Advertisements

ကမ္ဘာကျော် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ် တစ်ခု ရှိနေ၏။

ယင်းမှာ အမှိုက် ပြဿနာ ဖြစ်၏။ အမှိုက်ပြဿနာ ဖြေရှင်းရန် ဂေါပက အဆက်ဆက်နှင့် အစိုးရ အဆက်ဆက် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ယနေ့ အချိန်အထိ အောင်မြင်မှု မရသေးပေ။

ကျိုက်ထီးရိုး စေတီကို နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည် သန်းချီ ဝင်ရောက်နေသည်။ ဘုရားဖူးလာ ပြည်သူများနှင့် စားသောက်ဆိုင်များမှ ထွက်ရှိနေသော အမှိုက်မှာ နေ့စဉ် နှစ် တန်မှ သုံး တန် ခန့်အထိ ထွက်ရှိနေသည်။

ထိုသို့ ထွက်ရှိနေသော အမှိုက်တန်ချိန်ကို ဖြေရှင်းနိုင်ခြင်း မရှိသေးခြင်းမှာ ကမ္ဘာ့အသိအမှတ်ပြု၊ ဗုဒ္ဓဘာသာ အထွတ်အမြတ် စေတီမှာ အရုပ်ဆိုး အကျည်းတန်လျက်ရှိနေဆဲ။

အခြေအနေသည် နေ့စဉ် ရန်ပုံငွေများစွာရရှိနေသည့် ကျိုက်ထီးရိုးတောင်တော်ပေါ်တွင် မအပ်မရာအဖြစ်မျိုးတိုးနေခြင်းပင်။ ၂၀၁၈ အောက်တိုဘာ ၁၈ ရက်နေ့အထိ စာရင်များအရ ဘုရား ရန်ပုံငွေ အရပ်ရပ်မှာ ကျပ် ၁၀ ဘီလီယံအထိ ရှိနေပြီဟု ဂေါပကအဖွဲ့က ဆိုထားပြီး တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းကောက်ခံနေသည့် နိုင်ငံခြားသား ဇုန်ဝင်ကြေးသည်ပင်လျှင် တစ်နှစ် ကျပ်သန်းရာချီရနေ၏။

လက်ရှိ အခြေအနေ

သို့သော် အမှိုက်စွန့်ပစ်ရန် ကျိုက်ထီးရိုး စေတီ မုခ်ဦးအဝ ခြင်္သေ့ နှစ်ကောင်၌ တစ်နေရာ ၊ ဘုရားရင်ပြင်အနီး၌ တစ် နေရာ ၊ လေယာဉ်ကွင်းအနီး၌ တစ်နေရာ သတ်မှတ်ထားပြီးဖြစ်ပါလျက် စနစ်၊ စည်းကမ်း၊ စက်ပစ္စည်း၊ ဝန်ထမ်းအင်အား လိုအပ်ချက် များရှိနေကြောင်း အောက်ပါအချက်အလက်များက ပြဆိုနေပါသည်။

နေရာအလိုက် အမှိုက်ပစ်ရန် သတ်မှတ်ထား၍ လုပ်ဆောင်သည့် စနစ်မှာ တောင်အောက်သို့ အမှိုက် ပစ်ချသော စနစ် ဖြစ်၏။ ယင်းစနစ်ကြောင့်လည်း တောင်ခြေလည်ပတ်တွင် အမှိုက်တန်ပေါင်း ရာ ချီ ရှိနေသည်။

ဘုရားဖူး ပြည်သူများ အမှိုက် စွန့်ပစ်ရန်အတွက် ရင်ပြင်တော်တွင် အမှိုက်ပုံး နေရာ မလပ် ချထားပေး၏၊ သို့သော် ကျန်နေရာများတွင်မူ အမှိုက်ပုံးထားရှိမှု အားနည်းနေသည်။

