Advertisements

သည်းခြေကျောက်တည်ခြင်းဆိုသည်မှာ သည်းခြေအိတ်ထဲတွင် သည်းခြေရည်များစု၍ခဲခြင်းဖြစ်သည်။ သည်းခြေအိတ်သည် အစာအိမ်၊ အူသိမ်နှင့်အသည်းကြားတွင်ရှိကာ အစာခြေစနစ်တွင်ပါဝင်သောအင်္ဂါတစ်ခုဖြစ်သည်။ သည်းခြေကျောက်တည်ခြင်းသည် အမျာအားဖြင့်အဝလွန်သော အသက်လတ်အမျိုးသမီးများတွင်အဖြစ်များသည်။

သည်းခြေကျောက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်အရွယ်ရောက်ပြီးသူများ၏ ဆယ်ရာခိုင်နှုန်းတွင်ဖြစ်သွားနေသည်။ အနောက်နိုင်ငံများတွင် အဆီအဆိမ့်စားသုံးခြင်းကြောင့်အဓိကဖြစ်သည်ဟုအဆိုရှိ၍ မြန်မာနိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများတွင် သန်ကောင်တုတ်ကောင်များ၏ဥကြောင့်ဖြစ်ပွားမှုပိုများသည်။

သည်းခြေကျောက်ဖြစ်နေသူအများစုသည် ရောဂါလက္ခဏာမခံစားရတတ်ချေ။ အများစုသည် တခြားသောရောဂါများကြောင့် အာထရာဆောင်းခေါ် တီဗွီဓာတ်မှန်ဝမ်းဗိုက်ကိုရိုက်ရမှာသည်းခြေကျောက်တည်နေကိုတွေ့ရှိကြသည်။ ရံဖန်ရံခါသည်းခြေကျောက်များကိုမူ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့် ဗိုက်အလွန်နာခြင်းဖြစ်စေသည်။ အဆီအဆိမ့်အစားများသောအခါတွင်ရောဂါလက္ခဏာပြတတ်သည်။ အစာစားပြီးမိနစ်သုံးဆယ်ခန့်အကြာတွင် ဝမ်းဗိုက်မှမအီမသာဖြစ်ကာ အော့အန်ခြင်းဖြစ်ပေါ်တတ်သည်။ ထိုကဲ့သို့လက္ခဏာများပေါ်ပေါက်နေလျှင်သည်းခြေကျောက်တည်ခြင်းကိုသံသယရှိသင့်သည်။

သည်းခြေကျောက်တည်ခြင်းသည် ရောဂါလက္ဂဏာမဖော်ပြလျှင်ကုသရန်မလိုအပ်ပေ။ သို့သော်ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ အသားဝါခြင်းနှင့်ဆီးဝမ်းအရောင်မမှန်ခြင်းများဖြစ်ပေါ်လျှင်မှုထိရောက်သော ကုသမှုမျိူးအရေးပေါ်လိုအပ်သည်။ ထိုသို့ဖြစ်ခြင်းမှာ သည်းခြေကျောက်ကြောင့် သည်းခြေအိတ်ယောင်ယမ်းခြင်းဖြစ်သည်။ ထိုအခါတွင်သင့်တော်သောထိုးဆေးသောက်ဆေးများလိုအပ်သည်။ ထိုသို့သောအခြေအနေတွင် ကုသမှုမခံယူပါက နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်တတ်သည်။

သည်းခြေကျောက်ခြင်း၏နောက်ဆက်တွဲပြဿနာများမှာ သည်းခြေအိတ်ယောင်ယမ်းခြင်း၊ သည်းခြေအိတ်အပြည်တည်ခြင်း၊ သည်းခြေအိတ်ပေါက်ပြဲခြင်း၊ သည်းခြေကျောက်ကြောင့် ပန်ကရိယယောင်ယမ်းခြင်း၊ သည်းခြေအိတ်ကင်ဆာနှင့် သည်းခြေအိတ်ပေါက်ပြဲခြင်းကြောင်းဝမ်းဗိုက်အတွင်း ရောဂါပိုးဝင်ခြင်းများဖြစ်တတ်သည်။ ထို့သို့သောအခြေအနေတွင်ကုသမှုသည် အလွန်ရှုပ်ထွေးသွားပြီးဖြစ်သည်။

သည်းခြေကျောက်တည်ခြင်းသည် ရောဂါလက္ခဏာမပြပါက ကုသမှုပြုရန်မလိုသောရောဂါဖြစ်သည်။ သို့သော်အထက်တွင်ဖော်ပြသောရောဂါလက္ခဏာတစ်ခုခုပေါ်ပေါက်လာပါက နီးစပ်ရာဆရာဝန်များနှင့်တိုင်ပင်ကာ ထိရောက်သောကုသမှုခံယူသင့်သည်။ သည်းခြေကျောက်တည်ခြင်း၏အထိရောက်ဆုံးကုသမှုမှာ ကျောက်တည်ရှိနေသောသည်းခြေအိတ်ကို ကျွမ်းကျင်သောခွဲစိတ်ဆရာဝန်ကြီးများနှင့်ခွဲထုတ်ခြင်းဖြစ်သည်။ ယခုအခါတွင် သည်းခြေကျောက်ပျော်ဆေးများကိုဈေးကွက်တွင်ဝယ်ယူရရှိနေပြီးဖြစ်သည်။ သို့သော်ထို့ဆေးများသည် အနောက်နိုင်ငံများတွင်အဖြစ်များသော အဆီကြောင့်ဖြစ်သောသည်းခြေကျောက်များကိုမူ ပျော်ကျစေသည်။ အထက်တွင်ဆိုခဲ့သည်အတိုင်း မြန်မာလူနေမှုပုံစံကြောင့်ဖြစ်သောသည်းခြေကျောက်များသည် သန်ကောင်တုတ်ကောင်များ၏ဥကြောင့်ဖြစ်သောကြောင့် ဆေးနှင့်ဖျော်သောပျော်ရန်အချိန်အလွန်ပေးရသည်။ ထို့ကြောင့်ထိရောက်မှုအရှိဆုံးကုသမှုကို သည်းခြေအိတ်ခွဲစိတ်ဖြတ်ထုတ်မှုဟုပင် အကြံပေးချင်သည်။

အနာရောဂါများသည်ဖြစ်ပွားမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကပိုကောင်းသည်မဟုတ်ပါလား။ ကုသခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သည်ဟုဆိုကြသည့်စကားအတိုင်း သည်းခြေအိတ်ကျောက်တည်ခြင်းကိုလည်း ကာကွယ်သင့်သည်။ သည်းခြေကျောက်မတည်ရန်နေကာကွယ်သည့်နည်းလမ်းများမှာ အဆီအဆိမ့်လျော့စားခြင်း၊ အချိန်မှန်မှန်သန်ချပေးခြင်းနှင့် ဝိတ်မတတက်အောင်နေထိုင်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့်သည်းခြေကျောက်တည်ခြင်းမှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးနှင့်ညီညွှတ်သောပြမူနေထိုင်မှုများကိုကျင့်သုံးရန်နှင့် သည်းခြေအိတ်တွင်ကျောက်တည်ခြင်းကြောင့်ရောဂါလက္ခဏာပြသလျှင်မူ ကျွမ်းကျင်သောဆေးပညာရှင်များနှင့်တိုင်ပင်၍ထိရောက်သောကုသမှုများခံယူသင့်ကြောင်းအကြုံပြုပါစေ။ ။

Written by ဒေါက်ဦး(မွန်)

Advertisements
<

Leave a Reply