ဖမ်းဆီးသူများက စီမံချက်များဖြင့် တိုးမြှင့်လုပ်ဆောင်နေသည်ဆိုသော်လည်း မွန်းတည် ၁၂ နာရီနှင့် ညနေ လေးနာရီခွဲ အချိန်များ တွင် နှစ်လုံး၊သုံးလုံး ထီထိုးသူများက ထိုင်းဂြိုဟ်တုလိုင်းများမှ ထုတ်လွှင့်သည့် ထိုင်းစ တော့အိတ်ချိန်းမှ ဂဏာန်းများကို ကြည့်ရှု၍ မပြတ်ပင်။
ထို့အတူ မန်ယူ၊အာဆင်နယ်၊ချဲလ်ဆီး အစရှိသည့် ပရီးယားလိဂ်ပွဲများအစချီ၍ အခြားဥရောပလိဂ်ပွဲစဉ်များ၊ ဖလား ပွဲစဉ်များ အတွက် မောင်း၊ဘော်ဒီ အစရှိသည့် လောင်းကြေးများဖြင့် အလျော်အစားလုပ်ငန်းကလည်း လည်ပတ်နေဆဲ..။

IMG_7119 copy
ထိုလုပ်ငန်းကို ကား အစိုးရဆက်ဆက် ဖမ်းဆီးခဲ့လေသည် ။ သို့သော် အောက်ခြေဘလ်ပေးလဘ် ယူမှုများ နှင့် တရားဥပဒေ စိုးမိုးရေးအခြေမခိုင်သောကြောင့် မမြစ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် အစိုးရ သစ်မှုဝါဒမှာ လည်း အဆိုပါ အလောင်းကစား မှုများကို ဖမ်းဆီရန် သာစိုင်းပြင်နေသည်။
“လောင်းကစားနဲ့မူးယစ်ဆေးဝါးကို တိုးမြှင့်ဖမ်းနေတယ် “ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုူးရုံးမှ ရဲမှူး(ဦးစီး) ဝင်းအောင်က ပြောကြား သည်။ က ထပ်လောင်းပြောဆိုသည်။
ဖမ်းဆီးမှုများတိုးမြှင့်ခြင်းကြောင့် မော်လမြိုင်မြို့ရှိ သက်ဆိုးရှည် လောင်းကစားများဖြစ်သော နှစ်လုံး၊သုံးလုံးနှင့် ဘောလုံး လောင်းကစားများ အမြစ်ပြတ်၊မပြတ်မှာမူ ဝေဝါးနေဆဲပင်ဖြစ်သည်။

တစ်လုံး၊ နှစ်လုံးဇစ်မြစ်

မည်သူက စတင်တီထွင်သည်ကို သမိုင်းခြေရာခံရန် ခက်သော နှစ်လုံးထီ၏ အစမှာ ထိုင်းစတော့အိတ်ချိ်န်းမှ မဟုတ်ဘဲ မြန်မာအောင်ဘာလေထီ၏ ပေါက်ဂဏန်း၏ နောက်ဆုံးနှစ်လုံးကို ပေါက်ဂဏာန်းအဖြစ်သတ်မှတ်၍ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ပေါ်ရှိ နှစ်လုံးထီလုပ်ငန်း လုပ်ကိုင်ဖူးသူများထံမှ သိရသည်။
အဆိုပါနှစ်လုံးထီခေတ်ကာလကောင်းစဉ်ကာလများမှာ ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်ကာလများဖြစ်ပြီး ယင်းနောက်မှ အောင်ဘာလေထီအစား ထိုင်းစတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် ရှယ်ယာဈေးနှုန်းများမှ ဂဏန်းများကို တစ်ရက်လျှင် နှစ်ကြိမ်ပေါက်ဂဏာန်းဖွင့်၍ ပြောင်းလဲဆော့ခဲ့ကြခြင်းဖြစ်သည်။