ကျိုက်ထီးရိုး ဘုရား၌ အမှိုက် စွန့်ပစ်မှု အခြေအနေကို မကြာသေးခင်ကမှသွားရောက် သတင်းယူခဲ့သော မော်လမြိုင်မှ ဧရာဝတီ သတင်းဌာန သတင်းထောက် ကိုဉာဏ်စိုးဝင်းက ယခုလို မှတ်ချက်ပြုသည်။

“အမှိုက်ပြဿနာက သွားတဲ့လမ်းတွေမှာ ခရီးသွားတွေကိုယ်တိုင်က အမှိုက်ပုံးထဲ မထည့်ကြဘူး။ အဲဒီတော့ တစ်တောင်လုံးက ထွက်တဲ့အမှိုက်တွေကိုဘယ်လိုသိမ်းမလဲဆိုတာ အားနည်းနေသေးတယ်။ အမှိုက်ပစ်တဲ့နေရာတော့ သတ်မှတ်ထားတယ်။ အမှိုက်တွေကို တောင်စောင်းကနေ ပစ်ချရမယ်ဆိုတာပဲ ရှိတယ်။ ဘယ်လိုပစ်ရမလဲဆိုတာ စနစ်တကျမရှိဘူး”ဟု ဆိုသည်။

၎င်းနှင့်အတူ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင်ဟောင်း ဦးစိုးနောင်ဦးက ယခုလို မှတ်ချက်ပေးပြန်သည်။

“လက်ရှိက ဈေးသူဈေးသားကလည်း ပူးပေါင်းဆောင်ရွက်မှုနည်းတယ်လေ။ သူတို့ကလည်း မြေအနေအထားအရ အမှိုက်တွေကို အဆင်ပြေသလိုပစ်ကြတယ်။ သတ်မှတ်ထားတဲ့နေရာမှာ အကုန်လုံးမပစ်ကြဘူး”ဟု ဆိုသည်။

ယင်းအပြင် ဘုရားဖူး ဧည့်သည်များသော နေ့များ၌ အမှိုက် မသိမ်းဆည်းနိုင်သော အခြေအနေအထိ ရှိနေသည်ဟု ၎င်းက ပြော၏။

ယခုအခါ တောင်အောက်သို့ အမှိုက်ပစ်ချသော စနစ်ကြောင့် ဂေဟစနစ် ပျက်စီးတော့မည် အခြေအနေနှင့် ကြုံနေရသည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောဆို၏။

“တောင်ပေါ်ကနေ လျှောလမ်းလေးလုပ်ထားတယ်။ အဲဒီလျှောလမ်းကနေ တောင်အောက်ကို အမှိုက်တွေလျှောချပြီး ပစ်လိုက်တယ်။ မိုးရွာချတဲ့ အချိန်ကျရင် မိုးရေထဲမှာ မျောပါပြီး ဆင်းသွားတယ်။ အဲတော့ ဘာကောင်ညာကောင် သွားစားမိရင်သေပြီ။ ငှက်တောင်သိပ်မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကျိုက်ထီးရိုးတောင်ပေါ်၌ ငှက်အော်သံ၊ တောကြက် အော်သံများ သိပ်မကြားရတော့ကြောင်းနှင့် စွန့်ပစ်အမှိုက်များကြောင့် သဘာဝ တိရစ္ဆာန်များ မျိုးသုဉ်းနိုင်ဖွယ် ရှိနေသည်ဟု ၎င်းက ပြော၏။

အမှိုက်သိမ်းတဲ့ စနစ်

ကျိုက်ထီးရိုး စေတီ အမှိုက်သိမ်းမှုကို ဂေါပကအဖွဲ့က တာဝန် ယူထားသည်။

ထိုသို့ သိမ်းဆည်းရာတွင် အပိုင်း နှစ်ပိုင်း ခွဲ၍ လုပ်ဆောင်နေသည်ဟု ဦးစိုးနောင်ဦးက ပြောသည်။

