Advertisements

သွေး (စစ်ကိုင်း)

“တက္ကသိုလ်တွင် ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ခရေပန်းတို့ကား ကြိုင်ဆဲ လှိုင်ဆဲ။ ရေတမာတန်းများသည် လည်း ဝေစည်လန်းဆန်းနေဆဲပင်။ အစဉ်အဆက်တွင် ကျွန်တော်တို့ တက္ကသိုလ်သည် တက်ကြွရှင်သန်သော သမိုင်း ရှိခဲ့သည်။”

(ကျော်အောင်ရေး “ရွှေရတုတက္ကသိုလ်” ဆောင်းပါး။ ၁၉၉၇ ခုနှစ် စက်တင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းမှ)

မကြာသေးမီက ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက နှစ်ရှည်သစ်ပင်ကြီးအချို့ကို ခုတ်လှဲခဲ့လို့ ကြားသိရသူ အပေါင်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ တက္ကသိုလ် အဆောက်အဦတွေနဲ့ ပနံတင့်စိမ်းလန်းနေတဲ့ ဒီ နှစ်ရှည်ပင်ကြီးတွေကို တက္ကသိုလ်ဝင်းထဲမှာ ပတ်လမ်းဖောက်လုပ်ရာမှာ မလွတ်လို့ ခုတ်လှဲခဲ့ရတာလို့ တက္ကသိုလ် အာဏာပိုင်တို့က ဆိုပါတယ်။ သစ်ပင်တွေခုတ်ပစ်မယ့်အစား အခြားနည်းလမ်းတွေ စဉ်းစားလို့ မရဘူးလား လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

Advertisements
data-language="en"

အမှန်တကယ် ဖြစ်သင့်တာက တက္ကသိုလ်ရာပြည့်ပွဲ မတိုင်မီ မြေယာရှုခင်း ဖော်ဆောင်တာတွေ လုပ်တော့မယ် ဆိုရင် ဘယ်နေရာမှာ ဘယ်လို လုပ်ဆောင်မှာလဲ၊ အဲဒီဧရိယာထဲမှာ ပါဝင်နေတဲ့ သစ်ပင်တွေကို ရှုခင်းနဲ့ လိုက်ဖက်အောင် ဘယ်လို ပေါင်းဆင့် စီမံမှာလဲ ဆိုတာကို တက္ကသိုလ် တာဝန်ရှိသူတွေက ကျောင်းသူ ကျောင်းသား အများပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီး ကျောင်းသားတွေရဲ့ သဘောဆန္ဒ၊ ပညာရှင်တွေရဲ့ ရှုထောင့်အမြင်တွေကို ရယူသုံးသပ်ပြီးမှ လုပ်ငန်းဖော်ဆောင်ခဲ့ဖို့ပါ။

ရန်ကုန်တက္ကသိုလ် အတွင်း ပတ်လမ်းဖောက်လုပ်ဖို့နဲ့ အဓိပတိလမ်း တစ်လျှောက် မြေယာရှုခင်း ပြုလုပ်ဖို့ လက်ရှိအချိန်ထိ သက်တမ်းရင့် အပင်ကြီးပေါင်း ၂၅ ပင်ထက် မနည်း ခုတ်လှဲခံခဲ့ရပြီးပါပြီ။ ပတ်လမ်းအတွက် ခုတ်ဖို့ မူလလျာထားတဲ့ အပင်ပေါင်း ၇၆ ပင်အထိတောင် ရှိတယ်လို့ တက္ကသိုလ်ရဲ့ စီမံ/ဘဏ္ဍာဌာနမှူးက ရန်ကုန်တက္ကသိုလ် ကျောင်းသားနဲ့ ဆရာများသမဂ္ဂ ကိုယ်စားလှယ်တွေကို ပြောပြချက်အရ သိရပါတယ်။ ဒါကြောင့် ကျောင်းသားတွေက နိုဝင်ဘာ ၄ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ကျောင်းသားဆန္ဒ မပါသော လုပ်ငန်းများ ချက်ချင်းရပ်” ၊ “အပေါ်ယံပြောင်းလဲမှုများ အလိုမရှိ” ဆိုပြီး ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

