မုဒုံ ၊ မေ ၂၃

သက်ငယ်မုဒိန်းမှု ကျူးလွန်သည်ဟု တိုင်ကြားခံထားရသူ ထံမှ ငွေကြေးတောင်းခံခဲ့သည်ဟူသော စွပ်စွဲချက်နှင့် မုဒုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်း ကို မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၏ အမိန့်အရ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးလျက်ရှိကြောင်း အဆိုပါခုံရုံးအဖွဲ့ခေါင်းဆောင် ကျိုက်မရောမြို့နယ် ရဲမှူး မင်းအောင် က ပြောသည်။

မုဒုံမြို့နယ် ကော့ခပုံကျေးရွာ အလယ်ပိုင်းနေ ဦးအောင်ဝင်း ၏ သားဖြစ်သူပိုင်စိုးသူ (ခ) အဘိုင် က တစ်အိမ်တည်းနေ အဖေတူ အမေကွဲ ညီမဖြစ်သူ ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ကြောင်း အဓမ္မပြု ကျင့်ခံရသောကလေးငယ် ၏ မိခင်က မေလ ၁၈ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မုဒုံမြို့မ ရဲစခန်း သို့ပ(၂၂၄၀/၂၀၁၉) ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ပေးခဲ့ ခြင်းလည်းဖြစ်သည်။ ယင်းအမှုတွင် မုဒုံမြို့မရဲစခန်းမှူး က စွပ်စွဲခံရသူ ၏ ဖခင်ထံ မှ ငွေကျပ်တစ်သိန်း တောင်းခံခဲ့သောကြောင့် ယင်းသို့ စစ်ဆေးနေခြင်းဖြစ်ကြောင်း ရဲမှူး မင်းအောင် ကဆိုသည်။

အဆိုပါ အမှုကို တိုင်ကြားသည့် မေလ ၁၈ ရက်နေ့မှာပင်ဖခင်ဖြစ်သူက ရဲစခန်းကိုရောက်လာချိန်တွင် မုဒုံမြို့ရဲစခန်းမှူး က ငွေကျပ်နှစ်သိန်း တောင်းခဲ့ပြီး ဖခင်ဖြစ်သူက နှစ်သိန်းကျပ်မတတ်နိုင်ကြောင်း ပြောဆိုရာ ငွေကျပ်တစ်သိန်း ကို နောက်တနေ့ နံနက် ၉ နာရီ အချိန်တွင် လာပေးရန် တောင်းခံခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ နှင့် ပြစ်မှုကျူးလွန်ခံရသူ၏ ဖခင် ဦးအောင်ဝင်း ကပြောကြားသည်။

မေလ ၁၉ ရက်နေ့ တွင် ငွေတစ်သိန်းပြည့်ရန် ချေးငှားပြီး နံနက်၉ နာရီကျော်လွန်သွားသည့်သောကြောင့် ကော့ခပုံကျေးရွာမှ ရာအိမ်မှူး ဦးမြင့်ဆိုသူ က လာရောက်တောင်းခံခဲ့ပြီး စခန်းမှူး ဒုရဲမှူးခင်မောင်ထွန်း ထံတိုက်ရိုက်မပေးတော့ဘဲ ရာအိမ်မှူး ဦးမြင့် မှ တဆင့် ငွေပေးခဲ့ကြောင်း ဦးအောင်ဝင်းကပြောသည်။

အဆိုပါ ကော့ခပုံကျေးရွာမှ ရာအိမ်မှူးဦးမြင့်ကမှု “ကျွန်တော်ဘာမသိ၊ ပိုက်ဆံလာပေး ခိုင်းလို့လာပေးတာ၊ စခန်းရောက်တော့ စခန်းမှူးက ခုံပေါ်မှာတင်ထားလို့ ပဲပြောတယ်” ဟု ဆိုသည်။

ထိုသို့ ငွေကျပ်တစ်သိန်း တောင်းခံသည့် ကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၁ ရက်နေ့တွင် “San Lin Oo” အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးက “ သမီးဖြစ်သူက သားမယားပြုကျင့်ခံရသည်ကတစ်ကြာင်း၊ သားဖြစ်သူက မုဒိန်းမှုဖြင့် အမှုဖွင့် ခံထားရသည်ကတစ်ကြောင်း ပူပင်သောကရောက်နေသော ဖခင်ထံမှ ရာထူးအကြောင်းပြ ငွေတောင်းခံသော မုဒုံမြို့မ ရဲစခန်းမှူး ကို မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့အနေနှင့် အရေးယူပေးရန် တိုက်တွန်းရေးသားထားသည်။

မေလ ၂၁နေ့ညတွင် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်း က ကော့ခပုံကျေးရွာရာအိမ်မှူး ဦးလွန်းကြုံ ကို ဖုန်းဖြင့် ခေါ်ဆိုခဲ့ပြီး ငွေကျပ်တစ်သိန်းကို ဦးအောင်ဝင်းထံ ပြန်ပေးရန် စေခိုင်းခဲ့ကြောင်း ဦးလွန်းကြုံကပြောသည်။

“ကိုအောင်ဝင်းကို ပိုက်ဆံပြန်ပေးဖို့အတွက် သူ့အပိုင် ဦးမြင့်ကို ပြောတယ်၊ဦးမြင့်က ကိုအောင်ဝင်းကိုပေးတယ် ကိုအောင်ဝင်းမယူဘူး၊ဦးမြင့်က စခန်းမှူးကို ပြန်ပေးတယ် စခန်းမှူးက မယူဘူး”ဟု ဦးလွန်းကြုံကပြောသည်။

သက်ငယ်မုဒိန်းမှု ဖြင့်အမှုဖွင့်ခံထားရသူထံ မှ ငွေကြေးတောင်ခံသော အမှု နှင့်ပတ်သက်ပြီး မေ၂၂တွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့ မှူးခေါင်းဆောင်ပြီးအဖွဲ့ဝင် နှစ်ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ကို ဖွဲ့စည်းပြီး စစ်ဆေးရန်ပြင်ဆင်လျက်ရှိသည်။

ယင်းကိစ္စနှင့် ပတ်သတ်ပြီးမုဒုံ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်း ထံသွားရာက်မေးမြန်း သော်လည်း အဆိုအမှုကို စစ်ဆေးခံဖို့ စောင့်နေကြောင်းနှင့် အထက်ကို တင်ပြပြီးမှသာ ပြန်လည်ဖြေကြား နိုင်မည်ဖြစ် ကြောင်းသာ ပြောဆိုခဲ့သည်။

စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ခေါင်းဆောင် ရဲမှူးမင်းအောင်ကလည်း “ အကုန်လုံးစစ်ပြီးမှ တိတိကျကျပြော နိုင်မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

တစ်အိမ်တည်းနေ အဖေတူ မအေကွဲ ညီမ ဖြစ်သူအသက်၁၂အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူ ပိုင်စိုးသူ (ခ) အဘိုင် ကို သို့ပ(၂၂၄၀/၂၀၁၉) ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

ရန်လင်းအောင်

1 comment:

Leave a Reply