သတင်းမီဒီယာနှင့်ဆက်ဆံရေးကိုထိန်းပါ

အစိုးရက သတင်းမီဒီယာအပေါ် ယခင်အစိုးရထက်ပိုမို နှိပ်ကွပ်နေသလော…။

ယင်းမှာ သတင်းမီဒီယာသမားအပေါ် တရားစွဲဆိုမှု ကိန်းဂဏန်းများကို ထောက်ရှုနှိုင်းယှဉ်ရင်း ထွက်ပေါ်လာသော မေးခွန်းပင်။

၂၀၁၅ ရွေးကောက်ပွဲကာလက ပြည်သူလူထု၏ တစ်စုတစ်စည်းတည်းသော တစ်ခဲနက်ထောက်ခံမှုနှင့်အတူ သောင်ပြိုကမ်းပြို အနိုင်ရလာခဲ့ပြီးသော တရားဝင်အစိုးရ သက်တမ်းတစ်ဝက်မှာပင် မီဒီယာသမားများကို တရားစွဲဆိုဖမ်းဆီးသော အရေအတွက်မှာ ယခင်အစိုးရသက်တမ်းတစ်လျှောက်လုံးစာ အမှုအရေအတွက်ကို မီလုခမန်း နောက်က လိုက်လာချေပြီ။

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းငါးနှစ်တာတွင် သတင်းထောက် ၄၇ ဦး တရားစွဲဆိုခံခဲ့ရသည်။ ယခုအစိုးရသက်တမ်း ၂ နှစ်ခွဲတွင် မီဒီယာသမားကို တရားစွဲဆိုသောအမှုမှာ လတ်တလောသီတင်းပတ်အတွင်းပါ အပါ ၂၈ မှုရှိခဲ့၏။ တရားစွဲခံရသောသတင်းသမား ၄၄ ဦးရှိခဲ့ချေပြီ။

အမှုအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်သော ၁၇ မှုတွင် တရားစွဲဆိုသူများမှာ အစိုးရဝန်ထမ်းတစ်နည်းအားဖြင့် အစိုးရက တရားစွဲဆိုခြင်း ဖြစ်နေကြောင်း လေ့လာချက်စစ်တမ်းများက ပြဆိုသည်။ ကျန် ၁၁ မှုမှာ တပ်မတော်က တရားစွဲဆိုမှု သုံးမှု၊ အခြားသူများက တရားစွဲဆိုမှု ၁၁ မှုဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း ‘အသံ’က မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်ထားသည်။

သတင်းဟူသည်မှာ မသိသေးသော အကြောင်းအရာပင် ဖြစ်သည်။ အများပြည်သူသိပိုင်ခွင့်အတွက် စုံစမ်းဖော်ထုတ် ရေးသားတင်ပြရမည်မှာ မီဒီယာ၏ တာဝန်ပင်။ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နှင့်ပတ်သက်၍ လိုအပ်ချက်များကို ပြည်သူနှင့်အတူ ဝေဖန်ထောက်ပြရန် ဖြစ်သည်။

မဏ္ဍိုင်သုံးရပ်နှင့် ပြည်သူအကြား ပေါင်းကူးယှက်နွှယ်ပေးရမည့်တာဝန်မှာ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ရေးသားဖော်ပြခွင့် မရှိပါက ကျေပြွန်နိုင်ရန် ခက်ခဲလှဘိခြင်း။

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ထပ်တလဲလဲ မေးခွန်းထုတ်မိရန် မကြာခဏဆိုသလို အကြောင်းဆိုက် ဆိုက်နေခြင်းမှာလည်း အစိုးရနှင့် မီဒီယာအကြား မပြေပြစ်သော ဆက်ဆံရေးအနေအထားတစ်ရပ်ပင် ဖြစ်နိုင်သည်။

ပြည်သူကို မျက်နှာမူ၍ ပြည်သူ့အကျိုးကို ရှေးရှုသည့် အသိုက်အဝန်း အဖွဲ့အစည်းချင်းအကြား သံသယကို တိုးပွားစေသော အမှုအရေအတွက် ကိန်းဂဏန်းများ လိုအပ်သည်ထက် တိုးပွားမလာစေကြောင်း ဟင်္သာက ရည်သန်ဆန္ဒပြုလိုခြင်း အကြောင်းရင်းခံပင်။

အစိုးရနှင့် သတင်းမီဒီယာတို့ ပြည်သူ့အကျိုးနှင့် ရပိုင်ခွင့် အရေးမှအပ မည်သည့်အတွက်မျှ အားပြိုင်ရန် အကြောင်းမရှိဟူ၍ ဟင်္သာက ယုံကြည်ယူဆထားသည်။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.