(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်တွင် ခရီးသွားဧည့်သည်များအတွက် Information Center)

မွန်ပြည်နယ်ကို လာရောက်လည်ပတ်နေသည့် နိုင်ငံခြားခရီးသွားများအတွက် ပြည်နယ်နှင့် သက်ဆိုင်သည့် (Information) သတင်း အချက်အလက်များ အလွယ်တကူ မရရှိခြင်းသည် ခရီးသွားများအတွက် အခက်အခဲ တစ်ခုဖြစ်နေသည်ဟု ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအဖွဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောသည်။

နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှု နည်းပါးရခြင်း၏ အဓိက အကြောင်းအရင်းမှာ မွန်ပြည်နယ်တွင် သတင်းအချက် အလက် ပေးနိုင်သည့်နေရာ အားနည်းခြင်းသည် နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုကို ထိခိုက်စေသည့် အကြီးမားဆုံး အဟန့်အတားတစ်ခုဟု ၎င်းက သုံးသပ် ပြောဆိုသည်။

“တို့ Information Center က ပြောရရင် လမ်းဘေးက စျေးသည်ပုံစံလို ဖြစ်နေတယ်၊ စည်ပင်ကလည်း ခဏခဏ လာမောင်းထုတ်တာတွေ ရှိတယ်၊ ကျွန်တော်တို့က အစိုးရအပြောင်းအလဲကို စောင့်နေတာပါ၊ အစိုးရသစ် တက်လာပြီဆိုရင် ဒီသတင်း အချက်အလက်ဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီး ကျယ်ပြန့်အောင် ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ခရီးသွားဧည့်သည်များအတွက် Information Center တစ်ခုသာရှိပြီး ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး၏ ခွင့်ပြုချက် ရယူထားခြင်း ဖြစ်ကြောင်းနှင့် ခရီးသွားများ၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် သတင်းအချက်အလက် ပေးနိုင်သည့် နေရာများကို အဓိက အားထားလျက်ရှိကြောင်း သိရသည်။

(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်တွင် ခရီးသွားဧည့်သည်များအတွက် Information Center)
(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်တွင် ခရီးသွားဧည့်သည်များအတွက် Information Center)
“ဒီဒေသကို ခရီးသွား ဘယ်လောက်လာလဲဆိုတာ ဒီဒေသရဲ့အကြောင်း သေချာသိအောင် လုပ်ပေးနိုင်မယ့် နေရာ၊ သတင်းအချက်အလက် ပေးနိုင်မယ့် နေရာ များခြင်း၊ နည်းခြင်းအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိနေတယ်”ဟု ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအဖွဲ့မှ ဒေါ်ရင်ငြိမ်းဖြိုးက ဆိုသည်။

Tour Guide များ ရှားပါးလာခြင်းသည် ခရီးသွားလုပ်ငန်းကို အခက်အခဲများစွာ ဖြစ်ပေါ်စေသည့်အပြင် ခရီးသွားများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်စေခြင်းကြောင့် မိမိတို့ဒေသပုံရိပ်ကို ထိခိုက်နိုင်ကြောင်း၊ ဒေသ၏ အခြေအနေနှင့် အနေအထားကို သေချာ မသိရှိဘဲ ခရီးသွားလာမှုများ ပြုလုပ်ခြင်းသည် ခရီးသွားများအတွက် လုံခြုံမှု၊ စျေးနှုန်းကြီးမြင့်မှုနှင့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း သံလွင်ချစ်သူ ခရီးသွားလုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ရည်မွန်ဆုက ဆိုသည်။

မွန်ပြည်နယ်တွင် ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၂၅ဝဝဝ ဝန်းကျင်ခန့် လျော့ကျခဲ့သည်ဟု ဟော်တယ်နှင့် ခရီးသွား ညွှန်ကြားရေးဦးစီးဌာန စာရင်းများအရသိရပြီး ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုမိုတိုးတက်လာနိုင်ဖွယ်ရှိကြောင်း ခရီးသွားလုပ်ငန်း တာဝန်ရှိသူများက သုံးသပ်ပြောဆိုချက်အရ သိရသည်။

Leave a Reply