မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရှမ်းစုအလယ်တန်းလမ်းနှင့် နန်းတော်ဦးလမ်းထောင့်ရှိ ဒေါ်ကြည် ရော်ဘာရောင်းဝယ်ရေး နေအိမ်ဂိုဒေါင်အတွင်းရှိ ရာဘာပြားများပေါ်ရှိ ဝါတာကိုလာနှင့် ဆက်သွယ် ထားရှိသော (110) W မိန်းထုတ် အပူလွန်ကဲရာမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၃ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ်သုံးလုံး ဆုံးရှုံးခဲ့ရကြောင်း သထုံခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျင်ထွန်းက ပြောကြားသည်။

“ဝါတာကိုလာနဲ့ ဆက်သွယ်ထားတဲ့ မိန်းထုတ်ကို ရာဘာပြား အထုပ်ပေါ်တင်ပြီး သုံးနေတာပေါ့ အချိန်ကြာတဲ့ အခါကျတော့ အပူလွန်ကဲပြီး မီးလောင်တာပေါ့၊ လူနေရပ်ကွက်ထဲမှာ ရာဘာဒိုင်ဖွင့်ထားတဲ့ အိမ်ဖြစ်တဲ့အတွက် မီးလောင်တဲ့ အခါကျတော့ လောင်စာအားကောင်းတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းမီးလောင်မှုကို သထုံခရိုင်အတွင်းရှိ မီးသတ်ယာဉ် ၁၃ စီး၊ ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြိမ်းသက်ခဲ့ရာမှ နံနက် ၅ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုအဆင့် (level 3) အဆင့် သတ်မှတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒေါ်ကြည်အိမ်နှင့် ၎င်း၏ ညာဘက်ရှိ ဦးဉာဏ်ထွန်း၏ နေအိမ်၊ ဘယ်ဘက်ရှိ ဒေါ်နွယ်နွယ်စိုးတို့၏ နေအိမ်များ မီးလောင်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

နေအိမ်များ မီးလောင်ခဲ့ခြင်းနှင့်ပတ်သက်၍ မီးစတင်လောင်ခဲ့သည့် နေအိမ်မှ ကိုရာဇာထွန်း (၂၂ နှစ်) ကို သထုံမြို့မရဲစခန်းတွင် (ပ) ၂၇၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ထားပြီး စစ်ဆေးလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

Written by – ဟိန်းထက်

Leave a Reply