“အောင်ဘာလေက ကြည့်ရတာမလွယ်တော့ ထိုင်းစတော့အိတ်ချိန်းကိုပြောင်းလိုက်တယ်”ဟု နှစ်လုံးထီခေတ် ဦးပိုင်းက ချဲဒိုင်ကိုင်သူတစ်ဦးထံတွင် စာရေးအဖြစ်လုပ်ကိုင်ဖူးသူ အသက် ၃၀ အရွယ်ရှိ ဦးမြင့်အောင် (အမည်လွှဲ)က ပြောကြားသည်။
ဦးမြင့်အောင်သည် ၂၀ဝ၃ ခုနှစ်နှင့် ၂၀ဝ၄ ခုနှစ်ကာလများက မော်လမြိုင်မြို့တွင်နေထိုင်၍ ရန်ကုန်မြို့တွင် ချဲဒိုင်လုပ်ငန်းသွားရောက်လုပ်ကိုင်သူတစ်ဦးထံတွင် ချဲစာရေးအဖြစ် သုံးနှစ်ကျော်လုပ်ကိုင်ခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံ၏ စတော့အိတ်ချိ်န်းမှ ရှယ်ယာပေါက်ဈေးများမှ ကိန်းဂဏာန်းများကို ပေါက်နံပါတ်အဖြစ် သတ်မှတ် လိုက်ချိန်တွင်တော့ စနေ၊တနင်္ဂနွေနေ့များမှအပ မြန်မာနိုင်ငံ၌ နှစ်လုံးထီမှာ တစ်ရက်လျှင် နှစ်ကြိမ်ခန့်ဖြင့် စီးပွားဖြစ်သိန်းသောင်းချီဆော့ကြသူများမှ အစ ဈေးဖိုးငွေဖြင့် အပိုငွေရှာသူ အိမ်ရှင်မများအဆုံး ပုံမှန်ရင်ခုန်စရာ ကစားနည်းတစ်ခုဖြစ်လာတော့သည်။
ထို့အတူ သုံးလုံးထီမှာလည်း ထိုင်းနိုင်ငံ၌ တစ်လလျှင် နှစ်ကြိမ်ထွက်သည့် ထိုင်းထီကြီး၏ နောက်ဆုံးဂဏာန်း သုံးလုံးကို ပေါက်ဂဏာန်းအဖြစ်သတ်မှတ်ထားခြင်းဖြစ်ပြီး နှစ်လုံးထီကစားသူ အများစုမှာလည်း သုံးလုံးထီကို တစ်လလျှင် နှစ်ကြိမ်ခန့်ရင်ခုန်ကြလေ့ရှိသည်။
ဘောလုံးပွဲများမှာမူ ဥရောပထိပ်တန်းကလပ်များ၏ ဘောလုံးပွဲစဉ်ရလဒ်များကို နိုင်ငံတကာရှိ တရားဝင် ဘောလုံး ဒိုင်များ၏ ပေါက်ကြေးများဖြင့် လောင်းကြေးများကို ဖွင့်လှစ်နေကြခြင်းဖြစ်သည်။
နာမည်သာ ဘောလုံးပွဲလောင်းခြင်းဟုဆိုသော်လည်း ယင်းခေါင်းစဉ်အောက်၌ ကစားနည်းလေးမျိုးနှင့် အထက်ရှိ ကြောင်း ချဲစာရေးလုပ်ကိုင်ခြင်းရပ်တန့်ပြီးနောက်ပိုင်း ဘောလုံးပွဲဒိုင်ကို ကော်မရှင်စား အဖြစ်ပြောင်းလဲလုပ်ကိုင်ခဲ့သော ဦးမြင့်အောင်က ရှင်းပြသည်။
ဖွင့်ထားသည့်လောင်းကြေးကိုကြည့်ကာ ကြိုက်သည့်တစ်သင်းကိုရွေး၍ လောင်းရသည့် ဘော်ဒီကစားနည်း၊ ဂိုးရလဒ်ကို ခန့်မှန်းသည် Focus(ဖိုးကပ်စ်) ထိုးခြင်း နှင့် လေးသင်းမှ ဆယ်သင်းအထိရွေးချယ်၍ ကိုယ်ရွေးချယ် ထားသည့်အသင်းများလောင်းကြေးနိုင်ပါက အဆဖြင့်ရရှိသည့် မောင်းထိုးခြင်းစသည့် ကစားနည်းများရှိကြောင်း ဘောလုံးပွဲဒိုင်များထံမှ သိရသည်။

ယုံကြည်မှု ဈေးကွက်

