Advertisements

ဆယ်စုနှစ်တစ်ခုအတွင်း နေ့စဉ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာအသီးသီး၌ အများဆုံးဖော်ပြခဲ့သော လူသုံးအများဆုံး ဝေါဟာရများထဲတွင် “တာဝန်ယူမှု (Responsibility)၊ တာဝန်ခံမှု (Accountability)“ ဟု တွဲလျက်သုံးသော စကားလုံးလည်း ပါဝင်သည်ကို တွေ့ရလိမ့်မည်။ အထူးသဖြင့် နိုင်ငံရေးနှင့် ထိစပ်သော အဝန်းအဝိုင်း၌ ပိုမိုခံတွင်းတွေ့ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ထက်ပို၍ တိကျစွာဖော်ပြရလျှင် အုပ်ချုပ်သူအစိုးရအပေါ် ဝေဖန်ကြသည့်အခါ အသုံးများသော ဝေါဟာရလည်းဖြစ်သည်။ ဆန့်ကျင်ဘက်အင်အားစု အတိုက်အခံအင်အားစုများက အများဆုံးသုံးစွဲခဲ့မှုကြောင့် ထင်သည်။ တာဝန်ယူမှု/တာဝန်ခံမှုဟူသည် အုပ်ချုပ်သူအစိုးရနှင့်သာဆိုင်သော (ဝါ) အုပ်ချုပ်သူအစိုးရသာ ကျင့်သုံးအပ်သော တရားဟု ထင်ကြသူများလည်းရှိသည်။ အချို့ ကလည်း မိမိထက်ရာထူးကြီးသော အကြီးအကဲပုဂ္ဂိုလ်များနှင့်သာသက်ဆိုင်သလိုလို ထင်မှတ်နေကြသည်။

တာဝန်ယူမှု/တာဝန်ခံမှုဟူသည် လူတစ်ဦးချင်းစီနှင့် သက်ဆိုင်သော ကျင့်သုံးအပ်သော နီတိတစ်ရပ်ဟု သိရှိနားလည်ကြမှသာ အရည်အသွေးမြင့်သော လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်လိမ့်မည်။ တချို့သော ဝေါဟာရများမှာ စတင်အသုံးပြုသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း၊ ရည်ညွှန်းခံရသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းပေါ်မူတည်၍ လူထုကြား၌ နားလည်မှုကွဲသွားရခြင်းများလည်း ရှိသည်။ ဥပမာဆိုရသော် ခရိုနီ (Cronies) ဟု ဆိုလိုက်သည်နှင့် ကိုလိုနီခေတ် ချစ်တီးကြီးများ သဖွယ်စက်ဆုပ်ရွံရှာဖွယ်ရာ လူတစ်စုအဖြစ် နားလည်မိကြသလို ဖြစ်ပါသည်။

တာဝန်ယူမှု/တာဝန်ခံမှုဆိုသောစကား၏ အနက်အဓိပ္ပာယ်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူရယ်ဟု ဖြစ်လာလျှင် လုံးဝကင်းကွာ၍ မရကောင်း။ လူမဆိုထားနှင့်။ တိရစ္ဆာန်၌ပင် မိမိဝမ်းရေးအတွက် မိမိကိုယ်တိုင် တာဝန်ယူ ယူရသည်။ အစာရှာဖွေစဉ်၌ အခန့်မသင့်ပါက ခြေလှမ်းမှားပါက အသက်ပေးလိုက်ရခြင်းသည် တာဝန်ခံခြင်းမဟုတ်ပါလော။ အုပ်စုလိုက်အမဲလိုက်လေ့ရှိသော ခင်္သြေ့ တောခွေးများတွင် တာဝန်နှင့် ပတ်သက်သော အလေ့အကျင့်ကောင်းများကို အထင်အရှားတွေ့မြင်နိုင်သည်။ သူတို့တွင် လူသားများကဲ့သို့ တွက်ကပ်ခြင်း၊ ပျင်းရိခြင်း၊ ဆင်ခြေဆင်လက်ပေးခြင်း၊ ရှောင်ဖယ်ခြင်း၊ တွေဝေခြင်းတည်းဟူသော အကျင့်ဆိုးများမတွေ့ရဘဲ ခေါင်းဆောင်၏ နောက်မှ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြခြင်းဖြင့် ပစ်မှတ်သားကောင်ကို ပွဲတော်တည်နိုင်ကြသည်။ အရွယ်မရောက်သေးသည့် အကောင်ငယ်များက သားကောင်ကို ဝင်ရောက်တိုက်ခိုက်ခြင်းမပြုနိုင်သော်လည်း ပစ်မှတ်သားကောင်ကို အုပ်စုမှ ကွဲထွက်သွားအောင် ဝိုင်းရံခြောက်လှန့်ပေးသော တာဝန်ကို ယူကြသည်။

