မီဒီယာကို တရားစွဲခြင်း

မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာသတင်းမီဒီယာတရားစွဲခံရလျင် သတင်းမီဒီယာ လွတ်လပ်ခွင့်ထိ ပါး မှုအဖြစ် ပြည်တွင်းမှာရော နိုင်ငံတကာ ကပါ ဆက်စပ်စဉ်းစားလေ့ရှိကြသည်။

freedom-of-media

အဘယ်ကြောင့် သတင်းမီဒီယာတရားစွဲခံရလျင် သတင်းလွတ်လပ်ခွင့်ကို ထိခိုက်သည်ဟု ယူဆကြသနည်း။ တခြားနိုင်ငံများတွင်လည်း ဒီနိုင်ငံမှာကဲ့သို့ သတင်းမီဒီယာများကို တရားစွဲဆို လျင် သတင်းလွတ်လပ်ခွင့်ကို ထိခိုက်သည်ဟု မှတ်ယူကြပါသလား။ အကယ်၍ အဆိုပါနိုင်ငံများတွင် မှတ်ယူခြင်း မရှိဟုဆိုလျင် ဘာကြောင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာများကို တရားစွဲဆိုဆိုလျင် သတင်းလွတ်လပ်ခွင့် ထိပါးနေပြီဟု ကောက်ချက်ချကြပါသနည်းဆိုသည့် မေးခွန်းများ ဆက်ကာဆက်ကာ မေးစရာရှိလာ မည်ဟု ထင်ပါသည်။

ယခင်အစိုးရလက်ထက် အဆက်ဆက် သတင်းမီဒီယာသမားတွေ၊ သတင်းဌာနတွေကို
အာဏာရှိသူများ၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့က တရားစွဲဆိုကာ အပြစ်ပေးလေ့ရှိခြင်းကြောင့် တရားစွဲဆိုခြင်းသည် သတင်းသမားတွေကို ခြိမ်းခြောက်ခြင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းအဖြစ် မှတ်ယူခဲ့ကြခြင်းဖြစ်သည်။

တရားဥပဒေအရ စွဲဆိုခြင်း၏ ပင်ကိုယ်မူလ ရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ် သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုက မိမိ၏အခွင့်အရေးကို တရားဥပဒေအကာအကွယ်ဖြင့် ရယူနိုင်စေ ရန် အာမခံထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် အဖွဲ့တစ်ဖွဲ့၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က အခြားတစ်ဖွဲ့၊ တစ်ဦးတစ်ယောက် ကို တရားစွဲဆိုခြင်းကို မှားယွင်းသည်၊ ဖိနှိပ်သည်ဟု မဆိုသာပေ။ ဤသည်ကို ဥပဒေပါ အခွင့်အရေးကို အသုံးချခြင်းသာဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ဖြင့် ဆယ်စုနှစ် ၅ခုနီးပါး အုပ်ချုပ်ခဲ့ရာတွင် ဥပဒေသည် ပြည်သူလူထု၊ နိုင်ငံသားအခွင့်အရေးများကို အကာအကွယ်ပေးဖို့ထက် အုပ်ချုပ်သူများကိုသာ အကာအကွယ်ပေးဖို့ ရည်ရွယ်ပြဌာန်းထားခဲ့သလို တရားစီရင်သည့် စနစ်သည်လည်း လွတ်လပ်မှုမရှိဘဲ အုပ်ချုပ်သူခိုင်းသမျှ လုပ်ရသည့် တရားစီရင်ရေး စနစ်ဖြစ်ခဲ့ခြင်းကြောင့် လူအများက အုပ်ချုပ်သူ အစိုးရဘက်က တရားစွဲဆိုခြင်းတွေအား လုံးကို ဖိနှိပ်မှုအဖြစ် ရှုမြင်လျက်ရှိခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တွေထဲ သတင်းသမားများ ပုဒ်မအသီးသီးဖြင့် ဖမ်းဆီးထောင်ချခဲ့ကြ ရာ သတင်းရေးသားဖေါ်ပြမှုအတွက်ကြောင့် သတင်းသမားဆယ်နှင့်ချီပြီးထောင်ထဲတွင် နေထိုင်ခဲ့ကြရသည်။