စတင်ပေါ်ပေါက်ခဲ့ချိန်မှစ၍ လက်ရှိအချိန်ထိ ဆယ်စုနှစ် တစ်ခုကျော်ကြာမြင့်နေသည့် နှစ်လုံးထီ၊ သုံးလုံးထီဈေး ကွက်မှာ ၂၀ဝ၂၊ ၂၀ဝ၃ ဝန်းကျင်များက အအောင်မြင်ဆုံးကာလဖြစ်ခဲ့သည်။
“အဲ့တုန်းက အခုထက်ထိုးသားပိုများတယ်”ဟု ကိုမြင့်အောင်က ပြောဆိုသည်။
ရွှေထီးဆောင်းခဲ့စဉ်ကာလမှ ယခုအချိန်အထိ ဖမ်းဆီးနေခဲ့သည်ဆိုသော်လည်း နှစ်လုံး၊သုံးလုံးထီဈေးကွက်မှာ အလဲထိုးခြင်းမခံရသေးသည့် အခြေအနေဖြစ်နေသည်။
သို့သော် တရားမဝင်ဈေးကွက်ဖြစ်သောကြောင့် လေဖြင့်ထိုးကြပြီး လျော်ချိန်နှင့် ပေးချေသည့်အချိန်များတွင် ထွက်ပြေးမှုများရှိလာကာ ယခုနှစ်များတွင် ထိုးသူလျော့ကျလာကြောင်း လက်ရှိအချိန်ထိ နှစ်လုံးထီနှင့်ချဲများကို မော်လမြိုင်မြို့ရှိ ရပ်ကွက်တစ်ခုတွင်ကော်မရှင်ဖြင့် ရောင်းချပေးနေသူ ဦးကျော်မျိုး (အမည်လွှဲ) က ပြောဆိုသည်။
“အခုတော့ မနက်၊ည နှစ်ကြိမ် တစ်ရက်ကို ကျပ်တစ်သိန်းဖိုးလောက်ပဲရောင်းရတယ်”ဟု ခြောက်နှစ်ကြာ နှစ်လုံးနှင့် သုံးလုံးထီများကို ရောင်းချနေသူ ၎င်းက ပျှမ်းမျှရောင်းရသည့်ပမာဏကို တွက်ချက်ပြသည်။
ဈေးကွက်အတွင်း စိတ်ချရသူမည်သူမျှမရှိကြောင်းကို ၎င်းက “မပေးဘဲ ပြေးတာက ထိုးသားရော၊ ကော်မရှင်ရော၊ ဒိုင်ရော သုံးဘက်စလုံးမှာ ရှိနေတယ်”ဟု ပြောဆိုသည်။
ထို့အတူ ဘောလုံးလောင်းကစားတွင်လည်း လက်ရှိအချိန်တွင် ဒိုင်များမှာ စိတ်ချရသည့် ဖောက်သည်များ ကိုသာ လက်ခံတော့ကြောင်း ဘောလုံးပွဲဒိုင်များထံမှ သိရသည်။
“ဒီအလုပ်တွေက ယုံကြည်မှုနှင့်လုပ်ရတာလေ “ဟု ဘောလုံးပွဲဒိုင်အဖြစ်လုပ်ကိုင်ခဲ့သူ ဦးမြင့်အောင်ကဆိုသည်။
ထွက်ပြေးပါက ရဲသို့တိုင်ကြား၍ မရဘဲ ငွေဆုံးရှုံးနိုင်မှုရှိခြင်းနှင့် ထောင်ဒဏ်အကျခံရခြင်းများရှိသော်လည်း လက်ရှိအချိန်တွင် ထိုးသူ၊ထိုးသားများ နှင့် ရောင်းချသူနှစ်ဘက်စလုံးကြား ဈေးကွက်က ယုံကြည်မှုများနှင့် ခိုင်မာနေသည်။
မော်လမြိုင်မြို့ပေါ်တွင် ရပ်ကွက်အကြီးအသေးကိုလိုက်၍ ရပ်ကွက်တစ်ခု လျှင် ဒိုင်ကြီးများထံမှ ကော်မရှင်ဖြင့် ယူရောင်းသူ လေးဦးခန့်ရှိကြောင်း လက်ရှိအချိန်ထိ နှစ်လုံးထီနှင့်ချဲများကို မော်လမြိုင်မြို့ရှိ ရပ်ကွက်တစ်ခုတွင် ကော်မရှင်ဖြင့် ရောင်းချပေးနေသူ အသက် ၃၃ နှစ်အရွယ်ရှိ ဦးကျော်စိုး(အမည်လွှဲ)က ပြောဆိုသည်။
