Advertisements

အင်တာနက် လူမှုကွန်ရက်အားကောင်းလွန်းသော မြန်မာပြည်တွင် မွန်ပြည်နယ်အစိုးရ၌လည်း ဖေ့စ်ဘွတ်ခ် စာမျက်နှာရှိပါသည်။ သတင်းများ နေ့စဉ်ဖော်ပြနေသည်အထိပင် လှုပ်လှုပ်ရှားရှားရှိ၏။ ဝက်ဘ်ဆိုဒ်မှာမူ လွန်ခဲ့ သော နှစ်လမှစ၍ မရတစ်ခါ၊ မပွင့်တစ်လှည့်။

ထုတ်ပြန်မှု အများစု(သို့မဟုတ်)အားလုံးနီးပါးကိုကြည့်လျှင် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်သို့လာရောက်သည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ခရီးစဉ်များ၊ အခမ်းအနားများ၏ ဓာတ်ပုံသတင်းသာသာမျှသာ။

အနှီအကြောင်းကို ဟင်္သာမှအစပျိုးပြောနေရသည်မှာ အကြောင်းရှိပါသည်။ တစ်နိုင်ငံလုံးပင် အုတ်အုတ်ကျက်ကျက် စိတ်ဝင်တစား စိုးရိမ်ပူပန်မှုဖြစ်စေခဲ့သည့် မွန်ပြည်နယ်အတွင်း ရုတ်တရက်ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ပင်။
တည့်တည့်ဆိုရလျှင် ဇွန် ၁၇ ရက်၌ အဆိုပါသဘာဝဘေးအန္တရာယ်ကို မွန်ပြည်နယ်ကြီး ကြုံရချိန်အတွင်း မွန်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်မှု စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ရန်ဖြစ်၏။

ထိုသို့သောအခြေအနေ၌ ကောလာဟလများက ထုံးစံအတိုင်းပင်ဟိုမှသည်မှ ပျံ့နှံ့နေမှုကြောင့် ပြည်နယ်ပြင်ပ နေထိုင်သူတို့ပင် ရတက်မအေးနိုင်ကြချိန်တွင် မွန်ပြည်နယ်အစိုးရ ဘာလုပ်နေပါသနည်း။
မွန်ပြည်နယ်အစိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်မတော့ ရေကြီးသည့်နေရာများသို့ သွားကြည့်သည်၊ အပျက်အစီးများရှင်းလင်း၏၊ ကူညီကယ်ဆယ်ရေးများလုပ်ဆောင်လျက် အစည်းအဝေးများလည်း ထိုင်ကြပါသည်ဟု တွေ့ရသည်။ လုပ်လည်းလုပ်သည်။

သို့သော် ယင်းသို့သော သတင်းထုတ်ပြန်မှုများသည် ယခုကဲ့သို့သော ဖြစ်စဉ်မျိုး၌ လုံလောက်ပါ၏လော။ ယင်းအခြေအနေတွင် ပြည်သူတို့သိချင်သည်၊ သိသင့်သည်မှာ ရေတောထဲ၊ မိုးသည်းထဲတွင်ဘာလူကြီးများ ဘယ်သွား၊ ညာသွား စာသားနှင့် ဓာတ်ပုံများဟုတ်ပါ၏လော။

ယင်းအစား ဘယ်နေရာတွင်မတော့ ဘာဖြစ်နေပြီ၊ အခြေအနေဆိုး၏/မဆိုး၏၊ ပြည်သူတို့ ဘာတွေသတိထားသင့်သည်၊ ဘယ်ကိုဆက်သွယ်ပါ၊ ဘာလုပ်ပေးနေပြီ၊ ဘယ်ဟာကမမှန် စသည့်အချက်များဖြစ်ရန် သင့်မသင့် ရှေ့လျှောက် စဉ်းစားရန်လိုပါပြီ။

အဘယ်ကြောင့်ဆိုသော် ထိုသို့သောအချိန်၌ ကူညီကယ်ဆယ်ရေးများအတွက် အမြဲတစေ လိုအပ်လေ့ရှိသည့် ပြည်သူနှင့် အရပ်ဘက်အဖွဲ့အစည်းတို့၏ အားကိုနေရာမှန်၊ အချိန်မှန်ရောက်ရှိနိုင်စေရန်၊ ကောလာဟလ တန်ခိုးထွားမှုဘေးဒဏ် ပြည်နယ်သူပြည်နယ်သားတို့ မခံစားရစေရန်ဖြစ်ပါသည်။

ဤနေရာ၌ သာဓကပြုစရာ အကောင်းဆုံးနမူနာအဖြစ် မွန်ပြည်နယ်ရေကြီးပြီးနောက်တစ်ရက်တွင် ထွက်ပေါ်ခဲ့သည့် မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအနီးရှိ ဝင်းဖနုံဆည်ကျိုးပြီဟူသောကိစ္စကို ကောက်နုတ်ပြလို၏။ ဖေ့စ်ဘွတ်ခ်၌ တွင်တွင်ကျယ်ကျယ်ပျံ့နှံ့ခဲ့သော ယင်းသတင်းကြောင့် ရပ်နီးရပ်ဝေးပြည်သူတို့ သောကထွေခဲ့ရ၏။ သို့သော် မဟုတ်မှန်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ဖြေရှင်းမှုမှာ ယင်းသတင်းစပျံ့ပြီး နောက်နှစ်ရက် အကြာမှသာဖြစ်ပါသည်။

ဒါသည်ပင်လျှင် ဒေသအခြေစိုက်မီဒီယာတို့ မေးမြန်းမှသာ ပြန်လည်ဖြေကြားခြင်းဖြစ်၏။ ထိုအချိန်ကျမှသာ ယင်းဆည်၏ကြံ့ခိုင်မှုကို ညတွင်းချင်းစစ်ဆေးခဲ့ကြောင်း၊ စိုးရိမ်ရန်မရှိကြောင်းသိရပါသည်။

အထက်ပါအခြေအနေအရပ်ရပ်ကို ထောက်ရှု၍ ဟင်္သာကအထူးစိုးရိမ်မိသည်မှာ ထိုသို့သော သတင်းထုတ်ပြန်ရေး စွမ်းဆောင်မှုမျိုးသည် ထိခိုက်မှုပမာဏများသော သဘာဝဘေးမျိုး၊ ကောလာဟလဆေးတိုးသွားခြင်းမျိုးနှင့် ကြုံလျှင် မည်သို့ရှိလာမည်ဟူသော ပူပန်မှုပင်။

ထို့ကြောင့် နောင်အရှည်ကိုရည်ရွယ်၍ “သတင်းထုတ်ပြန်မှုဆိုတာ ပုဂ္ဂိုလ်ရေးလား၊ ပြည်သူ့အတွက်လား စဉ်းစား” ဟူသည့် ချစ်သောအမုန်းစကားကို ဟင်္သာက မြည်တွန်လိုက်ရခြင်းသာ။

Written by အယ်ဒီတာ

Advertisements
<

Leave a Reply