခုအခါ နိုင်လွန်ကတ္တရာ ခင်းကျင်းရာ၌ ၄ သွားလမ်းကို အလယ်တည့်တည့် ၂ လမ်းသွား ပုံစံဖြင့် လမ်းခင်းကျင်းနေမှုကြောင့် ဝေဖန်မှုများ ရှိနေသည်။

“ဒီဟာခင်းထားတာကြာပြီ ပြန်ဆက်ခင်းမလားလို့ ကြည့်နေတာ။ ခုထိမခင်းသေးဘူး။ ဘာလို့ချန်ထားလဲဆိုတာ စဉ်းစားမရဘူး။ အမြင်နဲ့ရော အသုံးပြုနေရတာရော သိပ်အဆင်မပြေဘူး” ဟု အမှတ် ၅၂၅ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းမှ တပ်သားပြည့်စုံဦးကပြောသည်။

ယာဉ်အများစုမှာ နိုင်လွန်ခင်းထားသော ၂ လမ်းသွား လမ်းပေါ်သို့ တိုးဝှေ့မောင်းကြသဖြင့် ယာဉ်အန္တရာယ်ဖြစ်ပေါ်ရန် အခွင့်အလမ်းများကြောင်း ၎င်းကပြောသည်။

“အခုလုပ်ထားတဲ့ အနေအထားအရဆိုရင် အန္တရာယ်ကသိပ်များတယ်” ဟု မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က ဆိုသည်။

AK ကုမ္ပဏီမှ ကတိကဝတ်အတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ ၎င်းတို့အနေဖြင့် စောင့်ကြည့်နေပြီး ကတိကဝတ်ဖောက်ဖျက်ပါက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးကာ အရေးယူရန် တောင်းဆိုသွားမည်ဟု ဒေါ်နွယ်နွယ်အောင်ကပြောသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၆ အမျိုးသားလွှတ်တော်တွင် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်လမ်းပိုင်း နိုင်လွန်ကတ္တရာခင်းခြင်းအတွက် AK ကုမ္ပဏီ၏ ဆောင်ရွက်ချက်များအပေါ် အရေးယူပေးရန် ဒေါ်နွယ်နွယ်အောင်က မေးမြန်းခဲ့သည်။

AK ကုမ္ပဏီ၏ လမ်းအဆင့်မြှင့်တင်ခြင်း လမ်းအဆင့်မြှင့်တင်ခြင်းကို စီမံချက်နှင့်အညီ စစ်ဆေးလမ်းညွှန်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့သည်။

စန္ဒာဉာဏ်

Leave a Reply