ခေတ်၏တောင်းဆိုမှုကြောင့် အွန်လိုင်းမီဒီယာများမှာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရာတွင် ရှေ့တန်းရောက်လာခဲ့လေပြီ။ ပြည်သူလူထုကလည်း ကမ္ဘာနိုင်ငံအသီးသီး ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီဖတ်ရှုနိုင်ခြင်းကြောင့် အွန်လိုင်းမီဒီယာများအပေါ်ပိုမိုကိုင်းညွှတ်ခဲ့ကြသည်။ သို့သော် ယနေ့မြန်မာပြည်၏ သတင်းစာလွတ်လပ်ခွင့်မှာ မေးခွန်းထုတ်စရာဖြစ်နေလေသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် The Voice ဂျာနယ်အပေါ် တပ်မတော်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှုမှာ မြန်မာ့သတင်းစာလွတ်လပ်ခွင့်အတွက် အကောင်းဆုံးသာဓက ဖြစ်ပါသည်။ နောက်ခံအင်အားကောင်းသော အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်များသည် အဆိုပါ ၆၆ (ဃ) ကို လက်နက်သဖွယ်အသုံးပြု၍ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို တားဆီးပိတ်ပင်လျက်ရှိကြသည်။  ၁၉၄၈ ခုနှစ် ကုလသမဂ္ဂနိုင်ငံတကာလူအခွင့်အရေး ကြေညာစာတမ်း၊ အပိုင်း ၁၉ တွင် လွတ်လပ်စွာ တုတ်ဖော်ပြောကြားခြင်းကို အခြေခံအခွင့်အရေးအဖြစ် ပြဋ္ဌာန်းထားပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၅၄(က)၌လည်း မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ဟု ဖော်ပြပါရှိသည်။

ဒီမိုကရေစီအစိုးရလက်ထက်တွင်  ယခင်က စာပေကင်ပေတိုင်ဟု သတင်းကြီးခဲ့သော စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းပြခဲ့ပြီး ကမ ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နံပါတ်များ ခုန်တက်ခဲ့ပြီးနောက် တစ်ဖက်လှည့်အနေဖြင့်  ၆၆ (ဃ) ဖြင့် ထောင်ဒဏ်အပြစ်ပေးသည်အထိ နှိပ်ကွပ်ခဲ့ပါသည်။ ၆၆ (ဃ) ၏ ရေပန်းစားမှုမှာလည်း ရှေ့ဘုန်းကြီးတစ်ချက်ခေါက်၊ နောက်ဘုန်းကြီးနှစ်ချက်ခေါက်ဟု ဆိုရလောက်အောင် မိမိကိုယ်ကျိုးစီးပွားအတွက် ခြေလွန်လက်လွန်သုံးစွဲလျက်ရှိကြပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစံနှုန်းမည်၍မည်မျှရှိသည်ကို သတင်းစာလွတ်လပ်ခွင့်ဖြင့် တိုင်းတာလေ့ရှိကြသည်။

The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ဗြိတိသျှကိုကိုမောင်ရေးသည့် ကျည်ထောင်စုသစ္စာသရော်စာမှာ ပြည်ထောင်စုသစ္စာဟူသော အနုပညာပစ္စည်းတစ်ခုအား အနုပညာပစ္စည်းတစ်ခုဖြစ်သော သရော်စာပေဖြင့် ဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သရော်စာအမျိုးအစားကို ဂုဏ်သိက္ခာရှိရှိ ခံစားနားလည်နိုင်စွမ်းမရှိသော လူပုဂ္ဂိုလ်အချို့မှာ ဆတ်ဆတ်ထိမခံ ရန်တွေ့တုံ့ပြန်လေ့ရှိကြသည်မှာလည်း ခေတ်အဆက်ဆက် အနိဋ္ဌာရုံတစ်ရပ်ဖြစ်ပေသည်။ တပ်မတော်ကို စိတ်နှင့်တောင် မပြစ်မှားနှင့်ဟု ဆိုရလောက်အောင် ကျေးဇူးရှင်ကြီးများသဖွယ် အထိမခံရွှေပန်းကန်ဖြစ်နေကြသည်။ မြန်မာပြည်ဒီမိုကရေစီခရီးအစသည် စစ်ဘက်မှယူနီဖောင်းလဲလာသော အစိုးရလက်ထက် ၆၆ (ဃ) သုံးစွဲမှုအပေါ် အောင့်အည်းမြိုသိပ်ခဲ့ရသော ပြည်သူများမှာ အတိုက်အခံပါတီအာဏာရလာပြီးနောက် သတင်းစာလွတ်လပ်ခွင့်အတွက် များစွာမျှော်လင့်ခဲ့ကြသော်လည်း ယင်းပါတီ၏ ခေါင်းဆောင်ကိုယ်တိုင်က ၆၆ (ဃ) မှာ ရှိနေသေးသင့်ကြောင်း အတည်ပြု၍ မီဒီယာလွတ်လပ်ခွင့်ကို သင်းသတ်ခဲ့ပါသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန်မ့်အနိုင်ရရှိသွားစဉ်က အမေရိကန်မီဒီယာများ၏ ဖော်ပြချက်များကို သတိရစရာဖြစ်ရသည်။ အံ့သြဖွယ်ကောင်းသော တိုက်ဆိုင်မှုမှာ ယခုရက်ပိုင်းအတွင်းမှာပင် လန်ဒန်အခြေစိုက် Global Witness အဖွဲ့မှ မှတ်တမ်းတင်ရိုက်ကူးထားသော Jade And The Geverals အမည်ရှိ သတင်းရုပ်ရှင်အား Park Royal ဟိုတယ်၌ ပြသမည့်ပွဲမှာလည်း အမျိုးအမည်မသိသော ဖိအားများကြောင့် အပိတ်ခံခဲ့ရသည်။ ယင်းမှတ်တမ်းရုပ်ရှင်မှာ စစ်အစိုးရလက်ထက် ကျောက်စိမ်းရောင်းဝယ်ရေးမှ ရရှိသော အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံခန့်မှာ စစ်ဘက်ဆိုင်ရာမိသားစုများ မူးယစ်ရာဇာများနှင့် ယင်းတို့နှင့် ဆက်နွှယ်သော ကုမ္ပဏီကြီးများသာ အကျိုးခံစားခွင့်ရခဲ့ကြောင်း အထောက်အထားဝေဝေဆာဆာနှင့် တင်ပြထားကြောင်းသိရသည်။

ဤသည်မှာ ယနေ့မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့် အဖြေလွှာများပင်ဖြစ်ပါသည်။ သို့ပါ၍ လူမှုကွန်ရက်သုံးစွဲကြသော ပြည်သူအားလုံးသည်လည်း ၆၆ (ဃ) နှင့် အချိန်မရွေးထောင်နန်းစံရကိန်းရှိနေပါသည်။ ပုဂ္ဂလိက မီဒီယာများ လွတ်လပ်ရှင်သန်စွာ ရပ်တည်နိုင်ရေးသည် အစိုးရကောင်းတစ်ရပ်အတွက် မရှိမဖြစ်လိုအပ်သည်ကို ကောင်းစွာသဘောပေါက်၍ နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်များ လေလွင့်ဆုံးရှုံးမှုမဖြစ်ရလေအောင် ဝိုင်းဝန်းထိန်းသိမ်းပေးလျက် အစိုးရပုံရိပ်ကိုလည်း အလှပဆုံးခြယ်မှုန်း နိုင်စေရန် ဟင်္သာမီဒီယာက တိုက်တွန်းတောင်းဆိုအပ်ပါသည်။

Leave a Reply