မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ် မော်လမြိုင်မှ ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်သို့ ပြေးဆွဲလျက်ရှိသည့် ရေယာဉ်များ၊ စက်လှေ၊ပဲ့ချိတ်နှင့် သမ္ဗန်များ က သတ်မှတ်ချက်ထက်ဝန်ပိုတင်ဆောင်ပါကဥပဒေအရအရေးယူမည်ဖြစ်ကြောင်းမွန်ပြည်နယ်ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးစိုးလွင်ကဟင်္သာမီဒီယာသို့ပြောကြားခဲ့သည်။

boat

အောက်တိုဘာလ ၂၇ရက်နေ့က မွန်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင်ပြုလုပ်သည့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍဘေးကင်းလုံခြုံမှုပိုမိုရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားအပြီးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဝန်ပိုတင်တာ၊ အသက်ကယ်အင်္ကျီမပါတာတွေ့ရင် ပထမဆုံးပညာပေးပြီးသတိပေးလိုက်မယ်၊ သတိပေးပြီး နောက်ပိုင်း သတ်မှတ်ထားတာထက်ပိုတင်တာထပ်တွေ့ရင် ရေကြောင်းဥပဒေအရအရေးယူသွားမယ်” ဟုဦးစိုးလွင်ကဆိုသည်။

ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်းဖောက်ဖျက်သည်ကိုတွေ့ရှိပါကရေကြောင်းဥပဒေပုဒ်မ ၃ဝနှင့်ငြိစွန်းသည့်အတွက် ထောင်ဒဏ် ၂နှစ်နှင့် ဒဏ်ငွေ ၂၅သိန်းထိအရေးယူခွင့်ရှိကြောင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အောက်တိုဘာ ၁၅ရက်နေ့က ဖြစ်ပွားခဲ့သည့် ချင်းတွင်းမြစ်အတွင်းအောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် အလားတူဖြစ်ရပ်မျိုးမဖြစ်ပွားရန် ရေယာဉ်များကိုအစဉ်အမြဲစစ်ဆေးနေပြီးသတိပေးထားကြောင်းဦးစိုးလွင်ကပြောသည်။

“ ရေကြောင်းဦးစီးကနေစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီးတော့ သတ်မှတ်ထားတဲ့အတိုင်းဆောင်ရွက်ခြင်းရှိမရှိစစ်ဆေးနေတယ်၊ မွန်ပြည်နယ်မှာတော့ စည်းကမ်းဖောက်ဖျက်တာနည်းပါတယ်” ဟုဦးစိုးလွင်ကဆိုသည်။

မွန်ပြည်နယ်ရှိခရီးသွားလုပ်ငန်းအချို့မှာ နိုင်ငံခြားသားများကိုဘုတ်လှေများနှင့် မတန်မဆတင်ဆောင်ခြင်းများရှိသဖြင့် အသက်အန္တရာယ်ထိခိုက်မည်ကိုစိုးရိမ်ရသည့်အပေါ်အရေးယူရန်လိုအပ်ကြောင်းခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် ဦးသန့်စင်ကပြောသည်။

မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ သင်္ဘောကြီးများဖြင့်ပြေးဆွဲနေသည့် ရေယာဉ်ဆိပ်ကမ်း(၂)ခုရှိပြီးအစိုးရဌာနပိုင် ရေယာဉ်(၂)စီး၊ ပုဂ္ဂလိကပိုင်ရေယာဉ်(၁၁)စီးအပြင် ပဲ့ချိတ်ငယ်များဖြင့် နေ့စဉ်ပုံမှန် ခရီးသည်(၂၀ဝ၀)ဝန်းကျင်တင်ဆောင်ပြေးဆွဲလျက်ရှိသည်။
ထို့ပြင် စက်တပ်သမ္ဗန်(ပဲ့ချိတ်)များဖြင့်ပြေးဆွဲနေသည့် ဆိပ်ကမ်း (၃)ခုရှိသည်။

Leave a Reply