“ဘာမှမလိုဘူးလေ။စာရွက်နဲ့ ဘောလ်ပင်ပဲလိုတယ်”ဟု နှစ်လုံး၊သုံးလုံးထီကော်မရှင်ဒိုင်အဖြစ် လုပ်ကိုင်ရန် အရင်းအနှီးမလိုပုံကို ၎င်းက ရှင်းပြသည်။
ကော်မရှင်စားများသည် ရောင်းချရသည့်ပမာဏ၏ ဆယ်ရာခိုင်နှုန်းကို ဝင်ငွေအဖြစ် ရရှိနေကြရာ တစ်ရက်လျှင် တစ်သိန်းဖိုးရောင်းရပါက ကျပ်တစ်သောင်းခန့် ပြန်လည်ရရှိကြောင်း မော်လမြိုင်မြို့ပေါ်တွင် နှစ်လုံးထီရောင်း ချသူများထံမှ သိရသည်။
လက်ရှိတွင် နှစ်လုံးထီကော်မရှင်စားများသည် ဖောက်သည်ရှိသည့်အပေါ်မူတည်၍ တစ်ရက်လျှင် အနိမ့်ဆုံး ငါးသောင်း ကျပ်နှင့်အထက် ရောင်းချနေကြရသည်။
ဘောလုံးဒိုင်ကော်မရှင်စားများမှာမူ လောင်းကြေးမှာ တစ်ရက်လျှင် ကျပ် သိန်းနှစ်ဆယ်ဝန်းကျင်အထိရှိကြောင်း ဦးမြင့်အောင်က ဒိုင်အဖြစ်လုပ်ကိုင်ခဲ့စဉ်က ပျမ်းမျှရရှိသူ လောင်းကြေးပမာဏကို ပြန်ပြောင်းပြောဆိုသည်။

တိုးမြှင့်ဖမ်းဆီးမှု

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ မွန်ပြည်နယ်အတွင်းလောင်းကစားမှု ၄၂ မှုဖမ်းဆီးခဲ့ရာတွင် ချဲ ၃ မှုနှင့် နှစ်လုံးထီအမှုမှာ ၂၀ အထိရှိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရရှိသော စာရင်းများအရ သိရသည်။
ဘောလုံးလောင်းကစားမှုနှင့်ပတ်သက်၍ လက်ဖက်ရည်ဆိုင်များတွင် ပြုလုပ်ပါက ထောင်ဒဏ် သုံးလမှ ခြောက်လ အထိ အရေးယူနိုင်ပြီး နေအိမ်အတွင်း ထိုးသားနှင့် ဒိုင် နှစ်မျိုးစလုံးဖမ်းမိပါက ထောင်ဒဏ် ခြောက်လမှ တစ်နှစ်အထိ အရေးယူနိုင်ပြီး ဒဏ်ငွေပါချမှတ်နိုင်ကြောင်း မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
နှစ်လုံးထီဒိုင်များကိုမူ လောင်းကစားဥပဒေပုဒ်မ ၁၅ (က)နှင့် ထိုးသားများကို လောင်းကစားဥပဒေပုဒ်မ ၁၆(က)အရ ထောင်ဒဏ် တစ်နှစ်မှသုံးနှစ်အထိဖြစ်စေ၊ ဒဏ်ငွေပေးဆောင်ခြင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူဆောင်ရွက်နိုင်ကြောင်း၎င်းက ထပ်လောင်းပြောဆိုသည်။
ထိုသို့ အရေးယူနိုင်သော်လည်း လက်ရှိအချိန်အထိ နှစ်လုံး၊သုံးလုံးထီ သမားများ၊ ရောင်းချသူများနှင့် ထိုးသူများ မှာ ပုံမှန်ရှိနေဆဲပင်ဖြစ်သည်။
မော်လမြိုင်မြို့တွင် ရပ်ကွက်ကျေးရွာ လေးဆယ်ကျော်ရှိရာ တစ်မြို့လုံးအတိုင်းအတာဖြင့် နှစ်လုံး၊သုံးလုံးနှင့် ဘောလုံးများကို ကော်မရှင်ဖြင့် ရောင်းချသူ နှစ်ရာကျော်ရှိကြောင်း ဦးမြင့်အောင်က ပြောဆိုသည်။
