မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းမှ မြေကွက်အသစ်များနှင့် မြေလွတ်နေရာများတွင် ရော်ဘာပင်များကို စိုက်ပျိုးခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြည်နယ်သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ရော်ဘာ အပင်အိုများကို ခုတ်လှဲခြင်းများကြောင့် မြေဆီလွှာထိခိုက်မှုရှိနေပြီး ခုတ်လှဲထားသော အပင်နေရာတွင် အစားထိုးစိုက်ပျိုးခြင်းမရှိသောကြောင့် သစ်ပင်ပြုန်းတီးမှုဖြစ်ပေါ်လာသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သစ်တောကြိုးဝိုင်းမှာရှိတဲ့ မြေကွက်အလွတ်တွေ၊ မြေကွက်အသစ်တွေမှာ ရော်ဘာစိုက်ပျိုးခွင့် ပိတ်လိုက် ပါတယ်၊ အရင်စိုက်ထားပြီးသားတွေကိုတော့ ပိတ်တာ၊ ဖျက်သိမ်းတာတော့မရှိပါဘူ၊ စိစစ်ပြီး သက်တမ်း တိုးပေးမှာပါ”ဟု ၎င်းက ပြောသည်။

ယခင်စိုက်ပျိုးထားသော ရော်ဘာပင်စိုက်ခင်းများကို အနှစ် ၃ဝအငှားစာချုပ်ကို ပြန်လည်စိစစ်ပြီး သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောာင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ရော်ဘာစိုက်မြေများကို ပုံစံ(၇) ပေးထားခြင်းမရှိသောကြောင့် ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်မရှိဘဲ အငှားစာချုပ်ဖြင့်သာ စိုက်ပျိုးခွင့်ပေးထားပြီး ယခုနှစ်တွင် ရော်ဘာပင်များကို စိုက်ပျိုးခွင့်မပြုတော့ကြောင်း ဆက်လက်ပြောသည်။

အငှားစာချုပ် သက်တမ်းတိုးခြင်းကို တစ်နှစ်တစ်ခါ ပြုလုပ်ပေးနေပြီး တစ်နှစ်လျှင် တစ်ဧကကို တစ်ထောင်ကျပ်နှုန်း ပေးဆောင်ရကြောင်း ထပ်မံပြောသည်။

ကြိုးဝိုင်း၌ ရော်ဘာ စိုက်ပျိုးခွင့် ပိတ်ပင်လိုက်ပါက ရော်ဘာ ထုတ်လုပ်နိုင်သော အရည်အတွက် လျော့ကျလာနိုင်ကြောင်း ပေါင်မြို့နယ်မှာ ရော်ဘာခြံရှင် ဦးကိုနိုင်က ပြောသည်။

ပြည်နယ်တွင် ရော်ဘာ စိုက်ဧကပေါင်း ၅ သိန်းခန့် ရှိနေသော်လည်း ၁ သိန်းခန့်မှာ အလုပ်သမား ရှားပါးမှုကြောင့် လုပ်ငန်း ရပ်ဆိုင်းထားရသည်။

ထိုက်ထိုက်

Leave a Reply