“ကျိုက်ထီးရိုးရဲ့ အမှိုက်သိမ်းစနစ်က နှစ်ပိုင်းရှိတယ်။ ရင်ပြင်တော်ဧရိယာကိုတော့ ကျွန်တော်တို့ ဂေါပက အဖွဲ့ ဝန်ထမ်းတွေနဲ့ရှင်းတာပေါ့။ ရင်ပြင်တော်ဧရိယာအပေါ်နဲ့ ခြင်္သေ့နှစ်ကောင်ထိ၊ ဟိုဘက်ဆိုရင် ဘိုးဘိုးနီအောက်ဘက်လောက်ထိက ရင်ပြင်တော်ဂေါပက လက်အောက်မှာရှိတဲ့ ဝန်ထမ်းအင်အား ၃ဝလောက်နဲ့ရှင်းတယ်”ဟု ဆိုသည်။

ထို့ကြောင့် ဝန်ထမ်းမလုံလောက်မှုရှိနေသည်ဟု ၎င်းက ပြောသည်။

ထိုအခြေအနေကို ကိုဉာဏ်စိုးဝင်းက ယခုလို အကြံပြုသည်။

“လာတဲ့ ခရီးသည်အရေအတွက်နဲ့ ဝန်ထမ်းအင်အားက မလုံလောက်ဘူးလို့မြင်တယ်။ အမှိုက်အတွက် ဝန်ထမ်းတွေထပ်ခန့်သင့်တယ်”ဟု ဆို၏။

ဖြေရှင်းဖို့ ဘာတွေ လုပ်နေလဲ

ကျိုက်ထီးရိုး အမှိုက်ပြဿနာ ဖြေရှင်းရန် လက်ရှိတွင် အမှိုက်မီးရှို့ စက် နှစ် လုံးထား၍ လုပ်ဆောင်နေသည်။

အမှိုက်စက်မီးရှို့စက် တစ်လုံးမှာ အလှူရှင်က ကျပ်သိန်း ၂၀၀ ဖြင့် ဝယ်ယူ၍ လှူဒါန်းထားခြင်း ဖြစ်ကာ၊ ကျန်တစ်လုံးမှာ သုတေသနနှင့် တီထွင်ဆန်းသစ်ရေး ဦးစီးဌာနမှ တည်ထွင်၍ လှူဒါန်းထားခြင်း ဖြစ်သည်။

ဂေါပကအဖွဲ့ဝင်ဟောင်း ဦးစိုးနောင်ဦးကမူ အဆိုပါ အမှိုက်မီးရှို့စက် နှစ်လုံးမှာ အမှိုက် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟုမှတ်ချက်ပြု၏။

ထိုအခြေအနေကြောင့် အစိုးရအဖွဲ့သည် ပြီးခဲ့သော ၆ လ မီနီဘတ်ဂျက်၌ ကျပ်သိန်း ၄၀၀၀ တန် အမှိုက်ဖျက်စက် တစ်လုံး ဝယ်၍ ဖြေရှင်းရန် စီစဉ်ခဲ့သည်။

ယင်းလုပ်ငန်းစဉ်ကို ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပေးသည်။

“ပြီးခဲ့တဲ့ ၆လဘတ်ဂျက်မှာ သိန်း ၄ဝဝဝလုံးကို သူတို့က မသုံးနိုင်သေးဘူး။ မသုံးနိုင်သေးဘူးပြောတယ်။ ဒါမဖြစ်သင့်ဘူး။ ပေးထားတဲ့တာဝန်၊ ခွင့်ပြုထားတဲ့ ငွေကြေးအရ တိတိကျကျလုပ်ဖို့ သင့်တယ်”ဟု ဆိုသည်။

ထိုအမှိုက်ဖျက်စက် စီမံကိန်းမှာ လက်ရှိတွင် မြေနေရာသာ လျာထားသေးကြောင်းနှင့် လျာထားသော မြေနေရာမှာ ဆိုင်ခန်းများကြားနှင့် စာသင်ကျောင်း ပတ်ဝန်းကျင် အနီးတွင် ရှိနေသဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

