Advertisements

မွန်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲမည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

အတည်ပြုလိုက်သော ဥပဒေအရ ပြည်နယ် တစ်ခုလုံး၌ သုံးစွဲ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ စ၍ ၂၀၁၉၊ စက်တင်ဘာ ၃၀ ရက်အတွင်း အပြီး လုပ်ဆောင်ရမည်ဖြစ်၏။

ဘတ်ဂျက်ဆိုတာ

ပုံမှန်အားဖြင့် ပြည်နယ်အတွင်း ကောက်ခံပိုင်ခွင့်ရှိသည့် အခွန်အကောက်ရငွေနှင့် အခြား သာမန်ရငွေများမှ ဝင်ငွေများ ရလေ့ရှိပြီး၊ ထိုရရှိသည့်ဝင်ငွေသည် ပြည်နယ်အစိုးရအဖွဲ့ တစ်နှစ်တာ လည်ပတ်နိုင်ရေးအတွက် လုံလောက်မှု မရှိပေ။

ထို့ကြောင့် ပြည်နယ်အစိုးရသည် တစ်နှစ်စာ လျာထား ဘတ်ဂျက်ကို နှစ်စဉ် ရေးဆွဲရပြီး ပြည်နယ်အတွင်းမှ ရရှိနိုင်မည့် ငွေနှင့် ပြည်ထောင်စုသို့ တင်ပြတောင်းခံရမည့်ငွေကို လျာထားတွက်ချက်ရသည်။
ထိုလျာထားချက်ကို ပြည်နယ်လွှတ်တော်၌ အတည်ပြုချက်ရယူပြီး အမျိုးသား ဘဏ္ဍာရေး ကော်မရှင်ထံသို့ တင်ပြရသည်။ အမျိုးသား ဘဏ္ဍာရေး ကော်မရှင်တွင် သမ္မတ၊ ဒုသမ္မတ နှစ်ဦးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်
ကြီး၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များမှာ အဖွဲ့ဝင်ဖြစ်သည်။

ထိုဘဏ္ဍာရေး ကော်မရှင်က တိုင်းနှင့် ပြည်နယ်အစိုးရမှ တင်ပြလာသည့် ဘတ်ဂျက်များနှင့် ပြည်ထောင်စုအစိုးရ အရအသုံး ခန့်မှန်းခြေပါဝင်သော ဘတ်ဂျက် ဥပဒေကြမ်းကို ရေးဆွဲစိစစ်၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူပြီးမှ ပြည်ထောင်စု အစိုးရအဖွဲ့က သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရများထံ ပြန်လည် ခွဲဝေပေးလေ့ရှိသည်။ ထိုသို့ ခွဲဝေပေးသော ဘတ်ဂျက်ငွေကို ပြည်ထောင်စု ထောက်ပံ့ငွေဟု ခေါ်စေ
သည်။

ထိုသို့ ပြည်ထောင်စုမှ ခွဲဝေပေးသည့် ဘတ်ဂျက်ငွေနှင့် ပြည်နယ်မှ ရရှိသည့် အခွန်ငွေများကို စုပေါင်း၍ ပြည်နယ်အစိုးရသည် ပြည်နယ်၏ ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ၍ လွှတ်တော်ထံ ပြန်လည်တင်ပြရသည်။ လွှတ်တော်၌ ထိုဥပဒေကြမ်းကို အတည်ပြုချက်ရယူပြီး ဘဏ္ဍာငွေများကို သုံးစွဲရသည်။

အသုံးစရိတ်ဆိုသည်မှာ 

သာမန် အသုံးစရိတ်ဆိုသည်မှာ ဝန်ထမ်းများ၏ လစာ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာ၊ ရုံးအသုံးစရိတ်၊ ရုံးပြင်ဆင် ထိန်းသိမ်းစရိတ်နှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာ လည်ပတ်ရန်အတွက် ပုံမှန်လိုအပ်သော ငွေဖြစ်သည်။