ယခင်အစိုးရလက်ထက်တွင် ဖမ်းဆီးအရေးယူမှုများရှိခဲ့သော်လည်း အချို့နေရာများတွင် ရဲများကို လိုင်းကြေး ပေးခြင်း၊ လာဘ်ထိုးခြင်းများဖြင့် တိမ်းရှောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
လက်ရှိအချိန်တွင်တော့ နှစ်လုံး၊သုံးလုံးနှင့် ဘောလုံးအပါအဝင် လောင်းကစားများကို အောက်ခြေရဲစခန်းမှ တာဝန်ရှိသူများက လိုင်းကြေးများမရယူဘဲ အရေးယူရန် အထက်ကညွှန်ကြားထားကြောင်း မုပွန်နယ် မြေရဲစခန်းမှ နယ်ထိန်းတစ်ဦးက ရှင်းပြပြောဆိုသည်။
“မဖမ်းရင်တော့ စခန်းကနေ ထုချေလွှာတွေ ပြန်တင်ရမယ်”ဟု အဆိုပါနယ်ထိ်န်းက ဆိုသည်။
ထို့အပြင် ဖမ်းဆီးရာတွင်လည်း အောက်ခြေမှ ကော်မရှင်စားများကိုသာ ဖမ်းဆီးနေခြင်းဖြစ်ပြီး အဓိကကျသူများ ကို မဖမ်းဆီးခြင်းမှာလည်း အားနည်းချက်တစ်ခုဖြစ်ကြောင်း ရဲလိုက်ဖမ်း၍ ထိုင်းနိုင်ငံအထိထွက်ပြေးခဲ့ပြီး ယခုလက်ရှိတွင်လည်း နှစ်လုံးထီကော်မရှင်စား ပြန်လည်လုပ်ကိုင်နေသူ ဦးကျော်စိုးက ထောက်ပြသည်။
“တင်းတင်းကြပ်ကြပ်ဖမ်းရင် ကော်မရှင်စားတွေက မလုပ်ဘူး။တစ်ရက်မှ ရှစ်ထောင်၊တစ်သောင်းရတာလေ”ဟု ၎င်းကထပ်လောင်းပြောဆိုသည်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကမူ မွန်ပြည်နယ်အတွင်း လောင်းကစားများကို အဖွဲ့အစည်းများနှင့် သေချာဆွေးနွေး၍ စီမံချက်များချမှတ်လုပ်ဆောင်မှသာ ပပျောက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ဆိုလိုတာက နှစ်လုံး၊သုံးလုံးက ရိုးရာလိုဖြစ်နေပြီ။ တစ်ခုတွေ့၊တစ်ခုဖမ်းလို့မရတော့ဘူး”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

အမြစ်ပြတ်မည်လော

ထိုသားအများစုမှာ အပျော်ရှာလိုခြင်းနှင့် ငွေပိုငွေလျှံရလို၍ ထိုးကြသည်ဟုဆိုသော်လည်း နှစ်လုံး၊သုံးလုံး နှင့်ဘောလုံးတို့ကြောင့် စီးပွားပျက်သွားသူများမှာလည်း ဒုနှင့်ဒေးပင်ရှိနေသည်။
လောင်းကစားလျော့ပါး၍ အမြစ်ပြတ်ပျောက်ကွယ်ရန် စီမံချက်ရေးဆွဲ၍ ပြည်သူများကို အရင်ဆုံး ပညာပေးခြင်း များပြုလုပ်၍ သေချာရှင်းပြသင့်ပြီး အရေးယူခြင်းများအပါအဝင် လုပ်ငန်းစဉ်များကို ပီပီပြင်ပြင်လုပ်ဆောင်ပါက အောင်မြင်နိုင်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ထပ်လောင်းပြောဆိုသည်။