၂၀၁၀မှ ၂၀၁၅ ငါးနှစ်ကာလကိုတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလဟု ရည်ညွှန်း ခေါ်ဆိုကြသည်။ သတင်းမီဒီယာတွေကို ရန်သူသဖွယ်အမဲလိုက်သည့် သဘောမျိုးမှ တဖြည်းဖြည်းပြောင်းလဲလာသည်။ သို့သော်လည်း သတင်းသမားတွေ ဖမ်းဆီးခံရသည့် ကိစ္စ၊ ထောင်ဒဏ်အပြစ်ပေးခံရသည့် အဖြစ်တွေကြိုကြားကြိုကြား ရှိနေဆဲပင်။
ယူနတီ၊ မွန်းတည့်နေ စသည့် အမှုကိစ္စများတွင် သတင်းသမားတွေ အကျဉ်းထောင်ထဲ တစ်နှစ်မှ သုံးနှစ်အထိ နေထိုင်ခဲ့ကြရပေသည်။ နိုင်ငံတကာ သတင်း လွတ် လပ်ခွင့်စောင့်ကြည့် သည့် အဖွဲ့များ၏ နှစ်စဉ်အစီရင်ခံစာများတွင်လည်း မြန်မာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းက တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။

မီဒီယာကို တရားမစွဲရတော့ဘူးလား

အထက်ပါမေးခွန်းကို မကြာခဏမေးမြန်းလေ့ရှိသည်။ သတင်းသမားတွေတရားစွဲဆို ခံရလျင် သတင်းလွတ်လပ်ခွင့်မရှိဟု အော်ကြသဖြင့် သတင်းသမားတွေက တရား ဥပဒေအထက်မှာ နေလိုကြသဖြင့် ယင်းသို့ပြောဆိုနေခြင်းလားဟုလည်း မေးခွန်းထုတ်လေ့ရှိသည်။

သတင်းသမားများအနေဖြင့် အခြားသောနိုင်ငံသားများနည်းတူ တရားဥပဒေကို လေးစား လိုက်နာရန် ဝတ္တရားရှိပါသည်။ သို့သော် သတင်းအလုပ်လုပ်ခြင်းကြောင့် အုပ်ချုပ်သူ အစိုးရကိုဝေဘန်သောကြောင့်၊ မမှန်မကန် လုပ်ဆောင်မှုများကို ဖေါ်ထုတ်တင်ပြခြင်း ကြောင့် တခါတရံ အုပ်ချုပ်သူအာဏာပိုင်တို့က သတင်းသမားများကို တည်ဆဲတရား ဥပဒေ တခုခုအရ စွဲဆိုလေ့ရှိကာ သတင်းမလိုက်နိုင်အောင်၊ ဝေဘန်ခြင်းမပြုနိုင်အောင် ၊ မမှန်မကန်လုပ်ဆောင်မှုများကို ဖေါ်ထုတ်တင်ပြခြင်း မပြုနိုင်အောင် ဟန့်တားခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ထိပါးခြင်း၊ ခြိမ်းခြောက်ခြင်းဟု ဆိုနိုင်ပေသည်။

နောက်အရေးကြီးသည့် အချက်တစ်ချက်ကတော့ မီဒီယာကို ဘယ်သူက တရားစွဲသလဲ ဆိုသည့်အချက်ပင်။ တရားစွဲဆိုသူသည် အာဏာရှိသူလား၊ လက်နက်ရှိသူလား၊ ငွေကြေးအသိုင်းအဝိုင်းဖြင့် တရားစီရင်ရေးစနစ်ကို ဖိအားပေးနိုင်သူလားဆိုသည့် အချက်ကလည်း တရားစွဲဆိုခြင်း၏ သဘောသဘာဝကို ပြောင်းလဲစေသည်ဟု ဆိုနိုင်ပေသည်။
အာဏာရှိသူက မီဒီယာကို တရားစွဲပါက တရားစီရင်ရေး စနစ်သည် လွတ်လပ်ဖို့ ခက်ခဲစေမည်ဖြစ်သည်။ ယခင်အာဏာရှင် အစိုးရလက်ထက်များတုန်းက ဆိုပါလျင် တရားစွဲဆိုသည်နှင့် ပြစ်ဒဏ်ကျခံရဖို့ ရာခိုင်နှုန်းသေချာသလောက်ရှိနေခဲ့သည်။ တရားရုံးသည် တရားဥပဒေအတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ပေးသည့် ဌာနမဟုတ်ဘဲ အစိုးရ၏ ဆန္ဒကို အကောင်အထည်ဖေါ်ပေးသည့် ယန္တရားများ ဖြစ်ခဲ့သည်ကို အားလုံး မှတ်မိနေကြပါသည်။

