၄ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား သတင်းဌာနတစ်ခုဖြစ်သော နိရဉ္ဇရာ၊ ပြည်မအခြေစိုက် သတင်းဌာန နှစ်ခုဖြစ်သော ရန်ကုန်ခေတ်သစ်နှင့် Voice of Myanmar (VOM)တို့မှ အယ်ဒီတာချုပ် သုံးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားခြင်းများ အမြန်ဆုံး ပြန်လည်ရုပ်သိမ်း ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ်မူလျက် Burma News International (BNI) က အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဧပြီ ၂ ရက်တွင် ပေးပို့ တောင်းဆိုလိုက်သည်။

အဆိုပါပေးစာကို BNI ၏ မူဝါဒရေးရာကော်မတီက ရေးသားပြီး မိတ္တူကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့လည်း ပေးပို့ခဲ့ကြောင်း သိရသည်။

BNI အဖွဲ့ဝင် သတင်းဌာနလည်း ဖြစ်သည့် နိရဉ္ဇရာ၏ အယ်ဒီတာချုပ် ခိုင်မြတ်ကျော်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းက မတ်လ (၃၁)ရက်နေ့တွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း၊ ရန်ကုန်ခေတ်သစ် သတင်းဌာန အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက် (ခ) ကိုလှိုင်းသစ်ဇင်ဝေကို မတ်လ ၃၁ရက် ညပိုင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်ပင် အမှုဖွင့်ပြီး ဖမ်းဆီးရန် ပြည်ထဲရေးဝန်ကြီး ဌာနက ဆောင်ရွက်လျက်ရှိကြောင်းနှင့် Voice of Myanmar (VOM) အယ်ဒီတာချုပ် ကိုနေမျိုးလင်း(ခ) ကိုနေလင်းကို မတ်လ ၃၀ရက် ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၀)က၊ (၅၂)ကတို့ဖြင့် မန္တလေးတိုင်းဒေသကြီး မှုခင်းသတင်းတပ်ဖွဲ့က အမှုဖွင့်ကာ ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

“မှန်ကန်တိကျခိုင်မာသည့် သတင်းအချက်များကို အသိပေးမှု၊ ပညာပေးမှုအားဖြင့် အားကြိုးမာန်တက် လုပ်ကိုင်နေကြသည့် မီဒီယာသမားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးမှာ လွန်စွာလိုအပ်လျက်ရှိပြီး သတင်းမီဒီယာသမားများသည် တိုင်းပြည်တွင် ရာဇဝတ်မှုကို ကျူးလွန်နေကြသူများမဟုတ်ကြပါ” ဟု အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အနေဖြင့် ၎င်းအမှုဖွင့် အရေးယူခံရမှုအပေါ် အမြန်ဆုံး ရုပ်သိမ်းပယ်ဖျက်ပေးရန် BNI က တောင်းဆိုထားသလို အလားတူ လုပ်ရပ်မျိုး ဆက်လက် မဖြစ်ပေါ်လာစေရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ လှမ်းချီနေသည့် အစိုးရ တစ်ရပ်အနေဖြင့် လူသားချင်း စာနာမှုအပြည့်နှင့်အတူ တားဆီးပေးရန် BNI က ထပ်လောင်း၍ တောင်းဆိုခဲ့သည်။

BNI မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ နန်းဖော့ဂေက “ကျမတို့ BNI အနေနဲ့ ဒီမတ်လအကုန် ဧပြီလအကူးလေးမှာ သတင်းဌာနတွေရဲ့ အယ်ဒီတာချုပ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ရင်ဆိုင်နေရတာကို နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတက လျစ်လျူရှုမထားဖို့၊ ပြန်လည်ထိန်းညှိ ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခုလို အိတ်ဖွင့်ပေးစာ ပို့ရတာ ဖြစ်ပါတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေတဲ့ ကျမတို့နိုင်ငံမှာ အရပ်သားအစိုးရအနေနဲ့ မီဒီယာသမားတွေကို တရားစွဲတာ၊ ဖမ်းဆီးတာမျိုးတွေကို တားဆီးပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ဆီကို အကြောင်းကြားတဲ့သဘော ဖြစ်ပါတယ်’’ ဟု ချင်းပြည်နယ်အခြေစိုက် ခိုနူမ်းသုန် သတင်းဌာန၏ မေးမြန်းချက်အပေါ် ဖြေကြားထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင့်တပ်တော် (AA)နှင့် လက်အောက်ခံ အဖွဲ့များကို မတရားအသင်းအဖြစ်လည်းကောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ AAအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်လည်းကောင်း မကြာသေးမီ မတ်လ ၂၃ ရက်က ကြေညာပြီးနောက် ယင်းလက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ် သတင်းရယူသည့် သတင်းမီဒီယာများအပေါ် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အလားတူ ယမန်နှစ် ၂၀၁၉ မေလ ၁ ရက်ကလည်း BNI ၏ အဖွဲ့ဝင် မီဒီယာအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Development Media Group (DMG) အယ်ဒီတာချုပ် ကိုအောင်မင်းဦးနှင့် တာဝန်ရှိသူများကို စစ်တွေမြို့ အထူးသတင်းတပ်ဖွဲ့ (SB) က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ (၁၇/၂) ဖြင့် စစ်တွေအမှတ် (၁) ရဲစခန်းတွင် လက်ရှိအချိန်ထိ အမှုဖွင့်ထားဆဲဖြစ်ကြောင်း သိရသည်။

BNI အဖွဲ့ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ အခြေပြုသည့် Mizzima News, Narinjara News, Kaladan Press Networkနှင့် Khonumthung News မီဒီယာ အဖွဲ့အစည်း လေးရပ်တို့ဖြင့် ၂၀၀၃ ဖေဖော်ဝါရီက အိန္ဒိယနိုင်ငံ၌ စတင်ထူထောင်ခဲ့သည်။ ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားသတင်းဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်းအခြေစိုက် သတင်းအဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၆)ဖွဲ့ ရှိသည်။

ဟင်္သာမီဒီယာ

Leave a Reply