“သင်္ကြန်သွားလည်ရင်းနဲ့ ရန်မဖြစ်ကြဖို့ မှာချင်တယ်။ အားလုံးကို ပျော်ရွှင်စရာ နှစ်သစ်လေး ဖြတ်သန်း နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဆိုတဲ့ မွန်အဆိုတော် “ပိယ”

ဟင်္သာ ။ ။ ကိုပိယ အနေနဲ့ အနုပညာလောကထဲကို ဘယ်လိုရောက်ရှိလာခဲ့လဲ ခင်ဗျာ။
ပိယ ။ ။ ဒီအနုပညာလောထဲကို ဘယ်လိုရောက်ရှိခဲ့လဲဆိုရင် ကျွန်တော်က သီချင်းဆိုရတာ အရမ်း ဝါသနာပါတယ်၊ မွန်တေးဂီတအဖွဲ့ တစ်ခုခုကိုလည်း ဝင်ချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ တေးရေးဆရာ “ခေမာနန်” နဲ့ တွေ့တော့ ကျွန်တော် ဂီတအဖွဲ့ထဲကို ဝင်ချင်တယ်လို့ ပြောပြလိုက်တော့ တေးရေးဆရာက အဆိုတော် “ဟောင်းချမ်း” နဲ့ ချိတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ အဆိုတော် “ဟောင်းချမ်း” က ဂီတအဖွဲ့ တစ်ခုဖြစ်တဲ့ “ဂီတအလင်္ကာ” ကို ဦးဆောင်နေတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်က အနုပညာလောကထဲကို ရောက်ရှိလာခဲ့တယ်။

ဟင်္သာ ။ ။ လက်ရှိအချိန်မှာ အစ်ကို ပိယက ဘယ်အဖွဲ့မှာ သီဆိုဖျော်ဖြေပေးနေလဲ။
ပိယ ။ ။ အခုကျတော့ Power Music အဖွဲ့မှာ ကျွန်တော် ရောက်ရှိနေပါတယ်။ ဒီအဖွဲ့ထဲကိုတော့ ၂၀ဝ၈ ခုနှစ်တုန်းက ကျွန်တော်ဝင်ထားတယ်။ ဒါပေမယ့် တစ်နှစ် နှစ်နှစ်လောက် အနားယူထားတယ်။ အခု အဲဒီ Power Music အဖွဲ့မှာပဲ သုံးလေးနှစ်လောက် ရှိနေပြီ။

ဟင်္သာ ။ ။ အစ်ကိုပိယက အနုပညာလောကမှာ ရပ်တည်လာတဲ့အတွက် မိဘတွေကရော အားပေးမှု ရှိရဲ့လား၊ ဘယ်လိုအခြေအနေရှိလဲ။
ပိယ ။ ။ မိဘတွေက အရမ်းအားပေးတယ်။ ထောက်လည်း ထောက်ပံ့ပေးတယ်။

ဟင်္သာ ။ ။ အစ်ကိုပိယတို့ မောင်နှမ ဘယ်နှစ်ယောက်လောက်ရှိလဲ။
ပိယ ။ ။ ကျွန်တော်တို့ မိသားစုမှာတော့ မောင်နှမ ကိုးယောက်ရှိတယ်။ ကျွန်တော်ကတော့ ခုနစ်ယောက်မြောက် သားလေးဖြစ်တယ်။ ဒီသားတစ်ယောက်တော့ အဆိုတော်လေးပေါ့ဗျာ။

ဟင်္သာ ။ ။ အနုပညာလောကထဲ ရောက်လာတာ ကြာပြီးဆိုတော့ သီချင်းခွေ ဘယ်နှစ်ခွေလောက် ထွက်ခဲ့ပြီးပြီလဲ။
ပိယ ။ ။ ပထမဆုံးအခွေကိုတော့ အတွဲခွေပေါ့ဗျာ၊ အဲဒီအခွေနာမည်ကတော့ “တောဲလောဲ” ပေါ့လေ ကျွန်တော်နဲ့ အစ်မ ဒေဝီ ဆိုထားတယ်။ နောက်တစ်ခွေကိုတော့ “ဂံင်ဗက်ဟာ” ကျွန်တော်ရဲ့ တစ်ကိုယ်တော် အခွေဖြစ်တယ်။ အဖွဲ့သီချင်းခွေတွေ နောက်ပြီး အခြားသီချင်းခွေတွေမှာလည်း ကူညီ သီဆိုပေးထားတာ ရှိသေးတယ်။

ဟင်္သာ ။ ။ ဘယ်သီချင်းနဲ့ “ပိယ” ဆိုတဲ့နာမည်နဲ့ လူသိများလာခဲ့လဲ။
ပိယ ။ ။ ကျွန်တော်ရဲ့ အတွဲခွေလေးထဲကပဲ “ဖျာဂကောံဝုတ်မန်” ဆိုတဲ့ သီချင်းနဲ့ နာမည်ရလာပြီးတော့ အဲဒီသီချင်းနဲ့ လူသိများလာခဲ့တယ်။

ဟင်္သာ ။ ။ အစ်ကိုပိယ ထုတ်ခဲ့ပြီးတဲ့ သီချင်းအခွေတွေကို အားရကျေနပ်မှုရှိရဲ့လား။
ပိယ ။ ။ ထုတ်ပြီးခဲ့တဲ့ သီချင်းအခွေက ကျွန်တော်အားရ ကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတာ မဟုတ်လို့၊ အဲဒီအချိန်မှာတော့ ကျွန်တော်က သီချင်း ဆိုမတတ်သေးဘူး။ နောက်ပြီး သီချင်းလည်း မရွေးတတ်သေးဘူး။ သီချင်းတွေက သူများရွေးချယ်ပေးထားတာဖြစ်တယ်။ နောက်ပြီးတော့ အဲဒီသီချင်းခွေကလည်း သူများထုတ်ပေးထားတာဖြစ်တယ်။

ဟင်္သာ ။ ။ သီချင်းခွေထုတ်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်တိုင်းကျနိုင်ဖို့ ဘယ်လိုလုပ်ချင်လဲ။
ပိယ ။ ။ ကိုယ့်သီချင်းခွေကို ကိုယ်ကိုယ်တိုင် လုပ်ယူရမှ စိတ်တိုင်းကျမယ်။ သီချင်းတွေလည်း ကိုယ့်ဘာသာကိုယ် ရွေးမယ်၊ ကိုယ့်ကြိုက်တဲ့ စာသားတွေ ကိုယ်ကြိုက်တဲ့ သံစဉ်တွေ ကိုယ်ရွေးချယ်ယူမယ်။ အဲဒီလိုဆိုရင် စိတ်တိုင်းကျမယ်။

ဟင်္သာ ။ ။ သီချင်းတွေအများကြီး ဆိုခဲ့ပြီးပြီဆိုတော့ ဘယ်သီချင်းတွေကို အကြိုက်နှစ်သက်ဆုံးလဲ။
ပိယ ။ ။ ကျွန်တော်ရဲ့ သီချင်းအများဆုံးထဲက ကျွန်တော်အကြိုက်နှစ်သက်ဆုံး သီချင်းက “မေတ္တာမိမာယာ” ဆိုတဲ့ သီချင်းပဲဖြစ်တယ်။ ဒီသီချင်းကတော့ ကိုယ့်ရဲ့ ဘဝအချစ်အကြောင်းတွေ ပေါ့လေ။

ဟင်္သာ ။ ။ အဲဒီ “မေတ္တာမိမာယာ” ဆိုတဲ့ သီချင်းကို ဘာကြောင့်ကြိုက်လဲ၊ အစ်ကို ပိယနဲ့ ဘယ်လို တိုက်ဆိုင်မှုတွေ ရှိနေလဲ။
ပိယ ။ ။ ဘာကြောင့်ကြိုက်လဲဆိုတော့ ဒီသီချင်းက ကျွန်တော်ရဲ့ဘဝနဲ့ တိုက်ဆိုင်နေလို့ပါ။ အဲဒီသီချင်းက အရမ်းခံစားရတယ်။ ဘယ်လို တိုက်ဆိုင်နေလဲဆိုတဲ့ အကြောင်းအရင်းက သီချင်းစာသားအတိုင်း ပါပဲလို့ ပြောရမယ်။ အဲဒီသီချင်းကို နားထောင်ရင်တော့ သိလိမ့်မယ်။ ဒီသီချင်းက ကိုယ့်ရဲ့ ခံစားချက် ဖြစ်နေတဲ့ အတွက်ကြောင့် Showe ပွဲတွေမှာ ဆိုရတာ အရမ်းစိတ်ပါတယ်။

ဟင်္သာ ။ ။ ဒီအနုပညာလောကထဲကို ရောက်ရှိဖို့ ဘယ်လို အခက်အခဲတွေနဲ့ ဖြတ်သန်းခဲ့ရသေးလဲ။
ပိယ ။ ။ ကျွန်တော်ဒီဘဝ ဒီလောကထဲရောက်လာနိုင်ဖို့ အခက်အခဲတွေ များစွာဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ မွန်အဆိုတော်တွေက သီချင်းခွေ မထုတ်နိုင်ဘူးဆိုရင် အဆိုတော်မဖြစ်ဘူး။ ကျွန်တော်ကတော့ ပထမဆုံး အခွေထွက်ပြီးမှာတော့ နာမည်ပျောက်လုနီးပါး ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ထိုင်းနိုင်ငံကို နှစ်နှစ်လောက် ရောက်သွားတယ်။ ပြီးတော့မှ ပြန်လာတယ်။ အဲဒီ ပြန်လာတဲ့အချိန်မှာပဲ ဒုတိယ သီချင်းခွေဖြစ်တဲ့ “ဂံင်ဗက်ဟာ” ကို ထုတ်လိုက်တော့မှ ကျွန်တော်နာမည် “ပိယ” ဆိုတာ ပြန်လည် ရှင်သန်လာခဲ့တယ်။ အဓိက အခက်အခဲကတော့ ငွေရေးကိစ္စပေါ့ဗျာ။