ငွေလုံးငွေရင်း အသုံးစရိတ်ဆိုသည်မှာ အသစ်ထပ်မံ ပြုလုပ်မည့် လုပ်ငန်းများအတွက် လျာထား ပြင်ဆင်၍ ရေးဆွဲသည့် ငွေကြေးဆိုင်ရာလျာထားချက်ဖြစ်သည်။ ဥပမာ -လမ်းအသစ်ဖောက်ခြင်း၊ အဆောက်အဦ အသစ်တည်ဆောက်ခြင်းတို့ ပါဝင်သည်။ သို့သော်လည်း ယခုနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦ တစ်ခုသည် နောက်နှစ်တွင် ဆက်လက် ပြင်ဆင်ထိန်းသိမ်းရန်အတွက် သာမန် အသုံးစရိတ်ခေါင်းစဉ်ဖြင့်သာ ဘတ်ဂျက်ရေးဆွဲကြသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်နယ် တစ်ခုလုံး၌ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၂၈၉၃၇ ဒသမ ၂၈၄ သန်း၊ ငွေလုံး ငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၇၅၀၃၅ ဒသမ ၄၈၇ သန်း၊ စုစုပေါင်း ကျပ်သန်းပေါင်း ၁၀၃၉၇၂
ဒသမ ၇၇၁ သန်းအထိ သုံးစွဲသွားမည်ဖြစ်သည်။

ငွေဘယ်ကရသလဲ

အခွန်အကောက်ရငွေ ကျပ်သန်း ၃၃၅၄ ဒသမ ၄၁၂အခြားသာမန်ရငွေ ကျပ်သန်း ၁၁၂၈၀ ဒသမ ၀၁၉ အခွန်ဝေစုရငွေ ကျပ်သန်း ၃၅၄၆ ဒသမ ၁၉၈ UNDP မှ ထောက်ပံ့ငွေ ကျပ်သန်း ၁၁၁၂ ဒသမ ၄၃၄ပြည်ထောင်စုမှ ထောက်ပံ့ငွေ ကျပ်သန်း ၇၉၆၇၉ ဒသမ ၇၀၈ ငွေလုံးငွေရင်း ရငွေကျပ်သန်း ၅၀၀၀

ဆောင်ရွက်မည့်လုပ်ငန်းများ 

– နိုင်လွန်ကတ္တရာ ၇ လမ်း၊ – ကတ္တရာလမ်းသစ် ၁၇၃ လမ်း၊- ကွန်ကရစ် လမ်း ၉၂ လမ်း၊ – ကတ္တရာထပ် ပိုးလွှာတင်ရန်နှင့် ကတ္တရာ လမ်းချဲ့ရန် ၁၀၅ လမ်း၊ – တံတား ၁၂၆ စင်းနှင့် Boxculvert ၆၁ စင်း၊ – အဓိက လမ်းမကြီး ၁၆ လမ်းအား ကတ္တရာခင်းရန်၊ – ကျေးလက် ဒေသလမ်း ၃၆ လမ်း၊ တံတား ၁၂ စင်း၊ Boxculvert အစင်း ၃၀ ၊ – ရပ်ကွက် ၄၂ ရပ်ကွက်၊ ကျေးရွာ ၆၄ ရွာ လျှပ်စစ်မီး ရရှိရေး၊- ဈေးရုံသစ် ၇ ရုံ၊ သားငါးဈေးရုံ ၂ ရုံ၊ သားသတ်ရုံ ၂ ရုံတည်ဆောက်ရန်၊ – A အဆင့် အားကစားရုံ ၅ ရုံ၊ – ဘောလုံးကွင်း ၆ ကွင်း အဆင့်မြင့်တင်ရန်၊ – ခြင်းလုံးရုံ ၂ ရုံ နှင့် ကာယဗလရုံ ၁ ရုံ တည်ဆောက်ရန်၊

