Advertisements

လူတစ်ယောက် ထီးထို၍ ထီပေါင်နိုင်ချေမှာ အပုံပေါင်း ၁၄ သန်းပုံလျှင် ၁ ပုံသာရှိသည်။
သို့သော် သင်္ချာပညာရှင် စတီဖန်မန်ဒဲလ်ကတော့ မည်သည့် စည်းမျဉ်းကိုမျှ မချိုးဖောက်ဘဲ ၁၄ ကြိမ်မျှ ထီပေါက်အောင် လုပ်နိုင်ခဲ့သည်။

ရိုမေးနီးယားတွင် မေးဖွာသော သြစတြေးလျနိုင်ငံသား စတီဖန်သည် သူ၏ ဉာဏ်ပညာနှင့် ဂဏန်းသင်္ချာကျွမ်းကျင်မှုကို အသုံးပြုလျက် ထီပေါက်အောင် တွက်ထုတ်နိုင်သည့် ဖော်မြူလာကို ဖန်တီးခဲ့သည်။

ဂဏန်းတစ်လုံးပါ ထီစနစ်တစ်ခုက စတီဖန်ကို ၁မှ ၄၀ အတွင်း ကြိုက်ရာရွေးထိုးဟု ဆိုလာလျှင် ၎င်းက ဂဏန်းငါးခုကို အောက်ပါအဆင့်များအတိုင်းရွေးချယ်ပေလိမ့်မည်။

၁။ ဖြစ်နိုင်ချေရှိသော ဂဏန်းတွဲအရေအတွက်စုစုပေါင်းကို တွက်ချက်မည်။
၂။ ဂဏန်းတွဲပမာဏများထဲမှ ပေါက်နိုင်ချေ အနည်းဆုံး သုံးဆများသည့် ဂဏန်းများကို ရွေးထုတ်မည်။
၃။ ထိုဂဏန်းတွဲများအားလုံးကို ဝယ်နိုင်လောက်သည့် ငွေပမာဏရှာမည်။
၄။ သင်္ချာတွက်နည်းနှင့် နည်းပညာကို အသုံးပြုလျက် လက်မှတ်များကို ဖြည့်မည်။
၅။ မြို့ထဲရှိ ထီဆိုင်များသို့ သွားကာ ရွေးထားသည့် လက်မှတ်များကို သွားဝယ်မည်။
၆။ ထို့နောက် မိမိ၏ ပေါက်လက်မှတ်ကို ကိုင်ကာ စောင့်နေမည်။

ရိုမေးနီးယားတွင် စီးပွားရေးပညာရှင်အဖြစ် လုပ်ကိုင်နေစဉ်အတွင်း သူ၏ စနစ်ကို စမ်းသပ်ခဲ့သည်။ ဒုတိယဆုလောက်တော့ ပေါက်မည်ဟုမျှော်လင့်လျက် သူ့တွက်နည်းဖြင့် ထွက်လာသော ဂဏန်းငါးခုနှင့် နောက်စိတ်ထင်ရာ တစ်ခုကို ထိုးခဲ့သည်။

သူ့တွက်ကိန်းအတိုင်း ထီပေါက်ကာ မိသားစုနှင့်အတူ သြစတြေးလျသို့ ထွက်သွားခဲ့သည်။ သြစတြေးလျတွင် သူ့စနစ်အတိုင်း အကောင်အထည်ဖော်ရန် လုပ်တော့သည်။

သြစတြေးလျထီတွင် ဂဏန်းတွဲများလွန်းသောကြောင့် ဂဏန်းတွဲ များများ ဝယ်နိုင်ရန်အတွက် မစ္စတာစတီဖန်သည် ရင်းနှီးမြှုပ်နှံသူများကို လိုက်ရှာရတော့သည်။

သူ့စနစ်က ဂဏန်း ခြောက်လုံးထဲမှ ငါးလုံးတွက်ထုတ်ပေးရာ ဂဏန်းတွဲ အရေအတွက်များ အများအပြားဖြစ်သောကြောင့် ဖြစ်နိုင်ချေရှိသည့် ဂဏန်းတွဲများထက် ဆုကြေးများသည့် ဆုများကို ပို၍ အလေးထားလာသည်။

ထီပေါက်နိုင်ရန်အတွက် ရှိသမျှသော တွက်ထုတ်ထားသည့် ဂဏန်းတွဲများကိုဝယ်သည်။ ၁၂ ကြိမ်မျှ ထီပေါက်ပြီးသောအခါ သြစတြေးလျအာဏာပိုင်များက သူ့ခွင်ကို ရိပ်မိသွားသည်။

သူ့လုပ်ရပ်များက ဥပဒေနှင့်အညီဖြစ်သော်လည်း ထီ၏ အနှစ်သာရကို ပျက်စီးစေသောကြောင့် သူ့ကို ပိတ်ပင်ရန် ဥပဒေများ ပြဋ္ဌာန်းလိုက်သည်။ ဥပဒေအသစ်အရ လူတစ်ယောက်တည်းက ထီလက်မှတ် အများအပြား ဝယ်ယူခွင့်မရှိပေ။ ထိုအခါ မစ္စတာ စတီဖန်သည် စီးပွားဖက် ငါးယောက်ရှာက ထီလက်မှတ်တွေ ခွဲ၍ ဝယ်ပြန်သည်။