ဒိုင်လုပ်ကိုင်ဖူးသူ ဦးမြင့်အောင်နှင့် နှစ်လုံးထီဒိုင် ကော်မရှင်စား ကိုကျော်စိုးတို့ကမူ နှစ်လုံးထီနှင့် ဘောလုံးလောင်းကစားများကို ဖမ်းဆီးခြင်းမှာ အမြစ်ပြတ်ပျောက်ကွယ်ရန်မလွယ်ကူဘဲ နိုင်ငံတော်မှ လိုင်စင်ဖြင့်တရားဝင်ခွင့်ပြုသင့်ကြောင်း တစ်ညီတစ်ညွတ်တည်းပြောဆိုနေကြသည်။
“ဘယ်လိုဖမ်းမလဲ။စာရွက်နဲ့ဖမ်းမယ်ဆိုလည်း ဖုန်းနဲ့လုပ်လို့ရနေတာပဲ”ဟု ဦးမြင့်အောင်က မေးခွန်းထုတ်သည်။
တရားဝင်လိုင်စင်ဖြင့်ခွင့်ပြု၍ လုပ်ငန်းများကို အခွန်ပမာဏကြီးမြင့်စွာကောက်ခံပါက ဝင်ငွေပင် ရရှိနိုင်သေး ကြောင်း ၎င်းတို့က ထောက်ပြပြောဆိုကြသည်။
ထို့ပြင် လိုင်စင်ကြေးကြီးမြင့်ခြင်းကြောင့် ဒိုင်များထံမှ အလျော်ငွေများလျော့နည်းလာနိုင်ပြီး ထိုးရမည့်ပမာဏ ကိုလည်း ကန့်သတ်ချက်များဖြင့်လုပ်ဆောင်ပေးပါက အရင်းအနှီးရှိသူများသာ ဆော့လာနိုင်ခြင်းကြောင့် ကစားသူ လျော့ကျလာနိုင်ကြောင်း ဦးကျော်စိုးက သုံးသပ်ပြောဆိုသည်။
“လောင်းကစားက အရင်းရှိမှ ဆော့လို့ကောင်းတာလေ”ဟု ၎င်းကပင်ဆိုသေးသည်။
ဘောလုံးပွဲလောင်းကစားမှာ ဥရောပနိုင်ငံများတွင် တရားဝင်လုပ်ငန်းဖြင့်လုပ်ကိုင်ခွင့်ပေးထားသော်လည်း နှစ်လုံးထီနှင့် သုံးလုံးထီမှာမူ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပေ။
မြန်မာနိုင်ငံတွင်မူ လက်ရှိအချိန်တွင် အဆိုပါလောင်းကစားများကို တရားဝင်ခွင့်ပြုရန် ဥပဒေမရှိသေးချေ။
ထို့အတူ ခွင့်ပြုရန်လုပ်ဆောင်ပါကလည်း လွှတ်တော်တွင် အချေအတင်ဆွေးနွေးရမည့်ကိစ္စဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ထပ်လောင်းပြောဆိုသည်။
ထိုသို့ခွင့်မပြုဘဲ အရေးယူပါကလည်း အဓိကကျသည့် နှစ်လုံး၊သုံးလုံး လုပ်ငန်းရှင်ကြီးများကို ဖမ်းဆီးပါမှ ကော်မရှင်စားများလည်း ပျောက်ကွယ်မည်ဖြစ်ကြောင်း ဦးကျော်စိုးနှင့် ဦးမြင့်အောင်က တုန့်ပြန်ပြောဆိုသည်။
လက်ရှိတွင်တော့ မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လောင်းကစားနှင့် မူးယစ်ဆေးဝါးများကို အရှိန်မြှင့်ဖမ်းဆီးမှုများလုပ်ဆောင်နေပြီဖြစ်သည်။
မုပွန်နယ်မြေရဲစခန်းမှ အမည်မဖော်လိုသူတာဝန်ရှိသူကမူ “ရေသောက်မြစ်ကိုလှန်မှ ပျောက်မှာလေ။၊ သွားထိုးတဲ့လူတွေကအများကြီး၊ ဒီဒိုင်ကြီးတွေကို ဖမ်းမှ လောင်းကစားမှု ပျောက်မယ်”ဟု ဆိုလေသည်။

Leave a Reply