မော်လမြိုင် ဧပြီ

မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း  အုပ်စုဖွဲ့ကာ အလံများထောင်၍ လှည့်လည်ခြင်းကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း လူငယ်များကြားတွင် ဆိုင်ကယ်များနှင့် အုပ်စုဖွဲ့ အလံထောင်၍ လည်ပတ်ခြင်းနှင့် မသင့်လျှော်သည့် ဝတ်စားဆင်ယင်မှုများကို ယခင်နှစ် သင်္ကြန်ကလည်း အရေးယူဆောင်ရွက်မှုများ ရှိခဲ့သည်။

အလားတူ ဆိုင်ကယ်အိတ်ဇောသံ ကျယ်လောင်စွာ မောင်းနှင်သည့် ဆိုင်ကယ်များနှင့် အိတ်ဇောဖြုတ် မောင်းနှင်သည့် ဆိုင်ကယ်များကိုလည်း ဖမ်းဆီးသွားမည်ဖြစ်ပြီး သင်္ကြန်ကာလပြီးပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“ဆိုင်ကယ်အိတ်ဇောနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကျွန်တော်ပြောထားပြီးဖြစ်ပါတယ်။ တချို့ ဆိုင်ကယ်တွေက အိတ်ဇောဖြုတ်ပြီးမောင်းတာရှိသလို တချို့ဆိုင်ကယ်တွေက ပါဝါကြီးတဲ့အတွက် ပါဝါအိတ်ဇောတွေပါတယ်။ အဲ့ဒါတွေကိုတွေ့ရင် တစ်ခါတည်းအပြတ်သိမ်းသွားမှာဖြစ်တယ်။ လိုင်စင်မရှိရင်လည်း မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် သင်္ကြန်ပွဲတော်မတိုင်မီတွင် လူစည်ကားရာအရပ်များ၊ လမ်းဆုံလမ်းခွများနှင့် မဏ္ဍပ်များတွင် သင်္ကြန်ပွဲတော်အတွင်း၌ ရှောင်ကြဉ်ရမည့် တားမြစ်ချက် သတိပေးစာများကိုလည်း အများပြည်သူသိရှိအောင် ဗီနိုင်းများဖြင့်ချိတ်ဆွဲပေးထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရရုံးထံမှ သိရသည်။

တေဇ

Leave a Reply