Advertisements
- ပျဉ်းပိတောက်ပင်နေရာတွင်ဇန်နဝါရီလ၁၉ရက်ကဆုတောင်း ပွဲပြုလုပ်သည့်မြင်ကွင်းအားတွေ့ရစဉ်(သတင်းဓါတ်ပုံ -knu Mergui Tavoy-facebook)

ထားဝယ်၊ ဇန်နဝါရီ

ထားဝယ်ခရိုင်၊ မေတ္တာမြို့၊အမိုးကျေးရွာအနီး ၊ကယဲသူးချောင်းဖျား၊ တောင်ကြောဒေသရှိ သက်တမ်းရှည် ပျဉ်းပိ တောက်ပင်ကြီးအား အထွဋ်အမြတ်ထားခြင်း ဆုတောင်းပွဲကို ယခုလတတိယသီတင်းပတ်အတွင်း၌ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူးပဒိုအယ်နားက ပြောသည်။

“အထွဋ်အမြတ်ထားပြီးဆိုရင် ခရစ်ယာန်ဆိုတော့ သူ့ သန့်ရှင်းပြီလေ။ လူဆိုးတွေ၊ မကောင်းတာတွေ လာထိလို့ မရတော့ဘူး”ဟု ပဒိုအယ်နားက ဆိုသည်။

ယင်းဆုတောင်းပွဲသို့ တပ်မတော်၊KNU၊ ခရိုင်သစ်တောဦးစီးဌာန၊အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံ၁၀၀ဦးကျော် တက်ရောက်ခဲ့ကြောင်း၎င်းက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြောသည်။

အဆိုပါသစ်ပင်ကြီး၏ဧရိယာတွင် ၁၉၉၀၀န်းကျင်ကတည်းက KNU မှ လယ်နူထီးအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားပြီး သစ်ပင်ခုတ်ခြင်းနှင့် အမဲလိုက်ခြင်းကို ပိတ်ပင်ထားသည်ဟု သိရသည်။
ဆုတောင်းပွဲသို့တက်ရောက်လာသော ခရိုင်သစ်တောဝန်ထမ်းများက သစ်ပင်လုံးပတ်ကို တိုင်းတာရာ လုံးပတ်၃၃ပေရှိကြောင်း၊ မြန်မာနှင့်ကမ္ဘာတွင်အကြီးဆုံးပျဉ်းပိတောက်ပင်အဖြစ် မှတ်တမ်းဝင်မဝင်ကို ဆက်လေ့လာကြမည်ဟုသိရကြောင်း ပဒိုအယ်နားက ပြောသည်။

“သစ်ပင် နှစ်ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှပြောမရဘူး၊ ပညာရှင်ပဲပြောလို့ရမယ်၊ KNU အနေနဲ့ ဒီသစ်ပင်ကို သဘာဝအတိုင်း ထိန်းသိမ်းထားမယ်၊ လူငယ်တွေ ၊ တခြားဒေသခံတွေ လာလေ့လာစေချင်တယ်၊ ဖိတ်ခေါ်ပါတယ်”ဟု ပဒိုအယ်နားက ဆိုသည်။ အဆိုပါပျဉ်းပိတောက်ပင်ကြီးကို ထိုင်းအခြေစိုက်သစ်ထုတ်ကုမ္ပဏီများက ခုတ်ယူရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ဘဲ ကရင်အမျိုးသားအပင်အဖြစ် ထိန်းသိမ်းခဲ့ကြောင်း KNUထံမှ သိရသည်။ ပျဉ်းပိတောက်ပင်သည်အရှေ့တောင်အာရှဒေသအတွင်းရှိ မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ လာအိုနှင့် ဗီယက်နန်နိုင်ငံများတွင်သာပေါက်ရောက်ပြီး International Union for Conservation of Nature (IUCN) က မျိုးတုံးပျောက်ကွယ်လုနီးပါးအခြေအနေ (အနီရောင်အဆင့်) အဖြစ် သတ်မှတ်ထားသည်။

Written by တင့်လွင်

 

Leave a Reply