သထုံ၊ အောက်တိုဘာ ၂၄ ရက်။

မွန်ပြည်နယ်၊ သထုံမြို့ ဗူးဘုရားစေတီတော်တွင် တည်ထားသော နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်မြတ်များအား သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအသီးသီးမှ ဒေသခံများက အသင်းအဖွဲ့များဖြင့် ပင့်ဆောင် ပူဇော်ခံလျက်ရှိကြောင်း သိရှိရသည်။

နှစ်စဉ်ကျင်းပမြဲ မြို့လုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လှည်ပူဇော်ပွဲပြုလုပ်နိုင်ရန် ကျေးရွာရပ်ကွက်အလိုက် လက်ခံပူဇော်နိုင်စေရန် ဂေါပကအဖွဲ့မှ စီမံပေးလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“နှစ်စဉ်လိုလို အဖွဲ့(၅၀)ကျော်လောက်က ဘုရားလာပင့်ကြတာ။ ဒါကလည်း မြို့နယ်အတွင်းရှိ လူမှု ရေးအဖွဲ့တွေကနေ ရိုးရာတစ်ခုလို့ပြုလုပ်နေတဲ့ ပွဲတော်လေးတစ်ခုပါ။ တစ်နှစ်မှာတစ်ကြိမ် မြို့နယ်လုံး ကျွတ်ပူဇော်နိုင်ဖို့ လာပင့်တာပါ။ ဘုရားတွေ လာပင့်တဲ့နေရာမှာ စနစ်ကျဖို့စီစဉ်ဆောင်ရွက်ပေးတယ်။ ကောင်းတဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့အတွက် အားပေးလုပ်ဆောင်သွားမှာပါ။”ဟု ဗူးဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဒုတိယ ဥက္ကဌ ဦးစိုးမြင့်ကပြောသည်။

ဘုရားပင့်ရာတွင် သရုပ်ပျက်မှုများမဖြစ်ပေါ်စေရန် ဆရာတော်ကြီးများ၏ လမ်းညွှန်ချက်နှင့်အတူ ဘုရားပင့်ရန် လမ်းတစ်လျှောက် သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်းမပြုရန် မေတ္တာရပ်ခံထားကြောင်း ဒုတိယဥက္ကဌ ဦးစိုးမြင့်က ဆက်ပြောသည်။

သထုံမြို့တွင် နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်မြတ်များအား အဖွဲ့အားလုံးမှ စုပေါင်းကာ တန်တောင်းမုန်းလ ဆန်း ၁၂ ရက်နှင့် ၁၃ ရက်များတွင် အဖွဲ့များအားလုံးစုပေါင်းကာ မြို့အနှံ့လှည့်လည်အပူဇော်ခံကြကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းက နှစ်စဉ်ပူဇော်တာပါ။ ဒီနှစ်ဆို (၂၇)နှစ်မြောက်ပြီး ရုပ်ပွားတော်တွေကို (၅) ရက် အပူဇော်ခံပြီး ညစဉ်လည်းတရားပွဲတွေ ကျင်းပပေးသွားမှာပါ။ စတုသီတာကျွေးမွေးမှု အစီစဉ်တွေလည်း ထည့်ပေးသွားမှာပါ။ အဓိကတော့ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူသွားတဲ့ ဘုရားတွေကို ရည်မှန်းပြီး ပူဇော်တဲ့ ပွဲလေးပါ။”ဟု လိပ်အင်းရပ်ကွက် စက်ပိုင်းသာရေးနာရေးအသင်း ဥက္ကဌ ဦးမောင်ကံက ပြောသည်။

သထုံမြို့တွင် နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်မြတ်များကို နှစ်စဉ်မြို့လုံးကျွတ်စည်ကားစွာ ပူဇော်ကြပြီး ယခုနှစ် (၄၃)ကြိမ်မြောက် လှည့်လည်ပူဇော်ပွဲပြုလုပ်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအလိုက်ဘုရားများအား တန်ဆောင်မုန်းလဆန်း ၁ ရက်မှ လပြည်ကျော် ၁ ရက်အထိ မဏ္ဍပ်ပေါင်း(၁၀၀)ကျော်တွင် အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply