သထုံ၊ အောက်တိုဘာ ၃ ရက်။

မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက် ကျွန်းတောကွေ့တွင် အောက်တိုဘာ၂ရက်၊ ညနေပိုင်းက ကျောက်သယ်ယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိခဲ့ရာ  (၁)ဦးသေဆုံးပြီး  (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သထုံမြို့ မရဲစခန်းမှ သိရှိရသည်။

“ကျောက်သယ်တဲ့ကားက လမ်းပေါ်ကနေကျောက်ကွင်းထဲကိုဝင်ဖို့ ရုတ်တရက်လမ်းကိုချိုးကွေ့တဲ့ အချိန်မှာ သူ့ရဲ့ဘယ်ဘက်ကနေ မောင်းလာတဲ့ ဆိုင်ကယ်ကိုဝင်တိုက်မိတာ။ အဲဒီမှာ ဆိုင်ကယ်ကမှောက်သွားပြီး ဆိုင်ကယ်ပေါ်ပါလာတဲ့ အမျိုးသမီးကို ကားနဲ့ကြိတ်မိတာ သေသွားတယ်။”ဟု သထုံမြို့ မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

သထုံဘက်မှ ဘားအံဘက်သို့ ရန်ကုန်တိုင်းဒေသကြီးနေသူ ယာဉ်မောင်းမြင့်ဆွေ(၄၆)နှစ် မောင်းနှင်လာသော Chenglong အပြာရောင်(၆)ဘီးယာဉ်သည် ကျောက်သယ်ရန်ကျောက်ကွင်းထဲသို့ ချိုးကွေ့စဉ် သနပ္ပင်မြို့နယ်နေ အောင်ဇော်ဦး(၂၈)နှစ်မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မခင်ယုမေ(၂၄)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မခင်ယုမေတွင်ယာဘက်ခါးကြေမွ၊ ဝမ်းဗိုက်ပွန်းဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး အောင်ဇော်ဦးတွင် ပုခုံးပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ကျောက်သယ်ကား ယာဉ်မောင်းမြင့်ဆွေအား သထုံမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၅၄/ ၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by – MMK

 

Leave a Reply