သူတို့ပြောတဲ့ဘတ်ဂျက်ဆိုင်ရာ 

ဒေါက်တာ အောင်နိုင်ဦး (မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ) 

ဘက်ဂျက်နှစ်တစ်နှစ်ကို လွှတ်တော်က အတည်ပြုတယ်။ အတည်မပြုခင်မှာ ကြိုတင် ပြင်ဆင်မှုတွေ အချက်အလက်တွေကို အပြန်အလှန်ဆွေး နွေးမှုတွေ လုပ်ရတယ်။ ပြည်နယ်အဆင့်တင်မဟုတ်ဘူး ပြည်ထောင်စုအဆင့် ဘတ်ဂျက်ာ်မရှင်နဲ့ လွှတ်တော်အဖွဲ့အစည်းတွေနဲ့ အကျေအလည်ဆွေးနွေးပြီးမှ နောက်ဆုံး ကျွန်တော်တို့ ပြည်နယ်နဲ့ အရသုံးဘဏ္ဍာငွေကို လွှတ်တော်က အတည်ပြုပေးရပါတယ်။

တစ်နည်းအားဖြင့်ပြောရင် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေပဲ၊ နိုင်ငံငွေတွေပါပဲ။ အဲတော့ စီမံခန့်ခွဲတာ၊ ခွဲဝေတာ၊ နောက်ဆုံး ခွဲဝေပြီးလို့ အကောင်ထည်ဖော်ရင်တောင် အစိုးရအဖွဲ့ကတာဝန်ယူ အကောင်ထည်ဖော်ပေးရတယ်။
ကျွန်တော်တို့ အပြန်အလှန်ငြင်းခုံတာ၊ အကြံပြုတာတွေ ကျော်ခဲ့ပြီးပြီ၊ အတည်ပြုတဲ့အဆင့်လည်း ကျော်ခဲ့ပြီ။ အခု အကောင်ထည်ဖော်တဲ့အချိန်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်း ပါလာပြီ။ ပထမဆုံးပြောချင်တာတော့ပွင့်လင်းမြင်သာမှုပေါ့။ ပွင့်လင်းမြင်သာမှုဆိုတာ လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေကြမ်းကို ဝန်ကြီးချုပ်က လက်မှတ်ထိုးပြီး ထုတ်ပြန်တယ်။ ပွင့်လင်းမြင်သာမှုအရ လူထုကိုချပြဖို့ ပြောချင်တာပါ။ ကျွန်တော်
တို့ လွှတ်တော်ဘက်ကလည်း တတ်နိုင်သလောက် လူထုကို ချပြသောအားဖြင့် Pageတွေ၊ Website တွေကနေ ဖော်ပြဖို့ အစီစဉ်ရှိပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့လည်း သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေခံတွေကို အသိပေးမှုလည်း သွားရတယ်။ ဒါက ကျွန်တော်တို့ လွှတ်တော်ဘက်က လုပ်ထားတာ။ အစိုးရအဖွဲ့ကလည်း ပိုပြီးတော့ လုပ်ပေးရမယ်လို့ကျွန်တော် ယူဆပါတယ်။ လုပ်ပေးရမယ့် နည်းလမ်းကတော့ သူတို့ကြိုက်သလို ရွေးချယ်လို့ရတယ်။

ဥပမာအားဖြင့် ပြည်နယ်ဘဏ္ဍာငွေထဲမှာ ပါနေတဲ့ စာရင်းဖွင့်ဌာနတွေအားလုံးက သူ့သက်ဆိုင်ရာဌာနက နေပြီးတော့ လူထုကို အသိပေးထုတ်ပြန်တဲ့ ကြေညာချက် ပုံစံမျိုးနဲ့ ဖြစ်စေ၊ အစိုးရအဖွဲ့ကပဲ ဦးဆောင်ပြီးတော့ ဌာနအားလုံးရဲ့ အသုံးစရိတ်တွေ၊ နယ်မြေအားလုံးမှာ လုပ်ဆောင်မယ့် အစီအစဉ်တွေအကုန်လုံးကို ချပြတဲ့ ပုံစံမျိုးနဲ့ဖြစ်စေ လုပ်လို့ရပါတယ်။

