မြဝတီ၊ မတ် ၂၇ ။ ။မြန်မာ့သင်္ကြန်ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ကြမည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား ဧပြီ ၅ ရက်မှ ၃၀ ရက်ထိ ထိုင်းနိုင်ငံ အဝင်အထွက်ဂိတ်များတွင် တစ်စုံတစ်ရာ ငွေကြေးပေးရန် မလိုသည့်အပြင် ငွေကြေးတောင်းခံသူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဌာနမှူးကြီး မစ္စတာနက်ကထွန်းက ပြောကြားသည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ်ဝသို့ မတ် ၂၇ ရက်က ရောက်ရှိလာသည့် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး မစ္စတာနက်ကထွန်းက တော့ခရိုင်နှင့် မဲဆောက်ခရိုင်မှ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခုလိုလာရောက်ရခြင်းမှာ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဘက်မှ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ့ အလုပ်သမားတွေအနေနဲ့ နေရပ်ပြန်တဲ့အခါ အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားတဲ့ မည်သည့် အလုပ်သမားမဆို ဂိတ်အဝင်အထွက်တွေမှာ ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုဘူး၊ အဝင်အထွက် လက်မှတ်တွေလည်း လုပ်စရာမလိုပါဘူး”ဟု မစ္စတာနက်ကထွန်းက ဆိုသည်။

ထိုအပြင် နေရပ်ပြန်မည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအပြင် ထိုင်နိုင်ငံ၊ မဲဆောက်မြို့သို့ လာရောက်ကြမည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံရှိ စစ်တပ်၊ ရဲ၊ လဝက ဝန်ထမ်းများက လုံခြုံရေးအရ စစ်ဆေးမှုလောက်သာ ရှိမည်ဖြစ်ပြီး မည်သည့် လက်မှတ်ကိုမျှ စစ်ဆေးမည်မဟုတ်ကြောင်း၊ မည်သည့် ငွေကြေးတစ်စုံတစ်ရာနှင့် အခွန်အခများကို တောင်းခံမည်လည်း မဟုတ်ကြောင်းနှင့် လိုအပ်သည့် အကူအညီများကိုပင် ပေးသွားမည်ဖြစ်ကာ သတ်မှတ်ရက်များအတွင်း အခမဲ့ သွားလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတ်မှတ်ကာလဖြစ်သည့် ဧပြီ ၅ ရက်မှ ဧပြီ ၃၀ ရက် အတွင်းသာ ဝင်ထွက်သွားလာရမည်ဖြစ်ပြီး ရက်ကျော်လွန်သွားလျှင် မူလစည်းကမ်းများအတိုင်း ပြန်လည် သွားလာ ဝင်ထွက်ကြရမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက စည်းကမ်းချက်အတိုင်း အရေးယူမည်ဟု သိရသည်။

Written by – ဆုလာဘ်

Leave a Reply