(ဓါတ်ပုံ အညွှန်း – အလှိုင်အဝေးပြေးဝင်းတွင် ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းများအား တွေ့ရစဉ်)

မော်လမြိုင် ဧပြီ ၆

သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးပြေးဆွဲနေသော ယာဉ်လိုင်းအများစုက ရပ်နားထားသော်လည်း New PTT ယာဉ်လိုင်းက ပြေးဆွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောသည်။

မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအောက်မှ ပြေးဆွဲနေသည့်ယာဉ်လိုင်း ၇၃ လိုင်းရှိကာ သင်္ကြန်ကာလအတွင်း ပိတ်ထားမည့်ယာဉ်လိုင်းများနေပြီး အချို့ယာဉ်လိုင်းများသည် ဧပြီလ ၁၁ ရက်နေ့အထိ နောက်ဆုံးထားပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သင်္ကြန်အတွင်းမှာဆိုင်New PTT ယာဉ်လိုင်းက ပြေးဆွဲမယ် သူက ခရီးသည်ရရ မရရ ဆွဲပေးမယ်”ဟု ဦးကျော်ဝင်းမောင်က ပြောသည်။

မန္တလာမင်းယာဉ်လိုင်းသည် ဧပြီလ ၁၀ ရက်နေ့နောက်ဆုံးထား ပြေးဆွဲသော်လည်း ဧပြီလ ၁၁ ရက်နေ့မှစ၍ ပြည်နယ်အစိုးရအဖွဲ့ဖြစ်စေ ခရီးသွားပြည်သူများအတွက်ဖြစ်စေ လိုအပ်လျှင် အသုံးပြုနိုင်စေရေးအတွက် မော်လမြိုင်မြို့ အဝေးပြေးကားဝင်းတွင် ကားသုံးစီးထားပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ်ကို မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်နေသော်လည်း ယာဉ်လိုင်းများ ရပ်နားထားရန် တစ်စုံတစ်ရာအကြောင်းကြားလာခြင်း မရှိသေးသည့်အပြင် မိမိတို့ကော်မတီအနေဖြင့်လည်း ယာဉ်လိုင်းများကို ရပ်နားထားရန် ညွှန်ကြားထားခြင်းမရှိကြောင်း ဦးကျော်ဝင်းမောင်က ထပ်လောင်းပြောကြားသည်။

“အခုလို ရောဂါဗိုင်ရပ်စ် ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီးတော့ ခရီးသွားပြည်သူတွေလည်း တော်တော်လေးနည်းသွားတာပေါ့ ခရီးသွားပြည်သူတွေ အရေးကြီးကိစ္စ မဖြစ်မနေ ခရီးသွားဖို့ လိုအပ်ရင်တော့ ကျွန်တော်တို့ရုံးက ဒီကားဝင်းမှာ ဖွင့်လှစ်ထားမယ် အကူအညီတောင်းလာရင် ယာဉ်လိုင်းနဲ့ညှိနှိုင်းပြီးတော့ စီစဉ်ဆောင်ရွက်ပေးမယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင်မြို့ မြေနီကုန်းအဝေးပြေးကားဝင်းမှ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်စသည့်နေရာများoသို့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၄၂ လိုင်း ရှိပြီး ဈေးကြိုအဝေးပြေးကားဝင်းမှ ရေး၊ထာဝယ် ဘက်သို့ပြေးဆွဲနေသည့် ယာဉ်လိုင်း ၃၁ လိုင်းရှိကြောင်း မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးထံမှ သိရသည်။

ရွှေရိုး

Leave a Reply