“တက္ကသီလာ မြကျွန်းသာ” ဆိုတဲ့ စကားဟာ တက္ကသိုလ်ရဲ့ စိုပြည်စိမ်းလန်းမှုကို တင်စား ပြောဆိုတာပါပဲ။ အသက် ၁၀၀ ပြည့်တော့မယ့် “ရန်ကုန်တက္ကသိုလ်” ဟာလည်း သစ်ပင်တွေနဲ့ စိမ်းလန်းပြီး ကံ့ကော်မြေ လို့တောင် ခေါ်ဝေါ်ကြတာပါ။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် သက်တမ်းရင့် သစ်ပုပ်ပင်ကြီး၊ ကံ့ကော်ပင်တွေနဲ့ ပျဉ်းမပင်တွေဟာ မပါမဖြစ် ဇာတ်လိုက်တွေ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က အခြားသော တက္ကသိုလ်တွေမှာလည်း တက္ကသိုလ် ပရဝဏ် စိမ်းလန်းအေးချမ်းစေဖို့ သစ်ပင်တွေကို စိုက်ပျိုးကြတာ ရှိသလို ရှိပြီးသား သစ်ပင်ကြီးတွေကိုလည်း အထူးအလေးပေး ထိန်းသိမ်းတန်ဖိုးထားကြပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက် မှာ စိမ်းလန်းတဲ့ သစ်ပင်တွေအောက်က ခုံတန်းလေးတွေမှာ အနားယူတာ၊ စာဖတ်ကြတာတွေ၊ အချင်းချင်း ဝိုင်းဖွဲ့ စကားပြောတာတွေ ပါဝင်တယ် မဟုတ်လား။

ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များအလွန်အကျွံအခုတ်ခံရမှုနှင့်ပတ်သက်ပြီး ကျောင်းသားများဆန္ဒပြမှုတခုကို နိုဝင်ဘာလ ၄ ရက်က ပြုလုပ်ခဲ့ကြစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များအလွန်အကျွံအခုတ်ခံရမှုနှင့်ပတ်သက်ပြီး ကျောင်းသားများဆန္ဒပြမှုတခုကို နိုဝင်ဘာလ ၄ ရက်က ပြုလုပ်ခဲ့ကြစဉ် (ဓာတ်ပုံ – စိုင်းဇော်/Myanmar Now)

ယနေ့ခေတ် သစ်တောပြုန်တီးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာလည်း ကမ္ဘာ့နိုင်ငံ အသီးသီးဟာ သစ်ပင်တွေ ပိုမိုစိုက်ပျိုးဖို့၊ သစ်တောတွေ ပိုမိုပြုစု ပျိုးထောင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြရပြီ ဖြစ်ပါတယ်။ သစ်ပင်တွေဟာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားကြပါတယ်။ လူနဲ့ တိရစ္ဆာန်တွေရှူရှိုက်ရတဲ့ အောက်စီဂျင်ဓာတ်ငွေ့ကို သစ်ပင်တွေက ပြန်လည် ထုတ်လွှတ်ပေးပါတယ်။ အေးမြတဲ့ အရိပ်အာဝါသ ပေးသလိုရေကြီးရေလျှံမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သစ်ပင်တွေခုတ်တာကို ဝိုင်းဝန်းကန့်ကွက်ကြတဲ့နောက် ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူတွေဘက်ကနေ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး သစ်ပင်တွေ ခုတ်လှဲတာကို ယာယီရပ်ဆိုင်းထားမယ် လို့ ဖော်ပြထားပါတယ်။ ဒါဟာ မြကျွန်းညိုတက္ကသိုလ်နဲ့သစ်ပင်တွေကိုချစ်ကြသူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အတွက် အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ပေမဲ့ ဒီဖြစ်ရပ်ရဲ့နောက်မှာ နောက်ထပ် ဆွေးနွေးစရာလေးတွေ ပေါ်လာပါတယ်။