ဟင်္သာ ။ ။ စောင့်မျှော်နေတဲ့ ပုရိသတ်တွေအတွက် သီချင်းခွေအသစ်ထွက်ဖို့ရှိလား။
ပိယ ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ သီချင်းတွေ အကုန်လုံး အပ်ထားပြီးပြီး၊ ဒီသီချင်းခွေရဲ့ နာမည်ကိုတော့ “လမ်း” လို့ ပေးထားတယ်။ ဒီသီချင်းကတော့ တေးရေးဆရာ “မဉ္စရီနန်” က ရေးသားထားပါတယ်။ နောက်ပြီးတော့ တေးရေးဆရာ သ္ဇိုင်ဝန်၊ အဝဏ်၊ နန်လွီနာဲ၊ လေံဍံက်၊ ဝီရ စတဲ့တေးရေးဆရာတွေ ပါဝင်ရေးသားထားပါတယ်။

ဟင်္သာ ။ ။ ပြီးခဲ့တဲ့သီချင်းခွေတွေက ကိုယ့်ရဲ့ စိတ်တိုင်းကျ မဖြစ်ခဲ့ဘူးဆိုတော့ ဒီသီချင်းအခွေထွက်တဲ့ အခါကျရင် ကိုယ့်ရဲ့စိတ်တိုင်းကျ ဖြစ်နိုင်မလား။
ပိယ ။ ။ ဒီသီချင်းခွေကိုကျတော့ ကိုယ့်ရဲ့ စိတ်တိုင်းကျဖြစ်နေတယ်။ သီချင်းရွေးတာရော စသဖြင့် ကိုယ့်ရဲ့စိတ်တိုင်းကျဖြစ်နေတော့ သီချင်းခွေထွက်လာရင် ကိုယ့်ရဲ့ စိတ်တိုင်းကျပဲဖြစ်လာမှာပါ။

ဟင်္သာ ။ ။ အနုပညာအလုပ်အပြင် စားဝတ်နေရေးအတွက် အခြားအလုပ်တွေ ဘာတွေလုပ်နေတာ ရှိလဲ။
ပိယ ။ ။ ကျွန်တော်တို့ မွန်တိုင်းရင်းသား အနုပညာလောကမှာဆိုရင် သံဖြူဇရပ်မှာ ဆံပင်ညှပ်ဆိုင်ဖွင့် ထားတယ်။

ဟင်္သာ ။ ။ သင်္ကြန်ကာလမှာ ဘယ်မှာ ဖျော်ဖြေဖို့ရှိလဲ။
ပိယ ။ ။ သင်္ကြန်မကျခင်မှာတော့ သောင်ပြင်ရွာမှာ ကျွန်တော်တို့ Show ပွဲတစ်ခုရှိတယ်။ အဲဒီကို သွားဖျော်ဖြေမယ်။ သင်္ကြန်ကာလမှာတော့ ဘယ်မှာဆိုရမလဲဆိုတာ မသိသေးဘူး။ ဖိတ်ကြားလာရင်တော့ သွားရောက်ဖျော်ဖြေပေးမယ်။

ဟင်္သာ ။ ။ သင်္ကြန်ကာလမှာ ဘယ်မှာမှ ဖျော်ဖြေစရာမရှိဘူးဆိုရင် ဘယ်လိုဖြတ်သန်းသွားမလဲ။
ပိယ ။ ။ သင်္ကြန်ကာလမှာ ဖျော်ဖြေစရာမရှိရင်တော့ အိမ်မှာပဲ အေးအေးဆေးဆေး ဖြတ်သန်းသွားမယ်။

ဟင်္သာ ။ ။ နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို သင်္ကြန်ကာလနှစ်သစ် ဆုတောင်းပေးလို့ ရမလား။
ပိယ ။ ။ ပရိသတ်တွေအတွက် ဆုတောင်းပေးမှာပေါ့။ သင်္ကြန်ကာလမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ။ သင်္ကြန်သွားလည်ရင်းနဲ့ ရန်မဖြစ်ကြဖို့ မှာချင်တယ်။ အားလုံးကို ပျော်ရွှင်စရာနှစ်သစ်လေး ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Written by – ရွှေရိုး

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.