အခွင့်အရေးယူ၊ ရေသာခိုခြင်း အလျဉ်းမရှိ။ သူတို့သည် ထိပ်တန်းအမဲလိုက်မုဆိုးများဖြစ်ကြသော်လည်း တောရိုင်းတိရစ္ဆာန်လောက၌ ထာဝရမုဆိုး၊ ထာဝရသားကောင်ဟူ၍ မရှိပေ။ ခြေလှမ်းတစ်ချက်မှားခဲ့သည်ရှိသော် မုဆိုးမှသားကောင်ဖြစ်သွားရသော သာဓကများလည်းရှိသည်။ ထို့အတွက် တာဝန်ခံမှုမှာ အသက်ပေးလိုက်ရခြင်းဖြစ်၏။ သို့သော်ထို့အတွက်မျှဖြင့် သူတို့၏ စုပေါင်းအမဲလိုက်ခြင်းဆိုသည့် ကိုယ်စီတာဝန်မှ သွေဖည်သွားသည်ဟူ၍မရှိ။ အကျိုးခံစားခွင့်ကိုလည်း အတူတကွ ဘုံစုပေါင်းခံစားကြသည်။ လူသားများကဲ့သို့ တာဝန်ယူမှု/တာဝန်ခံမှုဟု သိ၍လည်းမဟုတ်၊ ပြော၍လည်းမနေကြပါဘဲ လက်တွေ့ကျင့်သုံးလျက်ရှိကြသည်။

ထို့ထက်လက်တွေ့ကျသော အရာတစ်ခုရှိသေး၏။ ပစ်မှတ်သားကောင်ကို ရှေ့ဆုံးမှလိုက်၍ ဦးစွာတိုးဝင်တိုက်ခိုက်သောသူသည် ထိုအဖွဲ့၏ ခေါင်းဆောင်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်လောက၌ ခေါင်းဆောင်သူသည် အကြီးမားဆုံးတာဝန်ကို ထမ်းရွက်နေသူဖြစ်ချေသည်။
ဘာသာဗေဒအရ စကားလုံးဝေါဟာရများ၏ အလှတရားတန်ဖိုးများမှာ အခြေအနေအချိန်အခါအလျှောက် ပိုမိုတောက်ပြောင်လာလေ့ရှိသော်လည်း မူလသဘောတရားများမှာ လက်တွေ့ဘဝတွင်ရှိနေပြီးသားဖြစ်သည်။ လူဟူ၍ မွေးဖွားလာပြီးနောက် အသက်အရွယ်အနေအထားအလျှောက် ကိုယ့်တာဝန်ကိုယ်ယူကြရသည်။ ကျောင်းနေအရွယ်ရောက်သော် ကျောင်းတက်ရမည်၊ စာသင်စာကျက်ရမည်။ ထို့ထက်ပို၍ မနက်အိပ်ရာထသည်နှင့် ကိုယ့်မျက်နှာကိုယ်သစ်၊ ကိုယ့်သွားကိုယ်တိုက်ရသည်။ ဤသည်မှာ မိမိတစ်ကိုယ်ရည်တာဝန်များသာ ဖြစ်သည်။ အရွယ်ရောက်လာပြီး လုပ်ငန်းခွင်ဝင်ကြရသောအခါ လုပ်ငန်းတာဝန်များကို ယူကြရသည်။ လုပ်ငန်းခွင့်ဝင်ရောက်သည်မှစ၍ ခေါင်းဆောင်နှင့် နောက်လိုက်ကွဲပြားသွားစေသည့် မတူညီသော တာဝန်အသီးသီးကို ထမ်းဆောင်ရလေသည်။ လူနှင့် တိရစ္ဆာန်၏ အကွာအဟကို ဤတွင်တွေ့ကြရသည်။ တချို့သော သူများသည် စိုင်ကော်၍ ချုံပေါ်ရောက်လာကြပြီး ရာထူးကြီးကြီးရထားကြသော်လည်း တာဝန်ယူမှုကို မေ့လျော့နေတတ်ကြသည်။ တင်းပြည့်ကျပ်ပြည့်လုပ်ရမည်ဆိုလျှင် အကြောင်းအမျိုးမျိုးပြကာ ရှောင်ဖယ်ကြသည်။ ရေသာခိုကြသည်။ သို့သော် အခွင့်အရေးဆိုပါက မေ့လျော့သည်မရှိ၊ ရှေ့ဆုံးမှ ခံစားလိုကြသည်။

“သခင်စိတ်နှင့် ကျွန်စိတ်“ တို့၏ လမ်းခွဲဟုလည်း ဆိုနိုင်သည်။ မိမိ၏ အတွေးအခေါ် မိမိ၏ ဆုံးဖြတ်မှုကသာလျှင် မိမိဘဝကို ပြဋ္ဌာန်းဟုဆိုရလိမ့်မည်။ သခင်စိတ်ရှိသူသည် သခင်ဖြစ်မည့်သူ၊ ကျွန်စိတ်ရှိသူသည် ကျွန်ဖြစ်မည့်သူဟု ပြဋ္ဌာန်းပြီးသားဖြစ်သည်။
သခင်စိတ်ရှိသူဆိုသည်မှာ သေးနုတ်သော အလုပ်ကို ထမ်းဆောင်နေရသော်လည်း မိမိအလုပ်ကဲ့သို့ သဘောထားလုပ်ကိုင်သည်။ “ငါက ဝန်ထမ်းပဲ။ ငါနဲ့မဆိုင်တာလုပ်စရာမလို။ ပိုလုပ်လို့လည်း ပိုက်ဆံပိုရမှာမဟုတ်“ ဟု ခံယူသူသည် ဝန်ထမ်းစိတ်မွေးသူဖြစ်၍ သူ့တစ်သက်လုံးလည်း ဝန်ထမ်းအဖြစ်သာ ပြီးဆုံးသွားလိမ့်မည်။ ဥပမာ – ခြံစောင့်တစ်ယောက်သည် ကိုယ့်အလုပ်မဟုတ်သော်လည်း ကားရေဆေးအလုပ်၊ ဘီးဖြုတ်၊ စက်ပြင်အလုပ်ကို ဝိုင်းကူလုပ်ခြင်းဖြင့် ကားမောင်းတတ်သွားနိုင်ပြီး နောက်တစ်ချိန်တွင် ဒရိုင်ဘာအဆင့်သို့ ရောက်သွားနိုင်သည်။ ငါနှင့်မဆိုင်ဟု သက်သာသလိုနေခဲ့ပါမှု တစ်သက်လုံးခြံစောင့်ဘဝဖြင့် အဆုံးသတ်သွားပေမည်။ မိမိလက်လှမ်းမီသမျှ အလုပ်အားလုံးကို မိမိအလုပ်ကဲ့သို့ မှတ်ယူပြီး တာဝန်ယူတတ်သောစိတ်မှာ သခင်စိတ်ဖြစ်၍ မဆိုင်သလိုနေတတ်သော စိတ်မှာ ကျွန်စိတ်ဖြစ်သည်။ တာဝန်ယူချင်စိတ်မရှိသော သူထံသို့ ကြီးမားသော တာဝန်များ ရောက်လာလေ့မရှိပါ။
ထို့ထက်ဆိုးသူများပင် ရှိကြသေးသည်။ မိမိတာဝန်ကိုပင် ကျေပွန်စွာ မထမ်းဆောင်နိုင်သူများ ဒုနှင့်ဒေးရှိကြသေးသည်။ ထိုစာရင်းထဲတွင် မုန့်ဝယ်စားပြီး မုန့်ထုပ်ထားသော အိတ်ကိုတွေ့ကရာလွင့်ပစ်ကြသူများလည်း အပါအဝင်ဖြစ်သည်။ မိမိစားသောက်ထားသော မုန့်မှ ထွက်လာသည့် အမှိုက်အိတ်ကို မိမိကိုယ်တိုင်တာဝန်မယူချင်လျှင် မည်သူက ယူရမည်နည်း။ အမှိုက်ပုံးရှိသည့် နေရာ (သို့) သင့်တော်မည့် နေရာအထိရောက်အောင် မိမိကိုယ်တိုင်တာဝန်ယူသင့်သည်မဟုတ်ပါလား။ အခွင့်အရေးကို ခံစားစံစားသကဲ့သို့ တာဝန်ကိုလည်း ယူရမည်ဟူသော အသိတရားမရှိလျှင် ထိုလူ့အဖွဲ့အစည်းအတွက် ကုရာနတ္ထိဆေးမရှိပြီ။