အစိုးရအဖွဲ့က အရင်က ဘယ်လိုလုပ်ခဲ့လဲဆိုတာ ပြောပြမယ်။ အရင်တုန်းကဆိုရင် အရသုံးဦးစီးဌာနကနေပြီးတော့ စာအုပ်တွေရိုက်တယ်။ လူတွေကို awareness ပေးတဲ့ပုံစံမျိုးလည်း ပါတယ်။ လူထုဘတ်ဂျက်၊ လူထုရဲ့ ဘဏ္ဍာငွေတွေကို စာအုပ်တွေရိုက်ပြီး ဖြန့်ဝေတာရှိတယ်။ အခု Mini Budget မှာတော့ လူထုကို ချပြတာ နောက်ကျခဲ့တယ်။ အဲဒီစာအုပ်ဖြန့်ဝေတဲ့ အချိန်ဟာ ဘဏ္ဍာနှစ်ရဲ့နောက်ဆုံးလမှာမှ ဖြန့်ဝေတယ်ဆိုတော့ အရမ်းနောက်ကျတယ်။ အဲလိုမျိုးတော့ ရှောင်စေချင်ပါတယ်။ ၂ဝ၁၈ – ၁၉ ဘဏ္ဍာနှစ်မှာတော့ တတ်နိုင်သလောက် စောသထက်စောအောင် အရင်ဆုံးလ သို့မဟုတ် ဒုတိယလတွေမှာ ဖြန့်ဝေပေးဖို့ ကျွန်တော်တို့ တိုက်တွန်းချင်
တယ်။

ဒုတိယတစ်ချက်ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းပေါ့။ သက်ဆိုင်ရာနှစ်တစ်နှစ်အတွက် ကျွန်တော်တို့ ခွင့်ပြုထားပေးတာ ၁၂ လအတွင်းမှာအကောင်ထည်ဖော်မှုအပိုင်းမှာ ပြီးပြတ်အောင် လုပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်း
ချက်တွေရှိပါတယ်။ ပြဋ္ဌာန်းချက်အရဆို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး အားလုံးက သူ့သက်ဆိုင်ရာ ဌာနတွေကို အချိန်မီလုပ်ငန်းပြီးစီးဖို့ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ဖို့ လိုတယ်လို့ ယူဆတယ်။ မပြီးရင် ဘာဖြစ်သလဲဆိုလို့ရှိရင် မပြီးရင် တာဝန်ယူမှု တာဝန်ခံမှု အားနည်းတယ်လို့ပဲ ကျွန်တော်တို့ပြောချင်တယ်။

သာဓကအနေနဲ့ ပြောရရင်၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်ကုန်သွားသော်လည်း လုပ်ငန်းမပြတ်တာတွေ အများကြီးရှိတယ်။ ကြာအင်းအိမ်ရာ စီမံကိန်း၊ ဒိုင်းဝန်ကွင်းဈေး၊ သံလွင်ဈေး အများကြီးကျန်နေသေးတယ်။ နောက်ပြီး မ္ပဏီအဖွဲ့အစည်းကို ပေးလိုက်တဲ့ဟာတွေလည်း မပြီးတာရှိသေးတယ်။ နှစ်ကရင်နဲ့ ရေး – မော်လမြိုင်လမ်းမပေါ် ဆက်ထားတဲ့ ၁ ဘီလီယံနဲ့ ပေးလိုက်တဲ့လမ်း ခုချိန်ထိ မပြီးသေးဘူး။ ဒါကအစိုးရအဖွဲ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတယ်လို့ပဲ မြင်တယ်။ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကို သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်အတွင်းမှာပဲ ပြီးပြတ်အောင် လုပ်သင့်တယ်လို့၊ လုပ်ဖို့လဲ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။ဒီဘဏ္ဍာနှစ်အတွင်းမှာလည်း လုပ်ဆောင်ရမယ့် စီမံကိန်းတွေကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်ကြဖို့ လိုပါတယ်။

