Advertisements

မော်လမြိုင်၊ မတ်

ကျောက်ကပ်ရောဂါဝေဒနာရှင်များအနေဖြင့် မွန်ပြည်နယ်၊ သထုံခရိုင်ဆေးရုံကြီးတွင် ကျောက်ကပ်ကို အခမဲ့ ဆေးနိုင်တော့မည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ပြောသည်။

သထုံခရိုင်အပါအဝင် ဒေသမရွေးမှ ကျောက်ကပ်ဝေဒနာရှင်များ အဆင်ပြေစွာ ဆေးကုသနိုင်ရေးအတွက် သထုံမြို့ခံအလှူရှင်တစ်ဦးက ကျပ် ၅၈၇သိန်းခန့်တန်ဖိုးရှိ ကျောက်ကပ်ဆေးစက်နှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်းများကို ဇန်နဝါရီ ၂၅ ရက်နေ့က အဆိုပါဆေးရုံတွင် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

“ကျောက်ကပ်ဝေဒနာရှင်တွေဟာ ရောဂါအလိုက် တစ်ပတ်တစ်ခါ၊ တချို့ဆို ၃ ရက်တစ်ခါ ကျောက်ကပ် ဆေးရတယ်လို့ ကြားရတယ်။ ကိုယ့်ဒေသမှာ စက်မရှိတော့ အဝေးက စက်ရှိတဲ့နေရာကို သွားရတော့ ငွေကြေး တတ်နိုင်တဲ့သူတွေက ဘာမှမဖြစ်ဘူး၊ ငွေကြေးချို့တဲ့သူတွေ အရမ်းအခက်အခဲဖြစ်တယ်။ အချိန်မကုန်ရအောင် ကုသနိုင်ဖို့အတွက် ရည်ရွယ်ပြီးလှူဒါန်းခဲ့ခြင်းဖြစ်တယ်” ဟု အလှူရှင်ဖြစ်သည့်သထုံမြို့သူ ဟာဂျီမ ဒေါ်တိုးကြည်က ဆိုသည်။

ကျောက်ကပ်ဆေးခြင်းကိုတစ်ကြိမ် လုပ်ဆောင်ပါကလေးနာရီခန့် ကြာမြင့်သဖြင့် စက်နှစ်လုံးဖြင့် တစ်ရက်လျှင်လူနာ ၄ ဦး ခန့်အား လက်ခံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာ သင်းသင်းအိက ပြောသည်။

ယခုအချိန်တွင် အလှူရှင်လှူဒါန်းထားသော လူနာ ၂၀ဦးစာ ဆေးပစ္စည်းများဖြင့်အခမဲ့ ကုသပေးသွားမည်ဖြစ်ပြီး ကုန်ဆုံးသွားပါက ဆေးရုံကြီးမှ အခမဲ့ရရှိနိုင်သော ဆေးပစ္စည်းများဖြင့်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဆေးပစ္စည်းအနည်းငယ်သာ လူနာရှင်များကအကုန်ကျခံဝယ်ယူရမည်ဖြစ်သည့်အတွက် ငွေကြေးချို့တဲ့လူနာရှင်များအဖို့ အကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပေးသည်။

မော်လမြိုင်မြို့ခံကျောက်ကပ် ေဝဒနာရှင်တစ်ဦး“အခုလိုမျိုးကြားရတော့ အရမ်းဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ထိ မသွားရတော့ဘူး၊ လူလည်း မပင်ပန်းဘူး၊ ဒီလိုမျိုးလှူတဲ့ အလှူရှင်ကိုကျေးဇူးတင်တယ်။ ကျောက်ကပ်တစ်ခေါက်ဆေးရင် ပိုက်ဆံ အများကြီး ကုန်တယ်” ဟုဆိုသည်။

ခင်နန်းဌေး

Advertisements
<

Leave a Reply