Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် တည်ဆောက်သော လုပ်ငန်း အချို့သည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် နေ့စဉ် ဒဏ်ငွေကောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ဟင်္သာမီဒီယာသို့ ဇွန် ၂၈ ရက်တွင် ပြောဆိုသည်။

ထို့သို့ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းများကို စာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ နေ့ဒဏ်ကြေးပေးဆောင်ရသော စနစ်အတိုင်း လုပ်ဆောင်သွားရန် ညွှန့်ကြားထားပြီ ဖြစ်သည်ဟု ၎င်းက ပြောသည်။

“လုပ်ငန်းမပြီးစီးရင် တစ်ရက်ကို စာချုပ်မှာပါတဲ့အတိုင်း ဥပမာ ငွေကျပ် သုံးသောင်း ဆိုရင် သုံးသောင်းကို နေ့တိုင်း ဒဏ်သတ်မှတ်ပြီးတော့ မပြီးမချင်းထိ လုပ်ဆောင်ရမှာပေါ့”ဟု ဦးဝဏ္ဏကျော်က ဆိုသည်။

သတ်မှတ်ကာလအတွင်း မပြီးစီးသော လုပ်ငန်းများတွင် ကြာအင်းအိမ်ယာ တည်ဆောက်မှု၊ ဒိုင်းဝန်ကွင်းဈေး တည်ဆောက်မှုနှင့် သံလွင်ဈေးတည်ဆောက်မှုလုပ်ငန်း သုံးခုသာ ကျန်ရှိနေသည်။

ကြာအင်းအိမ်ယာနှင့် ဒိုင်းဝန်ကွင်းဈေး တည်ဆောက်မှုလုပ်ငန်းများမှာ ၇၅ရာခိုင်နှုန်း ပြီးစီးနေပြီး ကျောက်မီးသွေးရုံလမ်းရှိ သံလွင်ဈေး တည်ဆောက်မှုမှာ လည်း ၉၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးဖြစ်ကြောင်း စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ရှင်းပြပြောဆိုသည်။

“ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့ ဒဏ်ကြေးစနစ်နဲ့ ပြီးအောင်ဆောက်ရမှာပေါ့ ဒါကလည်း ကိုယ့်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လုပ်ရတာဖြစ်တယ် ဒါကို မပြီးလို့ ပြန်အပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ပြည်နယ်က ဖွံ့ဖြိုးရေးမလုပ်တတ်ဘူးဆိုပြီး ကိုယ့်ပြည်နယ်ပဲ နစ်နာသွားမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။

Written by သက်ပိုင်

Leave a Reply