အစိုးရအဖွဲ့ကမူ ယင်းနည်းလမ်းအပြင် အခြားသောဖြေရှင်းနည်းများကိုလည်း ရှာဖွေဖော်ထုတ်ရန်ကြိုးစားနေကြောင်းပြော၏။

ယင်းမှာ အခြားမဟုတ် စွန့်ပစ် အမှိုက်များထဲ၌ ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများကို ကောက်ယူပြီး တောင်ခြေ၌ ပြန်ရောင်းရန် စီစဉ်ခြင်းဖြစ်သည်။

“အခုက ဝန်ကြီးချုပ်က ဘာလုပ်လဲဆိုတော့ စမ်းကြည့်တာပေါ့နော်။ တောင်ပေါ်မှာရှိတဲ့ ရေသန့်ပုလင်းတွေ၊ ရေဗူးတွေကိုဝယ်တယ်။ ပြီးတော့ ကားနဲ့ သယ်ဆင်းလာတာပေါ့။ အောက်ရောက်တော့ ရေသန့်ဗူးဝယ်တဲ့သူတွေကို ရောင်းလိုက်တာပေါ့။ အရှုံးခံပြီး ရောင်းလိုက်တာပေါ့”ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

သို့သော် ထိုသို့ လုပ်ဆောင်ခြင်းမှာ ရှေရှည်အတွက် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ၎င်းက ဝန်ခံသည်။

လွှတ်တော်ကဏ္ဍ

ထိုသို့သော အခြေအနေများကို လွှတ်တော်ကလည်း လျစ်လျူရှုထားသည်တော့မဟုတ်။ ယမန်နှစ် ဒီဇင်ဘာက ကျင်းပသော မွန်ပြည်နယ် အဌမ ပုံမှန် အစည်းအဝေးတွင် ကျိုက်ထီးရိုး သန့်ရှင်း သာယာလှပရေးအတွက် အစိုးရမှ ဦးဆောင် အကောင်အထည် ဖော်ရေး အဆိုကို အတည်ပြုခဲ့သည်။

အဆိုရှင် ဒေါက်တာ အောင်နိုင်ဦးက “ကျွန်တော်ပြောချင်တာက ကျိုက်ထီးရိုးပေါ်က ရတဲ့ဝင်ငွေက ဂေါပကလည်း ရသလို ပြည်နယ်အစိုးရကလည်း ရတယ်။ အမှိုက်ကင်းစင်ရေးနဲ့ ပတ်သက်ရင် အစိုးရဘက်ကလည်း နည်းပညာဖြစ်ဖြစ်၊ ဘဏ္ဍာငွေကြေးဖြစ်ဖြစ် ကူညီထောက်ပံ့ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲံ့တယ်။ ဒီဆွေးနွေးချက်ပေါ်မှာ အားလုံးကလည်း သဘောတူခဲ့တယ်”ဟု ဆိုသည်။

သို့သော်လည်း လက်ရှိတွင် “ဒီအဆိုပေါ်မှာ အခုအကောင်အထည်ဖော်ထားတာကိုကြည့်ရင် အားနည်းနေတယ်”ဟု ဆိုသည်။

ကျိုက်သလ္လံ နမူနာ

ယင်းသို့အခြေအနေစိုက်ရောက်နေသည့် ကျိုက်ထီးရိုး အမှိုက်စွန့်ပစ်မှုသည် အနာဂတ်တွင် အန္တရာယ်နှင့်ကြုံနိုင်ကြောင်း သက်သေပြချက်တစ်ခုကလည်းရှိနေသေး၏။

မော်လမြိုင်မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံဘုရားမှ ထွက်ရှိသော အမှိုက်များကို ရှေးဂေါပကအဖွဲ့ အဆက်ဆက်က လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စ၍ တောင်ပြိုမည့် အရေးမှ ကာကွယ်ရန်အတွက်ဟူကာ ဘုရား အရှေ့တောင်ထောင့်၌ တုတ်ခတ်၍ အမှိုက် စွန့်ပစ်ခဲ့သည်။

