ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနေသူ သုံးဦးရှိပြီး စစ်ဆေးဆဲလူနာ ၁၆ ဦး ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

zikar

ယခုနှစ်တွင် ဘီးလင်းမြို့နယ် နှစ်ဦးနှင့် ပေါင်မြို့နယ်တွင် တစ်ဦး ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွား နေကြောင်း မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဘီးလင်းမြို့နယ်မှ ရောဂါ ခံစားနေရသည့် အသက် ၁၅ နှစ်အောက်ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

ထို့ပြင် မွန်ပြည်နယ်မှ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားခြင်းရှိ၊ မရှိ သံသယရှိသူ ၁၃ ဦးကိုလည်း စစ်ဆေးလျက်ရှိပြီး ဆေးစစ်ချက်အဖြေများကို စောင့်ဆိုင်းလျက်ရှိသည်။

ရောဂါဖြစ်ပွားပါက ပျောက်ကင်းအောင် ကုသရန်မလွယ်ကူဘဲ များသောအားဖြင့် ရောဂါဖြစ်ပွားသူသုံးဦးတွင် တစ်ဦး အသက်ဆုံးရှုံးရလေ့ရှိသည်။

ထို့အတူ ရောဂါဝေဒနာဖြစ်သည့် ခေါင်းကိုက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းစသည်တို့ကို သက်သာမှုရှိစေရန် ကုသနိုင်ပါကလည်း နောက်ဆက်တွဲအဖြစ် ကိုယ်အင်္ဂါချို့ယွင်းခြင်း၊ စကားမပြောနိုင်ခြင်း ၊ အာရုံကြောများ ထိခိုက်ခြင်း စသည်တို့ကို ခံစားရနိုင်သည့်အတွက် အရေးကြီးပြီး သတိထားရမည့် ရောဂါတစ်ခုဖြစ်သည်။

ယင်းကြောင့် ယခုအပတ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါနှင့်ပတ်သက်သည့် ရောဂါလက္ခဏာများ၊ ကာကွယ်ရန်နည်းလမ်းများအစရှိသည်များကို ဟင်္သာမီဒီယာက ဖော်ပြပေးလိုက်ပါသည်။

ဘယ်ကစဖြစ်

ဂျပန်ဦးနှောက်ရောင်ရောဂါကို ၁၈၇၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ JE virus ခေါ် ဗိုင်းရပ်(စ်) ပိုးတစ်မျိုးမှ စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ညဘက်တွင် ကိုက်တတ်လေ့ရှိသော ကျူးလက်(စ်)ခေါ်ခြင်အမျိုးအစား အကိုက်ခံရသူများ တွင် ရောဂါဖြစ်ပွားလေ့ရှိသည်။

မြန်မာနိုင်ငံတွင်မူ ဂျပန်ဦးနှောက်ရောင်ရောဂါကို ၁၉၇၄ ခုနှစ်နောက်ပိုင်းမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

ယင်းနောက်ပိုင်းတွင် အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ဂျပန် ဦးနှောက်ရောင်ရောဂါဖြစ်ပွားသည်ကို တွေ့ရှိလာရပြီး မွန်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့တွင် လူတစ်ဦးစီသေဆုံးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

“ဒီရောဂါက ကြိုးကြား၊ ကြိုကြားနဲ့ဖြစ်တယ်။ တစ်နှစ်ရောဂါဖြစ်လိုက်၊ မဖြစ်လိုက်နဲ့” ဟု မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က ရှင်းပြပြောဆိုသည်။

ကျူးလက်(စ်)ခြင်အကိုက်ခံရပါက အသက်အရွယ်မရွေး ရောဂါဖြစ်ပွားနိုင်ပြီး ၁၅ နှစ်အောက်ကလေးများတွင် အဖြစ်များကြောင်း ၎င်းက သတိပေးပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလျက်ရှိသည်။

ရောဂါလက္ခဏာများ

ရာသီဥတုကာလမရွေး ဖြစ်ပွားနိုင်သော ဂျပန်ဦးနှောက်ရောင် ရောဂါမှာ အခြားရောဂါများနှင့်မတူဘဲ ကူးစက်ပြီးပါကလည်း အများစုမှာ ရောဂါလက္ခဏာအလွယ်တကူ ပြသလေ့မရှိကြောင်း ဆရာဝန်များက ပြောဆိုကြသည်။

” ဒီရောဂါပိုး ဝင်နေပေမယ့်လည်း အယောက် ၂၅၀ လောက်မှာဆို တစ်ယောက်လောက်ပဲ ရောဂါလက္ခဏာ ပြတယ်”ဟု ဒုတိယပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က ဆိုသည်။

ရောဂါလက္ခဏာများမှာ ဖျားခြင်း၊အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းများကို စတင်ခံစားရမည်ဖြစ်ပြီး ပုံမှန်အားဖြင့် တစ်ရက်မှ ခြောက်ရက်အထိဖြစ်ပွားလေ့ရှိသည်။

ရောဂါစဖြစ်ချိန် သုံးရက်မှ ငါးရက်အတွင်း အစားအသောက်များမဝင်တော့ဘဲ ပိန်လာခြင်း၊ စိတ်ဂနာ မငြိမ်ဖြစ်ကာ ကယောင်ကတမ်းပြောဆိုခြင်း၊ ကြွက်သားများတောင့်တင်းလာခြင်း၊ ဇက်ခိုင်ခြင်းနှင့် တက်ခြင်း၊သတိလစ်ခြင်းများကို ပါဖြစ်ပွားကာ သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

“ဒီရောဂါဖြစ်ပွားလာပြီဆိုရင်တော့ သုံးယောက်မှာ တစ်ယောက်လောက်ကတော့ သေဆုံးတာများတယ်”ဟု ဒေါက်တာဉာဏ်ဆင့်က ရှင်းပြသည်။

ထို့အတူ ရောဂါဖြစ်ပွားချိန်တွင် ပဋိဇီဝဆေးများသောက်သုံး၍ ပြန်ကောင်းလာသူများရှိသော်လည်း တစ်ဝက်နီးပါး မှာ နောက်ဆက်တွဲရောဂါများကို ခံစားရလေ့ရှိသည်။

“ပြန်ကောင်းလာတဲ့လူတွေ ထဲမှာလည်း တစ်ဝက်လောက်နီးပါးက ခန္ဓာကိုယ် တစ်ခုခု ချို့ယွင်းတာတွေ စကားမပြော နိုင်တာတွေ လမ်းမလျောက်နိုင်တို့တွေ၊အာရုံကြောနဲ့ဆိုင်တာတွေကို နောက်ဆက်တွဲရောဂါ အဖြစ်ခံစားရနိုင်တယ်”ဟု ဒေါက်တာဉာဏ်ဆင့်က ထပ်လောင်းဆိုသည်။

ထို့ကြောင့် ရောဂါလက္ခဏာများကို တွေ့ရှိ၍ ရောဂါဖြစ်နေကြောင်း သံသယရှိပါက ဆေးရုံသို့အမြန်ဆုံးပြသ၍ စစ်ဆေးသင့်ပြီး သွေးဖောက်စစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်ကာ ရောဂါအဓိက ဖြစ်ပွားစေသည့် JE ဗိုင်းရပ်စ်မှာမူ သတ်နိုင်သည့်ဆေးမရှိသေးပေ။

“အမှန်တိုင်းပြောရရင်တော့ ဗိုင်းရစ်ပ် ပိုးကို သတ်တဲ့ဆေးမရှိဘူး။ သူကြောင့် မို့လို့ဖြစ်လာတဲ့ နောက်ဆက်တွဲ ရောဂါတွေကိုအဆင်ပြေနိုင်အောင် ကာကွယ်လို့ ရတယ်”ဟု ဒေါက်တာဉာဏ်ဆင့်က ဆိုလေသည်။

အရေးကြီး ကြိုတင်ကာကွယ်မှု

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားပါက ပျောက်ကင်းစေရန် ကုသရာတွင်မလွယ်ကူသောကြောင့် ကာကွယ်နေထိုင်ခြင်းသာ အကောင်းဆုံးဖြစ်နေသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကို သယ်ဆောင်သော ကျူးလက်စ်ခြင်သည် ရေပုပ်ရေဆိုးများ၊ လယ်ကွင်းများ နှင့် အသုံးမပြုနိုင်သော အိုးခွက်များ၊မြေတွင်း၊မြေချိုင့်များနှင့် အသုံးမပြုသော ရေကန်များတွင် ပေါက်ဖွား နိုင်သည်။

“ခုဖြစ်တဲ့နေရာတွေကလည်း ကျေးလက်တောရွာ လယ်ယာစိုက်ပျိုးရေးအခြေခံတဲ့ နေရာတွေမှာ။ ပြီးတော့ တိရစ္ဆာန်မွေးတဲ့နေရာတွေနဲ့ ဆက်စပ်နေတယ်”ဟု ဒုတိယပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က ရှင်းပြသည်။

ထို့ပြင် ကျူးလက်စ် ခြင်မှာ ကျွဲ၊နွား၊ဝက်၊ငှက်နှင့် လင်းနို့များကို ကိုက်ပါကလည်း ထိုအကောင်များမှ တစ်ဆင့်လူအများသို့ ပြန်လည်ကူးစက်ခံရတတ်သည့်အတွက် တိရစ္ဆာန်များနှင့် သေချာ စနစ်တကျ ခွဲခွဲခြားခြားနေထိုင်သင့်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ညဘက်ခြင်ကိုက်ခံရာမှ ရောဂါ ဖြစ်ပွားနိုင်သည့်အတွက် ညဘက်တွင် ခြင်ကိုက်မခံရရန် အင်္ကျီ
လက်ရှည်၊ဘောင်းဘီရှည်များနှင့် လုံခြုံသော အဝတ်များကို ဝတ်ဆင်သင့်ပြီး အိပ်ရာဝင်ရာတွင်လည်း ဆေးစိမ်ခြင်ထောင်များနှင့် အိပ်သင့်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။

ရောဂါဖြစ်ပွားပါကလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်မည်ဖြစ်ပြီး တိရစ္ဆာန်များတွင် သားလျှောကျခြင်းဖြစ်ပွားပါကလည်း သက်ဆိုင်ရာသို့ အကြောင်းကြားရန် ကျေးရွာများကို အသိပညာပေးနှိုးဆော်လျက်ရှိသည်။

ထို့အတူ စိုးရိမ်သူများအနေဖြင့် ကြိုတင်ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာ ဉာဏ်ဆင့်က အကြံပြုပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနကမူ ပြီးခဲ့သောနှစ်အတွင်း ရောဂါအဖြစ်များသောဒေသများတွင် ရောဂါထပ်မံ မဖြစ်ပွားစေရန် ကာကွယ်ဆေးများကို ထိုးပေးမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ကာကွယ်ဆေးတွေက မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နေရာတို့မှာ စပြီးတော့ ထိုးနေပါတယ်”ဟု ဒုတိယပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က ရှင်းပြသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ပတ်ဝန်းကျင်တွင် သန့်ရှင်းအောင်ပြုလုပ်၍ ခြင်ကိုက်ခံရမှု မရှိစေရန် နေထိုင်ဖို့ အရေးကြီးပြီး ရောဂါလက္ခဏာဖြစ်ပွားသည်ကို သံသယရှိပါကလည်း ဆေးရုံများတွင် အလျင်အမြန် စစ်ဆေးမှုခံယူမှသာ အသက်သေဆုံးခြင်းနှင့် နောက်ဆက်တွဲရောဂါဖြစ်ပွားခြင်းတို့ကို ကာကွယ်နိုင်မည် ဖြစ်သည်။

(ဖော်ပြပါအချက်အလက်များသည် မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မော်လမြိုင်မြို့အခြေစိုက် ဆရာဝန်များကို တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။)

Leave a Reply