မည်မျှပင် သေးနုတ်သည့်အလုပ်ဖြစ်ပါစေ။ မိမိအလုပ်ကို တန်ဖိုးထားသော အကောင်းဆုံးဖြစ်အောင် အားထုတ်ခြင်းသည် မိမိအရည်အသွေးကို မြှင့်တင်နေခြင်းဖြစ်သောကြောင့် ဘဝကိုတည်ဆောက်နေခြင်းမည်၏။ ဝန်ထမ်းခြင်းတူလျှင် သခင်စိတ်ရှိသူက အလုပ်ကို ကောင်းသထက်ကောင်းအောင် ကြိုးစားလုပ်ဆောင်ခြင်းမှာ မိမိဘဝအတွက် စုဆောင်းနေခြင်းဖြစ်သည်ဟု ခံယူ၏။ ကျွန်စိတ်ရှိသော ဝန်ထမ်းက အလုပ်ကို ပိုလုပ်မိခြင်းသည် ကုမ္ပဏီကောင်းဖို့အတွက်၊ သူဌေးအကျိုးအတွက် ဖြစ်သည်ဟု ခံယူ၏။ အလုပ်နှင့် ပတ်သက်လာလျှင် အရာရာကို ငွေကြေးဖြင့် တိုင်းတာခြင်းကြောင့် အလုပ်ပြီးမြောက်မှုကို ငွေနှင့် ရောင်းစားသော အလုပ်သမားဘဝကို ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။ ယခုစာစုသည် လူတစ်ယောက်၏ ဘဝရပ်တည်ရေးအတွက် ငွေကြေးလိုအပ်ချက်ကို ငြင်းဆန်နေခြင်းမဟုတ်။ အရာရာကို ငွေဖြင့် တိုင်းတာသော အကျင့်စွဲက လုပ်ငန်းပြီးမြောက်ခြင်း (Work Done) ၏ တန်ဖိုးနှင့် အရသာကို မျက်နှာလွှဲမိရာမှ ငွေ၏ ထောင်ချောက်အတွင်း သက်ဆင်းမိကာ မိမိ၏ အကန့်အသတ်မရှိသော စွမ်းအားများကို ငွေသက်သက်ဖြင့် တန်ဖိုးဖြတ် ရောင်းစားရသော အစေအပါးဘဝသို့ ရောက်မှန်းမသိရောက်သွားကြခြင်းကို ဆိုလိုသည်။ အလုပ်နှင့် တာဝန်သည် အစဉ်အမြဲတွဲလျက်ရှိနေသော သဘောတရားဖြစ်သည်။ ယင်းတို့၏ နောက်မှငွေကြေးသည် ကျွဲကူးရေပါ၊ အပ်သွားချည်ပါ အစဉ်သဖြင့် လိုက်၏။
စွမ်းဆောင်ရည်ကောင်းသော အလုပ်သမားကို လုပ်ငန်းရှင်တိုင်းလိုချင်ကြသည်။ မိမိကသာ အလုပ်တာဝန်ကို အကောင်းဆုံး ထမ်းရွက်နိုင်ပါစေ။ အကောင်းဆုံးလုပ်ငန်းရှင် (ကုမ္ပဏီ) က အကောင်းဆုံးအခွင့်အရေးများဖြင့် ကမ်းလှမ်းလာပါလိမ့်မည်။
ငွေကြေးဟူသည် အလုပ်ပြီးမြောက်ရာအရပ်၌သာ မွေ့လျော်၏။
မိမိအလုပ်၌ တာဝန်ယူတတ်ကြပြီလား…..။
မိမိအလုပ်၌ တာဝန်ခံနိုင်ကြရဲ့လား…..။
အခွင့်အရေးနှင့် ငွေကြေးသည် အလုပ်တာဝန်အဖြစ် ဟန်ဆောင်ကာ သင့်အိမ်တံခါးကို လာခေါက်လေ့ရှိပါသည်။
သင်က မသိကျိုးနွံပြုလျက် ရှောင်ဖယ်နေမိခဲ့ပါလျှင်…..

Written by – ရိုးသားထွေး

 

Leave a Reply