ထိုသို့ အမှိုက်သရိုက်များ အချိန်ကြာမြင့်စွာ စွန့်ပစ်လာမှုကြောင့် တောင် ရေစိမ့်ဝင်မှု အားနည်းလာခြင်းနှင့် စွန့််ပစ် ပစ္စည်းများကြောင့် ကြွက်ဖောက်၍ လှိုဏ်ခေါင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ပညာရှင်များက ဆိုသည်။

ထိုသို့ အမှိုက်စွန့်ပစ်ပြီး ရှစ် နှစ်အကြာ ၂၀၁၈ ခုနှစ် ဇွန်လဆန်းပိုင်း၌ မိုးများ၍ ရေကြီးမှုကြောင့် ကျိုက်သလ္လံဘုရား တောင်မှာ တောင်ပြိုသည်အထိ ဖြစ်ပေါ်ခဲ့ရသည်။

ဘာလုပ်သင့်ပြီလဲ

ကျိုက်ထီးရိုး အမှိုက်ကင်းစင်ရေးအတွက် ဂေါပကဟောင်း ဦးစိုးနောင်ဦးက ယခုလို မှတ်ချက်ပြုသည်။

“လက်ရှိဈေးဆိုင်တွေအကုန်လုံး လက်ရှိ ကိုယ့်အမှိုက်ကို ကိုယ် စနစ်တကျနဲ့ ပစ်ရင် လေလံပေးမယ်။ မပစ်ဘူးဆိုရင် လေလံမပေးဘူးဆို အကုန်လုံးသိမ်းတယ်။ အဲဒီစနစ်အတိုင်းသာသွား ဖြစ်တယ်။ ထိထိရောက်ရောက် အရေးယူမှုမလုပ်လို့၊ သူတို့ရဲ့ ရပိုင်ခွင့်ကို ထိခိုက်မှုမရှိလို့ မလုပ်ကြသေးတာ”ဟု ဆိုသည်။

ဒေါက်တာ အောင်နိုင်ဦးကတော့ အမှိုက်ပြဿနာကို ဂေါပကအဖွဲ့နှင့် အစိုးရတို့ အကျေအလည် ဆွေးနွေး ညှိနှိုင်း၍ လိုအပ်ပါက ကွင်းဆင်း စစ်ဆေးကာ လုပ်ဆောင်သင့်ပြီဟု ပြောသည်။

“ဘယ်လိုလုပ်ရမယ်ဆိုတာထက်ကို ကျွမ်းကျင်တဲ့ပညာရှင်တွေ နိုင်ငံခြားက ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ စည်ပင်က ကျွမ်းကျင်ပညာရှင်တွေဖြစ်ဖြစ် ဒီတောင်တဝိုက်မှာ လုပ်ကိုင်စားသောက်နေတဲ့သူဖြစ်ဖြစ်၊ ဂေါပကအဖွဲ့ဝင်ဖြစ်ဖြစ် သူတို့နဲ့ ဆွေးနွေးရမယ်။ ကျွန်တော်တို့ အမှိုက်ကို ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဖျက်သိမ်းမလဲ။ ဖျက်သိမ်းတဲ့စနစ်ကလည်း စွန့်ပစ်တာနဲ့ ဖျက်သိမ်းတာနဲ့ လွယ်လွယ်ကူကူဖြစ်ဖို့ အချိန်ယူ လေ့လာသင့်တယ်”ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဖြစ်စဉ်အားလုံးကို ခြုံ၍ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပေးသည်။

“တကယ်ကျွမ်းကျင်ပညာရှင်တွေအားလုံးနဲ့ အချိန်ယူ လေ့လာပြီး လုပ်မယ်ဆိုလို့ရှိရင် မအောင်မြင်စရာ ဘာမှမရှိဘူး”ဟူ၍။

ထိုက်ထိုက်

Leave a Reply