အနာဂတ်ရည်မှန်းချက်နှင့် မူဝါဒအားနည်းနေသလား

ကျမတို့ နိုင်ငံမှာ သစ်ပင်တွေကို ခုတ်ရင် ဘယ်အဖွဲ့က ခုတ်သလဲ ဆိုတာ မသိရတာကလည်း တာဝန်ယူ တာဝန်ခံမှု မရှိတာကို ဖော်ညွှန်းနေပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မုံရွာနဲ့ သာစည်-နောင်ကြီးအိုင် ရွာကြား လမ်းဖောက်ဖို့ အတွက် ဆိုပြီး နှစ်ပေါင်း ရာချီ သက်တမ်းရှိနေတဲ့ သစ်ပင် ၂၀၀ ကို ခုတ်လှဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတဲ့ အတွက် နောက်ပိုင်းမှာ ခုတ်လှဲတဲ့ အစီအစဉ်ကို ရပ်တန့်ခဲ့ပါတယ်။

နောက်တစ်ခါ ၂၀၁၉ မေလထဲမှာလည်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ လယ်လမ်းမကြီးဘေးက တမာပင်တွေကို လမ်းချဲ့ဖို့ အတွက် ခုတ်လှဲဖို့ စီစဉ်ခဲ့ပါတယ်။ အညာဒေသရဲ့ သင်္ကေတလို့ ပြောနိုင်တဲ့ တမာပင်တွေ အခုတ်လှဲမခံရစေဖို့ ပခုက္ကူဒေသခံတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ခုတ်လှဲဖို့ အမှတ်အသားပြုထားတဲ့ သစ်ပင်တွေမှာ သစ်ပင်တွေရဲ့ အရေးပါမှု အကြောင်း ရေးထားတဲ့ စာရွက်တွေလည်း ကပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာမှ ဒေသခံတွေရဲ့ သဘောဆန္ဒကို လိုက်လျောပြီး တမာပင်တွေလှဲမယ့်အစီအစဉ်ကို ရပ်ပစ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားပေမယ့် ဒီဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေပါသေး …

အထက်ပါဖြစ်စဉ်တွေကို ကြည့်ရင် သစ်ပင်တွေကို ခုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာက တက္ကသိုလ်ကလား၊ စည်ပင်ကလား၊ သစ်တောဦးစီးဌာနကလား၊ လမ်း/တံတား ဌာနကလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ လူတွေက ဝိုင်းပြောကြမှ၊ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာမှ ဒေသခံတွေ အပြင်းအထန် ကန့်ကွက်မှ သစ်ပင်တွေ ခုတ်တာကို ရပ်ဆိုင်းတာမျိုးပဲ ဖြစ်နေပါတယ်။ သစ်ပင် မခုတ်ခင်ကတည်းက ဘာကြောင့် ခုတ်ရမယ်၊ ဘယ်ဌာနက ခုတ်မယ် ဆိုတာ ရှင်းပြပြီး ဒေသခံတွေရဲ့ သဘောထားကို မေးမြန်းပြီးမှ လုပ်ဆောင်တာမျိုး ဖြစ်ရပါမယ်။ သစ်ပင်တစ်ပင်ကို ခုတ်လှဲတာ လွယ်ကူပေမယ့် သစ်ပင်တစ်ပင် ကြီးထွားလာဖို့က နှစ်ပေါင်းများစွာ အချိန်ကြာမြင့်ပါတယ်။ သစ်တစ်ပင်ဟာ ရွှေထက် ပိုတန်ဖိုးရှိပါတယ်။