တတိယအချက်က အရသုံးဥပဒေအရ ဘဏ္ဍာငွေကို လျာထားပြီး တွက်ချက်ရတာရှိပါတယ်။ အဲလိုလျာထားပြီး တွက်ချက်တဲ့အခါမှာ အပြည့်သုံးရမယ်လို့ မဆိုလိုဘူး။ မဖြစ်မနေသုံးခွင့်ရှိသလို၊ မသုံးဘဲနဲ့ ပိုလျှံရင်နိုင်ငံတော်ကိုပြန်အပ်ရမယ်ဆိုတာ လည်းရှိပါတယ်။ အတတ်နိုင်ဆုံး ခြိုးခြံချွေတာပြီး နိုင်ငံတော်ကို ပြန်လည်အပ်နှံဖို့လိုတယ်။ ကျွန်တော်တို့ လွှတ်တော်ရုံးရဲ့ ခြံစည်းရိုးကို တင်ဒါခေါ်တဲ့အခါမှာ လျာထားထက်ကို ကုန်ကျ
မှုကနည်းနေတယ်။ သိန်း ၂ဝဝ လောက်ပိုနေတယ်။ သိန်း ၂ဝဝလုံး နိုင်ငံတော်ဘတ်ဂျက်ထဲကို ပြန်အပ်ပေးတယ်။

လာမယ့်ဘဏ္ဍာနှစ်မှာ လေယာဉ်ကွင်းတိုးချဲ့ဖို့ ကျပ်သိန်းပေါင်း တစ်သောင်းခွဲ (သန်း ၁၅ဝဝ) လျာထားတယ်။ မြေဧရိယာ ကြည့်လိုက်တော့ ဧက ၂၃ ဧက လောက်ကို ကျပ်သိန်းပေါင် တစ်သောင်းခွဲ လျာထားတယ်ဆိုရင် တစ်ဧကကို ကျပ်သိန်းပေါင်း၆ဝဝဝ လောက်ကျမယ်။ အဲဒါကဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုသွားကြည့်ရင် မြေတွေက ပုံစံ (၇) ပေါက်ထားတဲ့မြေတွေ၊ နောက်တစ်ခုက မြေလွတ်မြေရိုင်းတွေ၊ အဲလိုမြေတွေကို ကျပ်သိန်းပေါင်း ၆ဝဝဝ နဲ့ ပေးဝယ်ရမယ်ဆိုတာ ဘယ်လိုမှ မတန်တဆကြီး။ သို့သော်လည်း အစိုးရအဖွဲ့အနေနဲ့ တစ်ခုခုအတွက် ကြိုပြီးတော့ များများလေး လျာထားတဲ့သဘောနဲ့ ဆိုရင်တော့ ကျွန်တော်တို့ လက်ခံတယ်။

အကောင်အထည်ဖော်တဲ့အပိုင်းမှာတော့ အဲလောက်ပမာဏအတိုင်းကို အပြည့်သုံးပြီးတော့ ပေးလျော်မယ်ဆိုရင်တော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို အလေအလွင့်လုပ်သလိုမျိုး ဖြစ်သွားနိုင်တယ်။ ဒါတွေကိုလည်း ချွေတာဖို့လိုတယ်။ အဲသလိုပဲ တချို့လမ်းပိုင်းတွေဆိုရင် ငွေကို တမင်တကာပဲ ဖောဖောသီသီသုံးပြီး ဆောက်နေသလားတောင် ယူဆရတဲ့ဟာတွေ ရှိတယ်။

