သတိပြုသင့်သော အူအတက်ရောင်ခြင်း

 

ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါ အစိတ်အပိုင်းများတွင် မရှိလည်းကောင်း၊ရှိလည်းကောင်းသော အစိတ်အပိုင်းမှာ အူအတက်(appendix) ဖြစ်သည်။

အူအတက်သည် အူမကြီးနှင့်အူသိမ်အဆက်တွင်တည်ရှိသည်။ တစ်လက်မခန့်ရှည်သောအစိတ်အပိုင်းတစ်ခုဖြစ်ကာ ထိုထဲတွင် ပြန်ရည်တစ်ရှူးများဟုခေါ်သော ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကိုထောက်ပံ့သောဆဲလ်များကိုထုတ်ပေးသော (lymphoid tissuse)များတည်ရှိသည်။

ထိုဆဲလ်များသည် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကိုထောက်ပံ့သည်။ ထိုကြောင့်ပင် အူအတက်သည်အရေးကြီးသည့်အစိတ်အပိုင်းဖြစ်သည်။

အခြားတစ်ဖက်တွင် အူအတက်သည် အန္တရာယ်ပေးသောအခြေအနေတွင်ရှိသည်။ အချိန်မရွေးရောင်ရမ်းနိုင်သည်။ ပေါက်ထွက်နိုင်သည်။ ပြည်တည်နိုင်သည်။ ေ

သးငယ်သောအရာများဝင်ခြင်း၊ ဝမ်းဗိုက်အတွင်းတွင်တစ်စုံတစ်ရာဒဏ်ရာရခြင်းများကြောင့်အူအတက်ရောင်ရမ်းခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် အူအတက်ရောင်ခြင်း၏ ဖြစ်စဉ်ကိုဆေးပညာအရယနေ့ထိမရှင်းပြနိုင်ချေ။ သို့သော်အူအတက်ရောင်ခြင်းသည်အရေးပေါ်အခြေအနေဖြစ်သည်။

ထို့ကြောင့်ပင် နိုင်ငံရပ်ခြားတွင်အလုပ်သွားလုပ်ကြသောအလုပ်သမားများ၊ သင်္ဘောသားများ၊ လေယာဉ်မယ်များသည် အလုပ်မသွားခင်တွင် အူအတက်များကိုခွဲထုတ်သွားတတ်ကြသည်။

အူအတက်ရောင်ခြင်းသည် ချက်ချင်းခွဲထုတ်သင့်သောအရေးပေါ်အခြေအနေဖြစ်သည်။ အော့အန်ခြင်း၊ ညာဘက်ထောင့်နားဗိုက်အောင့်ခြင်းနှင့် အဖျားငွေ့ငွေ့လေးရှိခြင်းတို့သည် အူအတက်ရောင်ရမ်းခြင်းကိုသံသယဖြစ်စေသော ရောဂါလက္ခဏာများဖြစ်သည်။

ထိုအချိန်တွင် အာထရာဆောင်း၌အူအတက်ရောင်သည်ကိုပြတတ်သည်။ သွေးထဲတွင် သွေးဖြူဥပမာဏများနေတတ်သည်။ ထိုသို့သောအခြေအနေတွင် သင့်တော်သောပိုးသတ်ဆေးသွင်း၍ အရေးပေါ်ခွဲစိတ်ရန်လိုအပ်သည်။

ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်အရ မူမမှန်တာတစ်ခုခုဖြစ်လျှင် ပြန်လည်ပြုပြင်ရန်လုပ်ဆောင်တတ်သည်။ အူအတက်ရောင်သောအခါတွင်လည်း ခန္ဓာကိုယ်က အူအပေါ်ယံအမြှေးပါးများ(omentum)များဖြင့်ဖုံးကွယ်ဖို့ကြိုးစားတတ်သည်။

ထိုအခါတွင် ထိုနေရာ၌အလုံးကြီးတစ်ခုပမာ ကျပ်ခဲကြီးဖြစ်တတ်သည်၊ ထို့နောက်တွင်ပြည်တည်တတ်သည်။ ထိုပြည်များပေါက်ထွက်သောအခါတွင် ဝမ်းဗိုက်ထဲတွင် ပြည်များဖြင့်ပြည့်နေတတ်သည်၊ ထိုမှတစ်ဆင့်သွေးထဲတွင် ပြည်များပျံ့နှံ့၍သွေးဆိပ်တက်ကာ ရှော့ခ်ရခြင်း၊ အသက်ဆုံးရှုံးခြင်းဖြစ်တတ်သည်။

ထို့ကြောင့်အူအတက်ရောင်ခြင်းသည် သာမန်အခြေအနေမဟုတ်ချေ။ တချို့အူအတက်ရောင်ခြင်းသည် သင့်တော်သောပိုးသတ်ဆေးကြောင့် အရောင်ကျတတ်သည်။

ထိုအခြေအနေတွင် လူနာများသည် ခွဲစိတ်ခြင်းကိုငြင်းဆိုတတ်ကြသည်။ သို့သော်အခန့်မသင့်လျှင်အချိန်မရွေးပေါက်ထွက်နိုင်သောအခြေအနေတွင်ရှိနေသည်။ ထို့ကြောင့် အူအတက်ရောင်လျှင်ချက်ချင်းခွဲသင့်သည်ဟုအကြံပြုပါရစေ။

အူအတက် သည်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်တွင်အရေးပါသောအင်္ဂါဖြစ်သည်။ သို့သော်အခန့်မသင့်လျှင်အချိန်မရွေးအန္တရာယ်ပေးနိုင်သော အင်္ဂါတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် မိတ်ဆွေများအနေဖြင့် အူအတက်ရောင်ခြင်း၏ရောဂါလက္ခဏာများကိုအစဉ်သတိပြု၍ အူအတက်ရောင်ခြင်းကို သံသယရှိနေရန်လိုအပ်သည်။

ထို့ပြင်အူအတက်ရောင်လျှင်လည်း ကျွမ်းကျင်သောဆရာဝန်များနှင့်ပြသတိုင်ပင်၍အမြန်ဆုံး၊ အထိရောက်ဆုံး အကောင်းဆုံးကုသနည်းကိုရရှိနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

အနာကင်း၍ ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ

ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.