ကော်မရှင်သည် ပြီးခဲ့သည့်စက်တင်ဘာလကတည်းက သက်တမ်းကုန်ခဲ့ပြီဖြစ်ကာ ကော်မရှင်အဖွဲ့ဝင် သက်တမ်း နှစ်ကြိမ်ဆက် ထမ်းခွင့်မရှိသော်လည်း ယခုအထိ အသစ်ပြန်လည်ဖွဲ့စည်းခြင်း မရှိသေးပေ။

သက်တမ်း ကုန်ဆုံးသွားသည်မှာ နှစ်လ ကျော်သွားပြီဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက လိုလားနေကြသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေးအဖွဲ့ (MNHRC Reform Group) ကို ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းပေါင်း ၂၀ က ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရန် ကြိုးစားနေကြသည်။

လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး အဖွဲ့တွင်ပါဝင်သည့် အဖွဲ့တစ်ခုဖြစ်သည့် “အသံအဖွဲ့” မှ ကဗျာ ဆရာမောင်ဆောင်းခက မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ကို ပြုပြင်ပြောင်းလဲရန်အတွက် ရွေးချယ်ရေးအဖွဲ့ကို ပထမဆုံး ပြောင်းလဲရမည်ဖြစ်သည်ဟုဆိုသည်။

“ဥပဒေပြင်မှပဲ ရွေးချယ်ရေးလမ်းကြောင်းကို ပြင်လို့ရမှာ။ တကယ်လို့သာ ဒီရက်ပိုင်းမှာ ဥပဒေမပြင်နိုင်ရင်တော့ ဒီလူတွေပဲ ပြန်ပါလာနိုင်လိမ့်မယ်” ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေးကော်မရှင် ဥပဒေအရ ကော်မရှင် အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးရမည်ဖြစ်သည်။

ထိုအဖွဲ့တွင် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး၊ တရားလွှတ်တော် ရှေ့နေများကောင်စီမှ ကိုယ်စားလှယ်တစ်ဦး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ကိုယ်စားလှယ်နှစ်ဦးတို့က ပါဝင်ရမည်ဖြစ်သည်။

MNHRC Reform Group သည် ပြီးခဲ့သည့် ဩဂုတ်က ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကော်မတီ သုံးခုနှင့် တိုင်းရင်းသားပါတီ လွှတ်တော် ကိုယ်စားလှယ်များကို သွားရောက် တွေ့ဆုံခဲ့သေးသည်။

ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ပြည်သူလူထု အလွှာစုံ ပါဝင်နိုင်ရန်နှင့် ကော်မရှင်အဖွဲ့ဝင်များတွင် လူ့အခွင့်အရေးအကြောင်းကို အမှန်တကယ်နားလည်တတ်ကျွမ်းသူများ ပါဝင်နိုင်ရန် ကော်မရှင်ဥပဒေကို ပြင်ဆင်ရန်လိုသည်ဟု ပြောသည်။

“လူဘယ်လောက်ထိကောင်းကောင်း မူအရ ကန့်သတ်ချက်ရှိလို့ရှိရင် လုပ်လို့မရသလို၊ မူအရ ဘယ်လို ခွင့်ပြု၊ ခွင့်ပြု လူက လုပ်ချင်ကိုင်ချင်စိတ်မရှိရင်လဲ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မရှင်အဖွဲ့ဝင် ၁၅ ဦးပါ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အတွက်ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဌာန်းကာ အဖွဲ့ဝင် ၁၁ ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၁၄ ခုနှစ် ကတည်းက ဖွဲ့စည်းခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၂၄ တွင် ငါးနှစ်သက်တမ်းပြည့်သွားပြီဖြစ်သည်။ ကော်မရှင်ဥပဒေအခန်း (၄) ပုဒ်မ (၁၃) အရ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ၅ နှစ်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ပုဒ်မ (၁၄) အရ ရာထူးသက်တမ်း ၂ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့် မရှိပေ။

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီအဖွဲ့ဝင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက သက်တမ်းကုန်ဆုံးနေပြီဖြစ်သည့် လူ့အခွင့်အရေး ကော်မရှင်ကို သက်တမ်းတိုးထားခြင်းလည်း မရှိသေးသည့်အတွက် အမြန်ဆုံးဖွဲ့စည်းလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

“လူ့အခွင့်အရေးကို တကယ်လေးစားလိုက်နာတဲ့ လူတွေ (ကော်မရှင်ထဲမှာ) ပါဖို့ကို ဆွေးနွေးခွင့်ရရင်တော့ ဆွေးနွေးဖို့ရှိပါတယ်”ဟု သူက ဆိုသည်။

ကျားဖောင်ကိစ္စအပေါ် RFA (Radio Free Asia) တွင် ပြောဆိုမှုတခုကြောင့် ယခုရက်ပိုင်းအတွင်း ဝေဖန်ခံနေရသူ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးယုလွင်အောင်က ကော်မရှင်ကို ပြန်လည်ရွေးချယ်ရန်၊ ဖွဲ့စည်းရန် မည်သည့် ညွှန်ကြားချက်မှ မရှိသေးသလို၊ ၎င်းတို့ ကော်မတီတွင်လည်း ထိုသို့ လုပ်ပိုင်ခွင့်မရှိကြောင်း ပြောသည်။

“ဥပဒေအရ လုပ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေ လုပ်ကြတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဘာမှ မသိပါဘူး”​ဟု ဦးယုလွင်အောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က Myanmar Now သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့သော ရန်ကုန်မြို့၊ လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်အမှုတွင် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များက ကြားဝင်စေ့စပ်ပေးခဲ့ပြီး နှိပ်စက်ခံရသူ မိန်းကလေးငယ်၏ မိဘများကို ကျပ်သိန်း ၅၀ လျော်ကြေးပေးကာ ကြေအေးခဲ့ကြသည်။

ကော်မရှင်၏ဆောင်ရွက်မှုကို မကျေနပ်သည့်အတွက် ကော်မရှင်အဖွဲ့ဝင်များ နုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည့်နောက် ပြည်သူ့လွှတ်တော်တွင်လည်း ကော်မရှင်အဖွဲ့ဝင်များကို အရေးယူပေးရန် အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။

၂ဝ၁၆၊ အောက်တိုဘာ ၆ တွင် ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဝင်း၊ ဒေါက်တာသာဉာဏ်၊ ဒေါက်တာ ဒေါ်ခင်သန်းနွဲ့၊ ဒေါ်မြမြတို့ကို ၎င်းတို့ သဘောဆန္ဒအရ နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်စေခဲ့သည်။

Leave a Reply