Advertisements

မော်လမြိုင် ဇန်နဝါရီ

ခရိုင်ရုံးစိုက်ရာ သထုံမြို့တွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီသည့် အားကစားရုံ မရှိသည့်အတွက် မိုးလုံလေလုံအားကစားရုံ အသစ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြောကြားသည်။

အဆောက်အဦးအမျိုးအစားမှာ (A)အဆင့်၊ အကျယ်အဝန်းမှာ အလျား ပေ ၁၂၀ × အနံ ပေ၉၀ ရှိမည်ဟု ဒုတိယဝန်ကြီးက ဆို၏။ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ စာရင်းတွင် တင်ပြ၍ ခွင့်ပြုချက် ရရှိပါက ယင်းကို ဆောင်ရွက်မည်ဟုလည်း ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ၎င်းက ယင်းသို့ပြောသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်က သထုံမြို့နယ်တွင် အလွန်ဟောင်းနွမ်းနေပြီဖြစ်သော သုဝဏ္ဏမိုးလုံလေလုံအားကစား အဆောက်အအုံကြီးကို အကြီးစား ပြန်လည်မွမ်းမံပြင်ဆင်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းခဲ့သည်။

အဆိုပါမေးခွန်းကို ဒေါက်တာ မြလေးစိန်က သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ အလျား ပေ ၁၀၀× အနံ ၈၄ ပေ× အမြင့် ၃၂ပေ ရှိပြီး နှစ်ပေါင်း သုံးဆယ်ခန့်ကြာမြင့်ပြီဖြစ်၍ အဆောက်အဦမှာ ခိုင်ခန့်မှု အားနည်းလျက်ရှိကာ သတ်မှတ်စံချိန်စံ ညွှန်းရှိသည့် (A) အဆင့်အားကစားရုံ မဟုတ်သဖြင့် အကြီးစားပြင် ဆင်မှု လုပ်ငန်းများဖြစ်သည့် လျှာထိုး ကြမ်းခင်းခြင်းနှင့် ပွဲကြည့်စင် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက လုံလောက်သောအကျယ်အဝန်း မရှိခြင်းတို့ကြောင့် အကြီးစားပြင်ဆင်မှုများကို မပြုလုပ်သင့်ပါကြောင်း သုံးသပ်ဆွေးနွေးခဲ့သည်။

သို့ဖြစ်၍ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ စာရင်းတွင် တင်ပြ၍ ခွင့်ပြုချက် ရရှိပါက မိုးလုံလေလုံအားကစားရုံ အသစ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဓာတ်ပုံ – အမျိုးသားလွှတ်တော်

လျှမ်းထက်

Advertisements
<

Leave a Reply