ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ဝ လက်နက်ကိုင်အဖွဲ့(UWSA) ထိန်းချုပ်နယ်မြေတွင် စိတ်ကြွရူးသွပ်ဆေးပြား (WY) ၁၈ သိန်းနှင့်လူ ၈ ဦးကို အောက်တိုဘာ ၁ ရက်နေ့က ဖမ်းဆီးရမိသည်ဟု ဝ တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တစ်ခုက ဝ ထိန်းချုပ်နယ်မြေဖြစ်သော  အမှတ် ၁၇၁ စစ်ဒေသနယ်မြေကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ မူးယစ်ဆေးပို့ဆောင်မည့်သတင်းကို ရရှိခဲ့သည့်အတွက် ကြိုတင်စောင့်ဆိုင်းခဲ့ပြီးနောက် ယခုလိုဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မူးယစ်မှောင်ခိုအဖွဲ့ကို ထိုင်းမြန်မာနယ်စပ် ဟွေအောမြို့နယ် နမ့်ယွန်းရွာအနီးတွင် မနေ့မနက် ၁၁ နာရီ ခန့်က ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယင်းအဖွဲ့က စတင်ပစ်ခတ်သည့်အတွက် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊ အလောင်း ၂ လောင်း၊ လူ ၈ ဦးနှင့် WY ဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံသားများသာဖြစ်ပြီး ၎င်းတို့ကို အစိုးရထံပြန်လည်လွှဲ၊ မလွှဲကို အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းသွားမည်ဟု ၎င်းကဆက်လက်ပြောသည်။

“ အရင်ကလည်း လွှဲပြောင်းပေးဖူးတာတွေရှိတယ်၊ အခုကတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ ညှိနှိုင်းနေတုန်းပဲ ” ဟု ဦးညီရမ်းက ပြောသည်။

ထို့အပြင် ထွက်ပြေးလွတ်မြောက်သွားသည့် မှောင်ခိုသမားများလည်းရှိနေပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် ကြိုးစားနေကာ ထိုင်းနိုင်ငံဘက် ကျော်လွန်သွားလျှင် ဖမ်းဆီးနိုင်ရန် မဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

UWSA ‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူများကို ၎င်းတို့ ကိုယ်ပိုင်ဥပဒေများဖြင့် စီရင်လေ့ရှိပြီး အမြင့်ဆုံးပစ်ဒဏ်အဖြစ် သေဒဏ်ပေးလေ့ရှိကာ ယခင်က မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်ပေးခဲ့ဖူးသည့် သာဓကများလည်းရှိကြောင်း ‘ဝ’ လက်နက်ကိုင်အဖွဲ့ထံမှ သိရသည်။

Leave a Reply