သက်တမ်းလွန်ဆေးဝါးဖြင့် ကုသမှုကို တိုင်ကြားပါက အရေးယူမည်

မော်လမြိုင်၊ ဇွန် ၁၀

မွန်ပြည်နယ်ရှိ ဆေးရုံများတွင် သက်တမ်းလွန်ဆေးဝါးများနှင့် ကုသနေမှုကို အထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူမည်ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောသည်။

 “တကယ်လို့ ဒီဆေးရုံတွေမှာ သက်တမ်းလွန်တဲ့ဆေးဝါးတွေနဲ့ ကုသတာဆိုရင် အထောက်အထား အပြည့်အစုံနဲ့ တိုင်ကြားလာမယ်ဆိုရင် ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့ အညီ အရေးယူပေးမယ်”ဟု ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့၊ ဇွန် ၄ ရက်နေ့၌ ဒေါက်တာထိန်လင်းက ပြောဆိုခဲ့သည်။

ပြည်သူ့ဆေးရုံကြီးများတွင် အရည်အသွေးပြည့်မီသော ဆေးဝါးများအသုံးပြုနိုင်ရေးကိစ္စ၊ တိုက်နယ်၊ မြို့နယ်အလိုက်ရှိသင့်သော ခွဲစိတ်ခန်းသုံး စက်ပစ္စည်းကိရိယာလိုအပ်ချက်နှင့် ရောဂါရှာဖွေစုံစမ်းမည့်စက် ပစ္စည်းလိုအပ်ချက်ကိစ္စတို့ကို ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့သည်။

ထို့နောက် မြို့ပြနှင့် ကျေးလက်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်ရေးအတွက် တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် ဆေးရုံများက လူနာသယ်ယာဉ်စနစ်ကို ပီပြင်အောင် စတင်ဆောင်ရွက်နိုင်ခြင်းရှိမရှိ၊ ဆေးရုံအများသုံး အိမ်သာ၊ ရေချိုးခန်းနှင့် အဆောက်အဦ၊ ပစ္စည်းများ ပိုးမွှားကင်းစင်သန့်ရှင်းရေး၊ သောက်သုံးရေသန့်ရရှိရေး စသည့်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မည်သို့ စစ်ဆေးစီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း ၎င်းကမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ဆေးရုံရှိ ဆေးဝါးများကို ဝယ်ယူစဉ်က သက်တမ်းလွန်ဆေးဝါးများကို လုံးဝ မဝယ်ယူခဲ့ကြောင်းနှင့် ဝယ်ယူစဉ် အချိန်ကလည်း သက်တမ်း တစ်နှစ်ခွဲနှင့် နှစ်နှစ်သက်တမ်းရှိ ဆေးဝါးများကိုသာ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့သည်။

သက်တမ်းလွန်ဆေးဝါးများကို အသုံးပြုခြင်းကြောင့် ရောဂါကုသရာ၌ ဆေးမတိုးသည့် ပြဿနာသာမက အခြား ဘေးထွက်ဆိုးကျိုးများလည်း သင့်နိုင်ကြောင်း ဆရာဝန်များထံမှ စုံစမ်းသိရှိရသည်။

Written by ခေတ်မင်း (ပျားအုံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်