Advertisements

ရဲတပ်ဖွဲ့ သိက္ခာကျဆင်းစေရန် Facebook ပေါ်တွင်ရေးသားဖော်ပြမှုများနှင့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ်ကာ အီလက်ထရောနစ်ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်လိုက်၍ သက္ကမိုးညိုအကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ယင်းပုဒ်မမှာ အာမခံပေး၍ မရကြောင်း ပျဉ်းမနားရဲစခန်း ထံမှသိရသည်။

သက္ကမိုးညိုကို နေပြည်တော်၊ အမှတ် ၁ ရဲတပ်ဖွဲ့စခန်းမှနေ၍ ပျဉ်းမနားရဲစခန်း သို့လွှဲပြောင်း ဖမ်းဆီးထားအကြောင်းလည်း စုံစမ်းသိရှိရသည်။

Myanmar Now က ကနဦးရရှိထားသော Wisdom Hill ကျောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည် ဆိုသည့် သတင်းမှာ မှားယွင်းပြီး သက္ကမိုးညိုကို ရဲတပ်ဖွဲ့ကသာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်းလည်း ပျဉ်းမနားရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

 

(ကနဦး ရရှိထားသော သတင်း)

၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ၍ သက္ကမိုးညိုကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး

နေပြည်တော် Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူ ကလေးငယ် ဗစ်တိုးရီးယား အရေးကို အဆက်မပြတ် ရေးသားဖော်ပြပေးနေသည့် သက္ကမိုးညို အကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို Wisdom Hill ကျောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လိုက်၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲတပ်ဖွဲ့စခန်းက ယနေ့နံနက်တွင် ခေါ်ယူစစ်ဆေးနေကြောင်း Myanmar Now က သတင်းရရှိထားသည်။

မနေ့ညကလည်း နေပြည်တော်ရှိ သက္ကမိုးညိုနေထိုင်ရာ တိုက်ခန်းသို့ မသင်္ကာဖွယ်အရပ်ဝတ် ၂ ဦးလာရောက်ခဲ့ကြောင်းလည်း သူ၏အကောင့်တွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ အာမခံပေးရမည့် ပုဒ်မလည်းဖြစ်သည်။

အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။

Leave a Reply