မလိုအပ်ဘဲ သုံးပစ်လိုက်တာတွေ ရှိတယ်။ အဲဒါတွေကို ဆင်ခြင်သင့်တယ်။ လုပ်ငန်းတစ်ခုဟာ သိန်းပေါင်းဘယ်လောက်ကုန်မလဲ ငွေလျာထားသော်လည်း လက်တွေ့မှာ လုပ်ငန်းက ငွေအဲလောက်မကုန်ဘူးဆိုရင် ပြန်ပြီး
တော့ တွက်ချက်စိစစ်သင့်တယ်။ ပြန်လည် ပြင်ဆင်အကောင်ထည်ဖော်သင့်တယ်။ ငွေက နိုင်ငံတော်ကိုပြန်ပြီး cover ဖြစ်တာပေါ့။ မူလလျာထားတာထက် ခြိုးခြံချွေတာလို့ရမယ်ဆိုရင် ချွေတာပြီးတော့ လုပ်ကိုင်နိုင်အောင်ဝန်ကြီးတွေအနေနဲ့ သက်ဆိုင်ရာဌာန တွေကိုအနီးကပ်ကြီးကြပ်ပြီးတော့ ညွှန်ကြားသင့်ပါတယ်။

ဦးဝဏ္ဏကျော်( ဝန်ကြီး၊ မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)

ကျေးလက်ဒေသတွေရဲ့ လိုအပ်ချက်တွေကို ကြည့်ပြီး လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာလမ်းဦးစီးဌာနနဲ့ ကျေးလက်ဒေသတွေရဲ့ လိုအပ်ချက်တွေကို တင်ပြလာတဲ့အတွက် လာမယ့် ဘတ်ဂျက်နှစ်
တွေမှာ ကျေးလက်ဦးစီးဌာနကို ဘတ်ဂျက်တွေပိုချပေးပြီး ကျေးလက်ဒေသလမ်းတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးသွားမှာပါ။

အဆင့်မီတဲ့ ဈေးတွေဖြစ်ပေါ်လာစေရန်အတွက် တင်ပြဆွေးနွေးတာနဲ့ ပတ်သက်ပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ မြို့နယ်တိုင်းမှာ အဆင့်မီတဲ့ဈေးတွေဖြစ်ပေါ်လာစေဖို့အတွက် ဆောင်ရွက်ပေးဖို့ရှိပါတယ်။ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုအတွက်က ဒီနှစ်ထဲမှာတော့ မပါခဲ့ပါဘူး။ နောက်နှစ်တွေ နောက်နှစ်တွေမှာတော့ ကြိုတင်ကာကွယ်မှုအတွက် ဘတ်ဂျက်တွေပါအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

အခုဆွေးနွေးတဲ့အထဲမှာ တချို့လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ငန်းပိုင်းဆိုင်ရာ ပြောင်းလဲဖို့ အကြံပြုဆွေးနွေးကြတယ်။ တချို့ကိုယ်စားလှယ်တွေက လျာထားတဲ့ ဘတ်ဂျက်နဲ့ ကိုက်ညီအောင် တိတိကျကျဆောင်ရွက်သွားဖို့ အကြံပြုတိုက်တွန်းဆွေးနွေးကြတယ်။

မိမိတို့ အစိုးရအဖွဲ့အနေနဲ့  ရသုံးမှန်းခြေဆိုင်ရာ အသုံးစရိတ်ကို လွှတ်တော်မှာ တင်ပြသလို ကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီမှာ ကိုယ်စားလှယ်တော်တွေအကြံပြုချက်တွေအတိုင်း လျာထားတဲ့ဘတ်ဂျက်အတိုင်း တိတိကျကျနဲ့ သုံးစွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထိုက်ထိုက်

Advertisements
<

Leave a Reply