Advertisements

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ် သထုံဒေသထွက် ကွမ်းရွက်များကို ဝယ်ယူမှု နည်းပါးလာသောကြောင့် ယခင်နှစ် ကာလတူ ဈေးနှုန်းအောက် လေးဆခန့် ကျဆင်းသွားကြောင်း နယ်မြေခံ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

“ဒီနှစ်မှာ တရုတ်ကလည်း ဝယ်ယူတာ ရပ်ထားတယ်၊ နောက်ပြီး လွိုင်ကော်တို့ဘက်ကလည်း မှာတာ မရှိသေးဘူး၊ သူတို့က မုံရွာ ကွမ်းတွေကို အခု ဝယ်နေတယ်၊ ဒီဘက်က ကွမ်းတွေကို မဝယ်တော့ဘူး၊ အဲဒီတော့ ဈေးက အရမ်းကို ပြုတ်ကျသွားတာပေါ့”ဟု သထုံမြို့နယ် နောင်ဘိုကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးကျော်ငြိမ်းက ပြောသည်။

Advertisements
data-language="en"

ယခင်နှစ် ကာလတူအချိန်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ကျပ် ၈,ဝဝဝ မှ ကျပ် ၁ဝ,ဝဝဝ အထိ ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁,၈ဝဝ သာ ရောင်းချနေရကြောင်း၊ လက်ရှိ ကွမ်းဈေးနှုန်း အဆမတန်ကျဆင်းနေသောကြောင့် တောင်သူများအနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရပြီး အရှုံးပေါ်နေသောကြောင့် ကွမ်းဈေး တစ်ဖန် ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ထပ်မံပြောသည်။

ပြည်တွင်း ပြည်ပ ဝယ်လိုအား ကျဆင်းနေသည့်အပြင် ကွမ်းရွက်၏ အရွယ်အစားမတူညီသောကြောင့် ဒိုင်များမှ ဝယ်ယူရာတွင် ဈေးနှုန်း ကွာခြားမှုများရှိနေကြောင်း ကွမ်းစိုက်တောင်သူ ဒေါ်မငယ်က ပြောသည်။

“သူတို့က အရွက်ကြီးရင်လည်း မယူဘူး၊ အရွက်သေးရင်လည်း မယူဘူး၊ အရွက်တွေက ဆိုက်ညီနေမှ ယူတာ၊ ရွေးတာပေါ့၊ အရွက်ကြီးယူတဲ့သူက ဈေးတစ်မျိုး ၊အသေးယူတဲ့သူက ဈေးတစ်မျိုး၊ အဲလိုတော့ ဈေးက ကွာတာပေါ့”ဟု ၎င်းက ပြောသည်။

ယခင်နှစ်ကလည်း မိုးကြီးသောကြောင့် ကွမ်းခြံများ ပျက်စီးခဲ့ရပြီး ကွမ်းအရည်အသွေးမမီသောကြောင့် ဈေးနှုန်းကျဆင်းခဲ့ရသည်။

သထုံဒေသမှ ထွက်ရှိသောကွမ်းရွက်များကို မော်လမြိုင်၊ ကရင်ပြည်နယ်၊ တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်မြို့များသို့ တင်ပို့နေပြီး ပြည်ပနိုင်ငံအနေဖြင့် တရုတ်သို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply