ထားဝယ် ဖေဖေါ်ဝါရီ

တနင်္သာရီတိုင်းဒေသကြီးအတွင်း သတ္တုလုပ်ကွက်အသစ် တူးဖော်လုပ်ကိုင်ခွင့် ရရှိရန် တင်ပြလျှောက်ထားမှုမှာ ဖေဖေါ်ဝါရီ ပထမသီတင်းပတ်အထိ ၁၃၁ ခု ရှိခဲ့ကြောင်း လုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့(တိုင်းဒေသကြီး)ထံမှ သိရသည်။

ယင်း အဖွဲ့ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က “မြေ အခြားနည်း သုံးစွဲခွင့် လျှောက်နေတုန်းပဲ။ လုပ်ကွက် ချပေးထားတာ မရှိသေးဘူး”ဟု ပြောသည်။

ပြည်ထောင်စုထံ လျှောက်ထားသည့် သတ္တုလုပ်ကွက် ၂၈ကွက်၊ တိုင်းဒေသကြီးထံ ၈၄ ကွက်၊ ပြည်ထောင်စု၏ သဘောထားမှတ်ချက် တောင်းခံရန် ကြားဧရိယာလုပ်ကွက် ၁၉ကွက် ၊ စုစုပေါင်း ၁၃၁ကွက် လျှောက်ထားလာခြင်းဖြစ်ကြောင်း ၎င်းက ဆို၏။

စမ်းသပ်တိုင်းတာရန်နှင့် အသေးစား၊ အလတ်စား သတ္တုလုပ်ကွက်များ လုပ်ကိုင်ရန် ပြည်ထောင်စုတွင် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် လုပ်ငန်းရှင်၂၄ဦးက လုပ်ကွက်၂၈ကွက်၊ တိုင်းဒေသကြီးအဆင့်တွင် ၅၆ဦးတို့က သတ္တုလုပ်ကွက် ၈၄ကွက် လျှောက်ထားကြောင်း၊ ကြားဧရိယာအနေဖြင့် လုပ်ငန်းရှင် ၁၆ဦးက လုပ်ကွက် ၁၉ ခု လျှောက်ထားကြောင်း သိရသည်။

သတ္တုလုပ်ကွက် လုပ်ကိုင်ရန် တိုင်းဒေသကြီးအဆင့်တွင် မြေဧက ၅၀ ကို ခွင့်ပြုပေးပြီး ယင်းအထက် အကျယ်အဝန်းကိုမူ ပြည်ထောင်စုအဆင့်က ခွင့်ပြုပေးသည်။

ပြည်ထောင်စုမှ စီမံခွင့်ရှိသည့် မြေဧရိယာ၊ သတ္တုတူးဖော်လုပ်ကိုင်ရန် အသေးစားလည်းမဟုတ် အကြီးစားလည်း မဟုတ်သည့် လုပ်ကွက်အတွက် လျှောက်ထားလာလျှင် ယင်းကို ကြားဧရိယာအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုထံ သဘောထားမှတ်ချက် တောင်းခံရကြောင်း သိရသည်။

ယခုအချိန်တွင် ခဲမဖြူ၊ အဖြိုက်နက် တူးဖော်ထုတ်လုပ်ရန် အဓိကထား လျှောက်ထားလျက်ရှိရာ ပုလောမြို့နယ်မှာ အများဆုံးဟု သိရသည်။

သတ္တုတူးဖော်ခြင်းကြောင့် ချောင်းမြောင်းများ၊ ဥယျာဉ်ခြံများ ထိခိုက်သည်ကို ထိရောက်စွာ အရေးမယူသေးဘဲ ၊ တနည်းအားဖြင့် ပြဿနာဟောင်းကို မဖြေရှင်းနိုင်သေးဘဲ လုပ်ကွက် အသစ် ချထားပေးမည်ကို စဉ်းစားသင့်ကြောင်း သတ္တု တူးဖော်ခြင်းကြောင့် ဒေသခံများအပေါ် ထိခိုက်မှုကို အကူအညီပေးနေသော ဒေသတွင်း အခြေစိုက် တာကပေါလူငယ်အဖွဲ့ အကြံပေး နော်ပီသလောက မှတ်ချက်ပြုသည်။

“လက်ရှိသတ္တု တူးဖော်နေတာကို နိုင်နိုင်နင်းနင်း မဖြေရှင်းနိုင်သေးလို့ စိုးရိမ်မှု ဖြစ်နေတယ်”ဟု နော်ပီသလောက ဆို၏။

တိုင်းအတွင်းတွင် ကျောက်မီးသွေး၊ ထုံးကျောက်၊ ဖန်ချက်သဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ဂေါဒန်၊ သလင်း စသည့် သတ္တုများ တူးဖော်ထုတ်လုပ်ရန် အကြီးစားလုပ်ကွက် ၁၉ခု၊ အသေးစား ၃၄ခု ပြည်ထောင်စုအဆင့်က ခွင့်ပြုထားကြောင်း သိရသည်။

တင့်လွင်

Leave a Reply