မြန်မာပြည်တစ်နံတစ်လျားမှာ ခရီးသွားတိုင်းမြင်နေရတဲ့ ဆိုင်းဘုတ်လေးတွေရှိပါတယ်။ ဥပမာ – “ဥတု ရာသီ တောကိုမှီ၏” ၊ “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” စသည်ဖြင့်။ တောသူတောင်သားဆင်းရဲသားတွေ ထင်းခွေလို့ အရေးယူ ခံရတဲ့သတင်းတွေလည်း ကြားမိပါရဲ့။ ဒါပေမဲ့ ပြည်သူတွေနဲ့ မတွေ့ဆုံမဆွေးနွေးဘဲ၊ ပြည်သူ့ခွင့်ပြုချက်မပါဘဲ အာဏာပိုင်တွေက သစ်ပင်တွေခုတ်တဲ့ကိစ္စမှာတော့ ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘယ်လိုပြန်တောင်းပန်ရတယ်၊ နောင်မဖြစ်ဖို့ ဘယ်လိုကတိပေးတယ်ဆိုတာ ခုထိတော့ မကြားမိပါဘူး။

ဒါက ဘာကိုပြနေလဲဆိုတော့ အုပ်ချုပ်သူအာဏာပိုင် ယန္တရားအဆင့်ဆင့်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ အသိ လုံလုံလောက်လောက် အမြစ်မတွယ်သေးဘူးဆိုတဲ့အချက်ပါ။ သစ်ပင်နဲ့ လူနဲ့ယှဉ်ရင်၊ ဒါမှမဟုတ် သစ်ပင်နဲ့ လမ်းနဲ့ အိမ်နဲ့ ရွေးခိုင်းရင် ဘာကိုရွေးရမလဲဆိုတဲ့ အသိဟာ (အထူးသဖြင့်) အောက်ခြေပိုင်းမှာ သဲသဲ ကွဲကွဲ မရှိကြသေးပါဘူး။ အလွယ်တွေးပြီး အလွယ်လုပ်သလိုဖြစ်နေပါတယ်။ ဒါဟာ အင်မတန် ထိတ်လန့်ဖို့ကောင်းပါတယ်။ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု၊ သစ်တောပြုန်းတီးမှုကိစ္စ ကမ္ဘာမှာ ကျယ်ကျယ်လောင်လောင် ဆွေးနွေးတိုက်ပွဲဝင်နေကြတယ်။ ဒေါက်တာသန့်မြင့်ဦး ကလည်း အနာဂတ်မြန်မာပြည်ရင်ဆိုင်ရမယ့် သဘာဝဘေးအန္တရာယ်တွေကိစ္စ သတိပေးထားပါတယ်။ ဒါတောင်မှ  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ တိကျတဲ့ အနာဂတ်ရည်မှန်းချက်၊ မူဝါဒတွေ ပြည်သူကို ချပြတာ ဖြစ်မလာသေးပါဘူး။ ပြီးရင်လည်း ထိတ်ထိတ်ပြာပြာ အကောင်အထည်ဖော်ဆောင်နေရမယ့်အချိန်ပါ။ နောက်တောင်ကျနေပါပြီ။

လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ သစ်ထုတ်လုပ်မှု တွေကို ရပ်ဆိုင်းထားတာဟာ သိပ်ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ ပဲခူးရိုးမအပါအဝင် သစ်တောကြီးတွေကနေ သစ်ခိုးထုတ်တာတွေကတော့ မကြားချင်မှအဆုံး။ သစ်ခိုးထုတ်သမားတွေကို တင်းတင်းကျပ်ကျပ် တားဆီးဖို့ ဒါ့ထက်လိုနေပါသေးတယ်။ ဒါ့ပြင် ခုလို လမ်းနဲ့မလွတ်လို့၊ ဘာနဲ့မလွတ်လို့ဆိုပြီး လက်လွတ်စပယ် သစ်ပင်ခုတ်ပစ်တဲ့ဇာတ်လမ်းတွေလည်း စိတ်မကောင်းစရာကြားရဆဲပါပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားပေမယ့် ဒီဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေပါသေးတယ်။ ဘာတွေလုပ်နေတယ်ဆိုတာ တိတိကျကျမသိရသလို ပြည်သူနဲ့ထိစပ်မှုလည်း နည်းပါး လှပါတယ်။