အာဏာရှိသူအပြင် ငွေကြေးရှိသူ၊ လက်နက်အင်အားရှိသူတွေက သတင်းမီဒီယာကို တရားစွဲဆိုလျင်လည်း ခုခံကာကွယ်ရသည့်ဘက်က တရားဥပဒေသက်သက်ဖြင့် ကာကွယ်ရခြင်းမျိုးမဟုတ်တော့ဘဲ အခြားသော အင်အားများရဲ့ဖိအားကိုပါ ခုခံကာကွယ် ရခြင်းဖြစ်လာပြီး ယင်းဖိအားဒဏ်ကိုမခံနိုင်ပါက နောက်နောင်အထက်က ကိစ္စရပ်မျိုးကို ရေးသားတင်ပြခြင်းမလုပ်တော့ဘဲ လက်ရှောင်လိုက်ကြပေတော့မည်။ ယင်းအချက်က သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေခြင်း ဖြစ်သည်။ ငွေအင်အား၊ လူအင်အားမတောင့် တင်းသည့် သတင်းဌာနတစ်ခုအဖို့ ၆လ၊ တစ်နှစ် ကြာရှည်နိုင်သည့် တရားရင်ဆိုင်မှုမျိုးကို မကြာခဏ မကြုံတွေ့လိုကြပေ။ လုပ်အားဆုံးရှုံးမှု၊ ငွေကြေးကုန်ကျမှု နှင့် ထောင်ဒဏ်အပြစ်ပေးခံရနိုင်ခြေ စသည့် ဖိအားများကို ရေရှည်မခံစားလိုကြပါ။

အစိုးရသစ်နှင့် သတင်းမီဒီယာ

အတိတ်က သတင်းမီဒီယာလွတ်လပ်ခွင့်ပတ်သက်သည့် ဖိအား၊ ကန့်သတ်မှု ခြိမ်းခြောက် မှု များ အကြောင်း ရှင်းပြခဲ့ပြီးနောက် လက်ရှိအခြေအနေက ဘယ်လိုရှိသလဲ ဟုမေးလာပါ က တိုးတက်မှု ကြီးကြီးမားမား မရှိသေးဟုသာ ဆိုချင်ပါသည်။ ပြည်သူက မဲပေးရွေးချယ်ခြင်း ဖြင့် တက်လာသည့် အစိုးရဖြစ်သဖြင့် သတင်းမီဒီယာက ဝေဖန် ထောက်ပြခြင်း မျိုး လုပ်ရန်မလိုသည့် သဘောနားလည်နေသည့် အစိုးရအဖွဲ့ဝင်အချို့ ရှိသည်ကိုလည်း ကြားသိနေရသည်။

သတင်းမီဒီယာ၏ အလုပ်များထဲတွင် အရေးကြီးသည့် ဝတ္တရားတစ်ရပ်က အစိုးရကို ဝေဖန်ထောက်ပြရန် ဖြစ်သည်။ အစိုးရကို အပုပ်ချရန်၊ တိုက်ခိုက်ပြောဆိုရန် မဟုတ်ပါ။ အများအကျိုးရှိမည့် အကြောင်းကိုခံလျက် အစိုးရလုပ်ဆောင်မှုများကို ဝေဖန် ထောက်ပြသင့် သည့် အခါများတွင် ပွင့်ပွင့်လင်းလင်း ထောက်ပြရေးသားမှုမျိုး ရှိသည်ကို အစိုးရသစ်အနေဖြင့် နားလည်ဖို့လိုအပ်မည်ဖြစ်သည်။

ယခုတလောကြားသိနေရသည့် သတင်းအချို့တွင် ဒေသန္တရအစိုးရက ၎င်းတို့ကို ဝေဖန်ရေးသားသည့် သတင်းမီဒီယာကို တောင်းပန်ခိုင်းသည်ဟု ဆိုသည်။ အကယ်၍ မတောင်းပန်ပါက တရားစွဲဆိုမည်ဟုလည်း ပြောဆိုထားသည်ဆိုသည်။
အခြေအမြစ်မရှိသည့် အချက်အလက်များဖြင့် စွပ်စွဲပြောဆိုခြင်း ၊ အမုန်းစကားဖြင့် ရေးသားဖေါ်ပြခြင်းမျိုး မဟုတ်ပဲ အစိုးရ၏ လုပ်ဆောင်မှုကို ဝေဖန်ထောက်ပြသည့် သတင်းမီဒီယာကို အမှန်တကယ်သာ တရားစွဲဆိုပါလျင် အတော်ကို အရုပ်ဆိုးမည့် ဖြစ်ရပ်ဖြစ်ပေလိမ့်မည်။

သတင်းခေါင်းစဉ်များတွင် “အစိုးရသစ်တက်ပြီးနောက် သတင်းမီဒီယာတစ်ခုကို ပထမဆုံး အကြိမ်တရားစွဲဆို” ဖေါ်ပြလာမည်ကို မဖတ်ရှုလိုကြောင်း ဤဆောင်းပါးမှ နေ၍ ဆန္ဒပြုလိုက်ရပါသည်။ ။

Leave a Reply