အာဏာပိုင်များကလည်း အုပ်စုဖွဲ့လျက် ထီလက်မှတ်ဝယ်ယူခြင်းကို ဥပဒေဖြင့် ပိတ်ပင်လိုက်ပြန်သည်။ ဤအခါတွင်လည်း မစ္စတာစတီဖန်သည် ထီကုမ္ပဏီထောင်လျက် နောက်တစ်နည်းကြံပြန်သည်။ သူက တစ်ခုလုပ်လိုက်၊ အစိုးရက ဥပဒေ တစ်ခု ပြဋ္ဌာန်းလိုက်နှင့် သံသရာလည်နေသည်။

နောက်တော့ ထိုသို့ လုပ်နေရသည်ကို ပျင်းသွားဟန်ရှိသည်။ ပိုမိုကြီးမားသော ဈေးကွက်ကို ရှာတော့သည်။ အခြားနည်းလမ်းများကို ရှာဖွေပြီးနောက်တွင် အမေရိကန်၌ သြစတြေးလျတွင်ကဲ့သို့ ဥပဒေများ ပြဋ္ဌာန်းခြင်းမရှိသေးကြောင်း သူသိသွားသည်။ ချက်ချင်းပင် အမေရိကန်၏ စနစ်များကို အသေးစိတ်လေ့လာသည်။ အထူးသဖြင့် ဗာဂျီနီးယားပြည်နယ်က ထီကို လေ့လာသည်။

ထီစနစ်ကို ကျော်လွန်နိုင်သည့် အပြည့်စုံဆုံးနီးပါး ဖော်မြူလာကို မစ္စတာ စတီဖန်က ဖန်တီးလိုက်သည်။

ယင်းပုံသေနီးက ထီပေါက်ရန်အတွက် လိုအပ်သော ဂဏန်း ခြောက်လုံးအနက် ၅ လုံးကို ၁၀၀ ရာခိုင်နှုန်း မှန်အောင် တွက်ထုတ်နိုင်သည်။ ထို့နောက် ဖြစ်နိုင်သည့် ဂဏန်းတွဲများကို ဝယ်ယူနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများ လိုက်ရှာသည်။

သူ့ဖော်မြူလာကို အသုံးပြုလျက် သြစတြေးလျနှင့် အမေရိကန်တွင် ထီထိုးလိုက်ရင် အမေရိကန်ဒေါ်လာ သန်း ၃၀ မျှ ပိုက်မိသွားသည်။

သူသည် ရိုမေးနီးယားတွင် တစ်ခါ ထီပေါက်ဖူးသည်။ သြစတြေးလျတွင် ၁၂ ကြိမ်ပေါက်ဖူးသည်။ အမေရိကန်၊ ဗာဂျီးနီးယားတွင် ထီဆုကြီးပေါက်ဖူးသည်။

သူ့ဖော်မြူလာမျှ ဥပဒေကို ချိုးဖောက်နေသော်လည်း သူ့ကို ဥပဒေချိုးဖောက်သည်ဟု ပြော၍ မရပေ။ ဖြစ်နိုင်ချေရှိသော ဂဏန်းတွဲပေါင်း ၇ဒသမ၁သန်းရှိပြီး ထီလက်မှတ်မှာ တစ်စောင်လျှင် ၁ ဒေါ်လာ ရှိသည်။ သူသည် သြစတြေးလျ ရင်းနှီးမြှုပ်နှံသူပေါင်း ၂၅၀၀ ကို စည်းရုံးလျက် တစ်ယောက်လျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ ဖိုး လက်မှတ်ဝယ်ခိုင်းခဲ့သည်။

“ပထမဆု တစ်ဆု၊ ဒုတိယဆု ၆ ခု၊ တတိယဆု ၁၃၂ ခု၊ ဆုသေးပေါင်း ထောင်ချီပြီးပေါက်မှာကို ကျွန်တော်သိနေတယ်လေ” ဟု သူက ပြောသည်။

စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀ ထီဆုကြေးရသွားသောအခါ CIAနှင့် FBI တို့ကဲ့သို့သော အဖွဲ့အစည်းများက သူ့ကို စစ်ဆေးခဲ့သော်လည်း အပြစ်ရှိကြောင်း မတွေ့ခဲ့ရပေ။ သို့သော် သူ၏ နည်းလမ်းများကို တားဆီးနိုင်ရန် ဥပဒေများ ပြင်ခဲ့ကြသည်။

အစ္စရေးတွင် ထိုကဲ့သို့ လုပ်ရန် ကြိုးပမ်းရာာ သူ့ကို လိမ်လည်မှုဖြင့် ထောင်ဒဏ်လ ၂၀ ချမှတ်လိုက်သည်။ ထောင်မှ ပြန်လွှတ်လာသည့်အခါမှ စကာ သြစတြေးလျနိုင်ငံရှိ ဗာနူတူကျွန်းတွင်သာ နေတော့သည်။

Source: MSN News

Advertisements
<

Leave a Reply