သစ်သီးဝလံဈေးကွက် အရောင်းသွက်

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်တွင် ဇန်နဝါရီလကုန်ရက်မှစကာ သစ်သီးဝလံများ အရောင်းသွက်လာသဖြင့် လက်လီလက်ကား ရောင်းဝယ်နေသူများ အဆင်ပြေလျက်ရှိကြောင်း မော်လမြိုင် ဈေးကြီးရှိ သစ်သီးဝလံ ရောင်းဝယ်သူများထံမှ သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကာလဖြစ်သည့်အတွက် သစ်သီးဝလံများ အရောင်းသွက်လာခြင်းဖြစ်ကြောင်း ဈေးကြီးရှှိ သစ်သီးဝလံ လက်လီရောင်းချနေသူ မအေးအေးသန်းက ပြောသည်။

“ပွဲတော်ကာလဆိုရင်တော့ ဈေးက အရောင်းသွက်တယ်၊ ဈေးနှုန်းကလည်း အရင်ရက်တွေကထက်စာရင် ပွဲတော်ရက်တွေမှာ ပိုတက်လေ့ရှိတယ်၊ အစ်မတို့က ကြိုတင်ပြီး မှာထားရတယ်၊ မဟုတ်ရင် တက်ဈေးတွေနဲ့ မိမှာ”ဟု ၎င်းက ပြောသည်။

ယခင်က ပန်းသစ်တော် တစ်လုံးလျှင် ကျပ် ၁,ဝဝဝ ၊ ပန်းသီး တစ်လုံး ကျပ် ၃ဝဝ မှ ကျပ် ၅ဝဝ ၊ နဂါးမောက်သီး တစ်လုံး ကျပ် ၇ဝဝ မှ ကျပ်၁,ဝဝဝ ၊ လိမ္မော်သီး တစ်လုံး ကျပ် ၁ဝဝ ၊ ဖရဲသီး တစ်လုံး ကျပ် ၅ဝဝမှ ကျပ် ၁၅ဝဝ ဖြင့် ရောင်းချခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ ပန်းသစ်တော် တစ်လုံးကျပ် ၁၃ဝဝ ၊ပန်းသီးတစ်လုံးလျှင်ကျပ် ၅ဝဝ မှ ၈ဝဝ၊ နဂါးမောက်သီး တစ်လုံး ကျပ် ၇၅ဝ မှ ၁၂ဝဝ ၊ လိမ္မော်သီး တစ်လုံး ကျပ် ၁၅ဝ မှ ကျပ် ၂ဝဝ နှင့် ဖရဲသီး တစ်လုံး ကျပ် ၇ဝဝ ကျပ် မှ ကျပ်၂ဝဝဝ အထိ ဈေးကောင်းရနေကြောင်း မအေးအေးသန်းက ပြောသည်။

ပြည်တွင်းထွက် အသီးအနှံများထက် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော သစ်သီးဝလံများက ပိုမိုအရောင်းသွက်လျက်ရှိကြောင်း မော်လမြိုင် စိန်သုံးလုံး သစ်သီးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီကဝင်တဲ့ သစ်သီးတွေက သိပ်မရှိဘူး၊ ထိုင်းဘက်က ဝင်တဲ့အသီးတွေက များတယ်၊ ဝယ်သူတွေကလည်း ကြိုက်ကြတယ်၊ ပွဲတော်ကာလဆိုတော့ အသီးတွေ လာဝယ်ကြတယ်၊ အရောင်းအဝယ်ကတော့ သွက်နေတာပဲ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ သရက်သီး၊ ဒူးရင်းသီး၊ နဂါးမောက်သီး၊ စပျစ်သီး၊ ဖရဲသီး အပါအဝင် အခြားသစ်သီးဝလံများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး၊လက်ရှိအချိန်တွင် အရောင်းသွက်နေသောကြောင့် လက်လီ၊လက်ကားသမားများသာမက ကုန်သည်ကြီးများပါ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.