အနာဂတ်မျိုးဆက်တွေဆီကနေ ခု သဘာဝတရားကြီးကို ခဏငှားရမ်းသုံးစွဲနေရတာပါ …

တကယ်ဆိုရင် မြန်မာပြည်ဟာ နောင်နှစ်သုံး၊ လေးဆယ်မှာကြုံလာရတော့မယ့် ဘေးအန္တရာယ် တွေအတွက် ခုကတည်းက ရေရှည်စီမံချက်တွေချမှတ်ပြီး စလုံးရေစသင့်နေတာမျိုးပါ။ အဲဒီလိုမဖြစ်ဘဲ သစ်ပင်ခုတ်တဲ့ သတင်းတွေထွက်လာလိုက်၊ ပြည်သူတွေက ကန့်ကွက်လိုက်၊ ပြန်ပြီးရပ်ဆိုင်းလိုက်ဆိုတာမျိုးချည်းပဲ  ကြားလို့ မဆုံးတာက အံ့အားသင့်စရာပါပဲ။ ပြဿနာတက်တိုင်းလည်း ဘယ်သူ့ကိုတော့ဖြင့် အရေးယူလိုက်တယ်၊ ဘယ်သူကတော့ဖြင့် တာဝန်ယူ၊ တာဝန်ခံပါတယ်ရယ်လို့ မကြားရတာကလည်း စိတ်ပျက်စရာပါ။

သစ်တော ပြန်လည် ပြုစုပျိုးထောင်ရေးကို လုပ်ဆောင်နေတဲ့ အချိန်မှာ သစ်ပင်တွေ ခုတ်လှဲတာနဲ့ ပတ်သက်ပြီး တိကျတဲ့ စည်းမျဉ်းဥပဒေတွေ ရှိဖို့ လိုအပ်နေပါပြီ။ သစ်ပင်တွေခုတ်လိုက်၊ လူတွေက ကန့်ကွက်တော့ ပြန်ရပ်လိုက်၊ ပြီးတော့ သူလိုလို ငါလိုလိုနဲ့ တာဝန်ခံသူမပေါ်၊ ကြာတော့ မေ့မေ့ပျောက်ပျောက် သံသရာကြီးလည်နေကြဦးမှာလား။ အရင်ခေတ်ကလိုပဲ ခုတ်တာတစ်ဖွဲ့ စိုက်တာတစ်ဖွဲ့ ဖြစ်နေဦးမှာပဲလား။ တစ်နှစ်ထက် တစ်နှစ် ပိုမိုပူပြင်းလာတဲ့၊ မိုးတွင်းရောက်တိုင်း ရေကြီးရေလျှံတာတွေ ခပ်စိပ်စိပ် ဖြစ်လာနေတဲ့ ကျမတို့ရဲ့မြန်မာနိုင်ငံမှာ သစ်ပင် တစ်ပင်ကိုတောင် ခပ်လွယ်လွယ်ခုတ်တဲ့ကိစ္စတွေ ဆက်ကြားနေရဦးမှာလား။ “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” ဆိုတာ ဆင်းရဲသားတွေအတွက်ပဲ လား။

သစ်တစ်ပင်ခုတ်မယ်ကြံတိုင်း အနာဂတ်မျိုးဆက်သစ်ရဲ့ ကလေးတစ်ယောက်ကို မြင်ယောင်ကြည့်ကြပါ။ ကျမတို့ဟာ အနာဂတ်မျိုးဆက်တွေဆီကနေ ခု သဘာဝတရားကြီးကို ခဏငှားရမ်းသုံးစွဲနေရတာပါ။ ဒါကို မမေ့စေချင်ပါဘူး။ စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသနဲ့ အလှတရားတို့ ပေးစွမ်းနေတဲ့၊ ဂေဟစနစ်ကို အထောက်အကူပြုတဲ့ သက်တမ်းရင့် သစ်ပင်ကြီးတွေကို မြကျွန်းညိုအတွင်းမှာသာမက နိုင်ငံတစ်ဝန်းလုံးမှာပါ ဘေးမသီရန်မခ ဆက်လက်မြင်တွေ့ပါရစေလို့ မေတ္တာရပ်ခံချင်ပါတယ်။ ။

သွေး (စစ်ကိုင်း) သည် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ရေးသားနေသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမတစ်ဦး ဖြစ်သည်။

Leave a Reply